ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် သံဃာနှင့်ပြည်သူ ၂၀၀ ကျော်ပါဝင်သည့် ဆန္ဒပြပွဲ တခု ယမန်နေ့က ဖြစ်ပွားသည်။
ဆန္ဒပြတောင်းဆိုသူများက ဒေသတွင်းရှိ တိုင်းရင်းသားများ သဘောထား ဆန္ဒမပါဘဲ ဒေသအရေးကို မဆုံးဖြတ်ရန်နှင့် တရား မဝင်နေထိုင်သူများကို ဥပဒေကြောင်းအရ အမြန်ဆုံး အရေးယူပေးရန် တို့ကို အဓိက တောင်းဆိုကြကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူ သံဃာတော် တပါးက ပြောပြသည်။
“အဓိက တောင်းဆိုတာကတော့ နိုင်ငံသားလား၊ တရားမဝင်လား ဆိုတာကို ဥပဒေနဲ့အညီ သေသေချာချာနဲ့ မြန်မြန် စစ်ဆေး ထုတ်ဖော်ဖို့၊ နောက်ပြီးတော့ ဒေသတွင်း ပြဿနာတွေကို ဒေသခံတွေရဲ့ သဘောထားတွေကို အဓိက ထားဖို့လိုတယ်”ဟု ၎င်းက ပြောသည်။
နေ့လယ် ၂ နာရီမှစတင်ပြီး ၁ နာကျော်ကြာ မြို့တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့် ယင်းဆန္ဒပြပွဲကို ရသေ့တောင်ရှိ စည်း ကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အဖွဲ့က ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး တရားဝင် ဆန္ဒပြခွင့် မရကြောင်း၊ သို့သော် ယခုချိန်အထိ ဖမ်းဆီး စစ်ဆေးမှုများ မရှိသေးကြောင်း သိရသည်။
“ဒီလ ၈ ရက်နေ့မှာ ဆန္ဒပြခွင့်ကို ၇ ရက်နေ့က သက်ဆိုင်ရာကိုတင်တော့ ၁၀ ရက်နေ့ကျမှ ပြပါလို့ ခွင့်ပြုတယ်။ နောက် ၉ ရက်နေ့ညကျမှ ၁၀ ရက်နေ့ကိုလည်း ခွင့်မပြုဘူးလို့ ပြောလာတော့ စီစဉ်ပြီးသားဖြစ်နေလို့ စီစဉ်ထားတဲ့အတိုင်းပဲ လုပ်လိုက်တာ”ဟု ဆန္ဒပြ ပွဲ ဦးဆောင်သည့် သံဃာတော်က ပြောသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က စစ်တွေ၊ မြောက်ဦးနှင့် ကျောက်တော်မြို့များတွင် ပြုလုပ်သော ဆန္ဒပြပွဲ ဦးဆောင်သူများဖြစ်သည့် စစ်တွေမြို့မှ ဒေါ်ညိုအေးနှင့် ဦးကျော်စောဦး၊ ကျောက်တော်မြို့မှ ဦးမောင်သိန်းလှိုင် ၊ ဒေါ်လှမေ နှင့် ဒေါ်တင်တင် တို့အား ဆန္ဒထုတ်ဖော်ခွင့် ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။
မတ် ၇ ရက်က စစ်တွေမြို့ရှိ သံဃာတော်များနှင့် ပြည်သူများက ဒေသခံ တိုင်းရင်းသားများ၏ သဘောထားမပါဘဲ ဒေသ အရေးကို မဆုံးဖြတ်ရန်၊ နိုင်ငံသား မဟုတ်သူများကို နိုင်ငံသား အခွင့် အရေး မပေးရန်၊ ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေကို အမြန်ဆုံး အကောင် အထည် ဖော်ပေးရန်၊ တရားမဝင်နေထိုင်သူများအား ဥပဒေကြောင်း အရ အမြန်ဆုံး အရေးယူပေးရန်၊ ဒေသခံ တိုင်းရင်း သား များ၏ ဆန္ဒကို လေးစားရန်၊ နိုင်ငံသား မဟုတ်သူများ အရေး ကိုင်တွယ်မှု၌ ပွင့်လင်းမြင်သာမှု ရှိစေရန်နှင့် မြောက်ဦးမြို့တွင် ၁၉၈၂ ဥပဒေ အကောင်အထည် မဖော်နိုင်သေးသရွေ့ နိုင်ငံသား မဟုတ်သူများအား ကယ်ဆယ်ရေး စခန်းများတွင်ထားရန် စသည့် အချက် များကို စစ်တွေမြို့တွင်း စီတန်းလှည့်လည်၍ တောင်းဆို ဆန္ဒပြခဲ့ကြသည်။
ယင်း ဆန္ဒပြပွဲ လုပ်ဆောင်ရန်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များသို့ တင်ပြ တောင်းဆိုခဲ့ကြောင်း၊ သို့သော် ခွင့်ပြုချက် မပေး သည့်အတွက် မူလစီစဉ်ထားသည့် အတိုင်း ဆန္ဒပြကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူများက ပြောပြကြသည်။
ထိုသို့ ဆန္ဒပြမှုများနှင့် ပတ်သက်ပြီး ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရသေ့တောင်မြို့နယ် အမတ် ဦးလှမောင်သိန်း က ရခိုင်ဒေသတွင်း တကျော့ပြန် အဓိကရုဏ်းများ ပြန်လည် ဖြစ်ပွားမည်ကို စိုးရိမ်၍ ပြုလုပ်ကြခြင်း ဖြစ်သည်ဟု ပြောသည်။
“ရခိုင်တွေက တကျော့ပြန် အဓိဂရုဏ်တွေ ဖြစ်လာမှာကို စိုးရိမ်နေကြတဲ့ အတွက် သမ္မတ ချမှတ်ထားတဲ့ ၁၉၈၂ ခု ဥပဒေနဲ့ အကောင်အထည် ဖော်ဖို့ ကြေညာထားတာကို အမြန်ဆုံး အကောင်အထည် ဖော်ပေးစေလိုကြတဲ့ အတွက် ဖြစ်ပါတယ်”ဟု ပြော ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် ဇွန် ၊ ဇူလိုင် နှင့် အောက်တိုဘာ လများတွင် ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များ အကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ရာ လူ ပေါင်း ထောင်ချီ၍ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ပြီး အသေအပျောက်များလည်း ရှိခဲ့သည်။