ပြန်ကြားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူး ဦးမျိုးဝင်း အား ကားလမ်းပြောင်းပြန်မောင်းပြီး ပိုက်ကျော်ခြင်း လက်ရွေးစင် ကစားသမား ၃ ဦး စီးလာသည့် ဆိုင်ကယ်အား ဝင်တိုက်ခဲ့မှုဖြင့် ၎င်း၏ ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယခုလ ၁၃ ရက်နေ့တွင် အမိန့်ချမှတ်တော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဦးမျိုးဝင်းကို ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်/ဆက် ဦးစီးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့၍ စစ်ဆေးနေခြင်း ဖြစ်ပြီး အဆိုပါ စစ်ဆေးချက်များမှ ရရှိလာသည့် အချက်အလက်များနှင့် အခင်းဖြစ်ပွားမှု ဖြစ်စဉ်အပေါ် မူတည်၍ ပြစ်ဒဏ် သက်ရောက်မည် ဖြစ်ကြောင်း ပြန်/ဆက် ဦးစီးဌာန ရုံးအဖွဲ့မှူး ဦးမြင့်ထွေးက ပြောသည်။
“ကျနော်တို့ ရုံးတွင်း စစ်ဆေးရေး အဖွဲ့ကတော့ သူ့ (ဦးမျိုးဝင်း) ကို စစ်ဆေးနေစဲပါ၊ ဘယ်လို ပြစ်ဒဏ်မျိုးလဲ ဆိုတာကတော့ စစ်ဆေးဆဲ အချိန်မှာပဲ ရှိသေးတဲ့အတွက် ကျနော်တို့အနေနဲ့ ဘာမှ ပြောလို့မရသေးပါဘူး။ စစ်ဆေးချက်တွေအပြီး ဗုဒ္ဓဟူးနေ့ကျရင်တော့ အမိန့်ချမှာပါ။ ကျနော်တို့ ဌာနကလည်း ဝန်ထမ်း စည်းမျဉ်းအရ အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ဦးမြင့်ထွေးက ဧရာဝတီသို့ ပြောသည်။
အမှုစစ်ဆေးစဉ် ကာလအတွင်း ဦးမျိုးဝင်း၏ ဌာနလုပ်ငန်းတာဝန်များကိုလည်း ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
ယခုလ ၂ ရက်နေ့က ဇဗ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညို လမ်းမကြီးပေါ်ရှိ မြဝတီ ဆီဆိုင်အနီးတွင် ပဏာမ မြန်မာ့ လက်ရွေးစင် ပိုက်ကျော်ခြင်း ကစားသမား ၃ ဦး စီးနင်းလာသည့် မော်တော်ဆိုင်ကယ်အား ဦးမျိုးဝင်းက လမ်းပြောင်းပြန် မောင်းပြီး ဝင်တိုက်ခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ပြောဆိုထားသည်။
ထိုအမှုဖြင့်ပင် နေပြည်တော် ယာဉ်ထိန်း ရဲတပ်ဖွဲ့က ဇဗ္ဗူသီရိမြို့နယ်ရှိ အမှတ် (၅) ရဲစခန်းတွင် ပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် တိုင်ကြားထားပြီး အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးမျိုးဝင်းကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ယင်းအမှုကို ကိုယ်တိုင် စစ်ဆေးပြီး တရားလိုအဖြစ် အမှုဖွင့်ထားသူ ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဒုရဲအုပ် ကျော်ကျော်နိုင်က ပြောသည်။
“ဦးမျိုးဝင်းက တဖက်လူတွေရဲ့ ယာဉ်ကြောကို ဝင်ရောက်တိုက်တဲ့အတွက် နစ်နာသူတွေရဲ့ ကိုယ်စား ကျနော်က တရားလို လုပ်ပြီးတော့ အမှုဖွင့်ခဲ့တာပါ။ ဆေးစာတွေ အကုန်လုံး စုံပြီး ရဲလုပ်ငန်းပြီးတာနဲ့ ဥပဒေရုံးကို အကြံတောင်း တင်ပြီး ခွင့်ပြုချက် ရတာနဲ့ တရားစွဲမယ်။ သူတို့ဆီကိုလည်း ခွင့်ပြုချက် တောင်းရဦးမှာလေ။ ညွှန်ကြားရေးမှူးဆိုတော့ အကြောင်းကြားစာကတော့ ဖြစ်ပြီး နောက်တနေ့မှာပဲ ပို့ထားပြီးပါပြီ” ဟု ဒုရဲအုပ် ကျော်ကျော်နိုင်က ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိသွားသော ပိုက်ကျော်ခြင်း အားကစားသမား ၃ ဦးသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နေပြည်တော်တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ (SEA Game) အတွက် ပဏာမ လက်ရွေးစင်အဖြစ် ရွေးချယ်ထားသူများ ဖြစ်ပြီး နေပြည်တော်တွင် စခန်းသွင်း လေ့ကျင့်ရေး ကာလတွင် ယခုကဲ့သို့ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပရေးအဖွဲ့ ဦးစီးအရာရှိ ဦးထွဋ်ခိုင်လွင်က ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကစားသမား ၃ ဦးအား နေပြည်တော် ကုတင် ၁ ထောင်ဆံ့ ဆေးရုံကြီးတွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူခဲ့ရာမှ ၂ ဦးမှာ သက်သာလာပြီ ဖြစ်သဖြင့် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်နေပြီဖြစ်ကြောင်း ကျန်တဦးမှာလည်း တလခန့် အနားယူပြီးလျှင် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ်ရှိကြောင်း အဆိုပါကစားသမား ၃ ဦး၏ မိခင်အဖွဲ့အစည်းဖြစ်သော ရန်ကုန် ပိုက်ကျော်ခြင်း အဖွဲ့ချုပ်၏ အတွင်းရေးမှူး ဗိုလ်ကြီး ကျော်ဇင်မိုးက ပြောသည်။
“နှစ်ယောက်ကတော့ ပွန်းပဲ့ရုံပဲ ဆေးရုံကဆင်းလာပြီ၊ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ အနေအထား ရောက်နေပါပြီ။ ကျန်တဲ့ တယောက်ကတော့ ပေါင်မှာ ထိထားတော့ တလလောက်တော့ အနားယူရဦးမှာပေါ့။ သူတို့ ဆီးဂိမ်းပြိုင်ပွဲကို ဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဗိုလ်ကြီး ကျော်ဇင်မိုးက ဧရာဝတီသို့ ပြောသည်။
အမှုကြေအေးရန် ဦးမျိုးဝင်းက ဒဏ်ရာရ အားကစားသမားများ၏ သက်ဆိုင်သူများနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ရှိကြောင်း၊ သို့သော်လည်း ၎င်းတို့အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက်သွားမည်သာ ဖြစ်ကြောင်း ယာဉ်ထိန်း ရဲတပ်ဖွဲ့ဘက်က ပြောသည်။
အမှုဖြစ်စဉ် နောက်ဆုံး အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းရန် ဦးမျိုးဝင်းကို ဧရာဝတီက ဆက်သွယ်သော်လည်း မရပေ။