သတင်း

ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ လဂျားယန်တွင် ပိတ်မိနေ

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းရေးအတွက် မုံရွာ – မြင်းခြံမှ ကချင်ပြည်နယ်အထိ လမ်းလျှောက်သူများသည် အစိုးရစစ်တပ် တားမြစ်မူကြောင့် လိုင်ဇာသို့ မဝင်နိုင်သေးဘဲ လဂျားယန်တွင် စောင့်ဆိုင်းနေရသည်မှာ ၃ ရက်ကြာမြင့်ပြီ ဖြစ်သည်။

ဗန်းမော် – လိုင်ဇာလမ်းမှ လဂျားယန်သို့ မတ်လ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ရောက်ရှိလာသော်လည်း တံတားထိပ် ရောက်သည်အထိသာ ဖြတ်သန်းခွင့်ရပြီး ရှေ့ဆက်တိုးခွင့်မရဘဲ ရှိနေသည်။

“အခုချိန်အထိ ပိတ်နေတုန်းပဲလို့ သတင်းရထားပါတယ်။ တချို့ အစာမစားပဲ ဆန္ဒပြတဲ့သူတွေလည်း ရှိနေပြီလို့ ပြောပါတယ်” ဟု ငြိမ်းချမ်းရေး လမ်းလျှောက်သူများအဖွဲ့ ကြိုဆိုရေးကော်မတီမှ ဦးဆလန်ကဘာ ဒွဲပီဆာက ပြောသည်။

အစိုးရစစ်တပ်သည် လမ်းမကြီးတလျှောက် ကန့်လန့်ဖြတ်ပိတ်ကာ ကန့်သတ်နယ်မြေအဖြစ် စည်းရိုးကာပြီး မိုင်းများလည်း ရှိနေသဖြင့် ဖယ်ရှားသွားလာရန် အခက်တွေ့လျက်ရှိကြောင်း၊ ဖေဖော်ဝါရီလက မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်တို့အဖွဲ့ ဖြတ်သန်းသွားပြီးနောက်ပိုင်း လမ်းပိတ်ကာ တပ်ခြံစည်းရိုး ကာထားခြင်းဖြစ်ကြောင်း သိရသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ရှေ့တန်းစခန်းမှ ရဲဘော်တဦးက “ကိုနေမျိုးဇင်အဖွဲ့ ပြန်တုန်းက မိုင်းတွေအပြည့် ခင်းလိုက်ပေမယ့် တံတားအောက်လမ်းကနေ ပြန်ထွက်လို့ရအောင် လိုက်ပို့ပေးလိုက်တာ အခုတော့ အဲဒီလမ်းကြောင်းကို သိသွားပြီး မိုင်းအပြည့်ထောင်ပြီး တပ်ခြံကာ လိုက်ပြီ” ဟု ပြောသည်။

လိုင်ဇာမြို့မှ မြို့သူမြို့သားများသည် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIO) များ တပ်စွဲထားရာ ရှေ့တန်းစခန်းမှ နေ့စဉ်သွားရောက် စောင့်ဆိုင်းလျက်ရှိကြောင်း၊ အစိုးရတပ်များ ပိတ်ထားသဖြင့် လိုင်ဇာသို့ မလာနိုင်သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများအတွက် မိုးလဲချောင်းတလျှောက် ဆီမီးများမျှောခြင်း၊ အသံချဲ့စက်ဖြင့် အော်ဟစ် နှုတ်ဆက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“သူတို့ ရောက်နေတဲ့နေရာက လဂျားယန်က နေဆို ၁ မိုင်လောက်ကွာတယ်၊ လှမ်းမြင်လို့ရတယ်။ ပထမနေ့ကတော့ စစ်တပ်ကကျွေးတဲ့ အစားအသောက် စားကြတယ်။ ဒီနေ့တော့ မစားတော့ဘူး။ သူတို့ရိက္ခာပဲ သူတို့စားမယ်တဲ့။ သူတို့ ရိက္ခာက နည်းနည်းပဲပါတာ၊ ကုန်သွားရင်လည်း ကုန်ပါစေလို့ ပြောတယ်” ဟု ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) မှ ကိုအောင်ဆွေဦးက ပြောသည်။

KIO သည် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ လိုင်ဇာမြို့သို့ ဝင်ရောက်နိုင်ပါက ကြိုဆိုနိုင်ရန် ကြိုဆိုရေးမဏ္ဍပ်၊ ဆေးပေးခန်းများကို အသင့်ပြင်ထားပြီး လိုင်ဇာမြို့လယ်မှ ဟိုတယ်တလုံးကိုလည်း အရန်သင့် ပြင်ဆင်ထားသည်ဟု သိရှိရသည်။

“ကျနော်တို့ တပ်ဖွဲ့ဝင်တွေကတော့ နေ့တိုင်းကြိုဆိုဖို့ သွားပါတယ်” ဟု ABSDF မှ ဦးလဆိုင်းက ပြောသည်။

သမ္မတ ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာ၌ ယမန်နေ့က ရေးသားချက်တွင်မူ တပ်မတော်တပ်ဖွဲ့များက အေးချမ်းလုံခြုံစွာ ညအိပ်အခြေပြုနိုင်ရန် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ ယမန်နေ့က နည်းဗျူဟာမှူး ဦးစီးပြီး လမ်းလျှောက်အဖွဲ့နှင့် အတူပါသည့် သံဃာများကို အာရုဏ်ဆွမ်းကပ်ကြောင်း၊ လမ်းလျှောက်အဖွဲ့က ဆက်လက်ခရီးထွက်ခွာခြင်းမရှိသေးဘဲ တာဝန်ရှိသူများ၏ ရှေ့ဆက်မသွားရန် အကြံပြုချက်ကို ဆွေးနွေးနေကြောင်း ဖော်ပြထားသည်။

မုံရွာ – မြင်းခြံမှ ငြိမ်းချမ်းရေး လမ်းလျှောက်သည့် အဖွဲ့များသည် ဖေဖော်ဝါရီလ အစောပိုင်းမှ ခရီးစတင်ခဲ့ပြီး တလကျော် အကြာတွင် လိုင်ဇာမြို့အနီးသို့ ဗန်းမော် – လိုင်ဇာ လမ်းအတိုင်း ချဉ်းကပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့မှ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် စတင်လမ်းလျှောက်ခဲ့သည့် အဖွဲ့သည် မြစ်ကြီးနား – လိုင်ဇာလမ်း အတိုင်း လိုင်ဇာမြို့သို့ လမ်းလျှောက်နေပြီ ဖြစ်သည်။ မြစ်ကြီးနား – လိုင်ဇာလမ်းသည် ၂၀၁၂ မှ စတင်ကာ အများပြည်သူ အသုံးပြု သွားလာခြင်း မရှိတော့သည့် မိုင် ၇၀ ကျော်အရှည်ရှိ လမ်းမကြီး ဖြစ်သည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီတို့သည် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကြသည်။

Loading