မန္တလေးတိုင်း တံတားဦးမြို့၌ အသတ်ခံရသည့် မစန်းစန်းဝင်း ဆိုသော အမျိုးသမီးအတွက် တရားခံဟု ယူဆရသူအား သေဒဏ်ပေး အရေးယူရန် မြို့လူထု အင်အား ၅၀၀ ခန့်က ရဲစခန်းကို ဝိုင်းဝန်းဆန္ဒပြ တောင်းဆိုမှု ယနေ့နံနက်တွင် ဖြစ်ပွားသည်။
အသတ်ခံရသည့် မစန်းစန်းဝင်း(ခ) မဂွတို သည် အသက် ၃၃ နှစ်ခန့်ရှိပြီး တံတားဦးမြို့ ကားဂိတ်များတွင် မုန့်ရောင်းချသည့် ခေါင်း ရွက်ဗျတ်ထိုးဈေးသည် တဦးဖြစ်ကြောင်း၊ ဉာဏ်ရည်လည်း မပြည်မီသူတဦး ဖြစ်ကြောင်း၊ ပြီးခဲ့သည့်သောကြာနေ့ နံနက်ပိုင်းက တရားခံဟု စွပ်စွဲခံရသူ ကိုဝင်းအောင်စိုးက သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်ဟု မြို့လူထုက ပြောဆိုသည်။
ကိုဝင်းအောင်စိုးက မစန်းစန်းဝင်းကို တံတားဦးမြို့ ပုဏ္ဏားကုန်း သချုႋင်းကုန်းသို့ လှည့်ဖျား ခေါ်ဆောင်၍ အဓမ္မ ပြုကျင့် သတ်ဖြတ် လိုက်ခြင်းဖြစ်သည်ဟုလည်း မြို့လူထုက ယူဆနေကြသည်။
တံတားဦးမြို့ခံတဦးဖြစ်သူ ဦးသန့်ဇင်က“ဒီအမျိုးသမီးက မျက်မမြင် အမေကြီးကို ဈေးရောင်းကျွေးနေတာ၊ ရက်ရက်စက်စက် အသတ်ခံရတာဆိုတော့ မြို့လူထုက ကရုဏာ သက်ကြတယ်၊ ဒါကြောင့် သေဒဏ်ပေးဖို့ အထိ တောင်းဆိုကြတာပါ”ဟု ပြော ဆိုသည်။
မစန်းစန်းဝင်းသည် ဦးခေါင်း တခုလုံးနီးပါး ကြေမွစွာ ထုရိုက်ခံထားရပြီး တကိုယ်လုံးတွင်လည်း ဒဏ်ရာများစွာဖြင့် သေဆုံးနေခြင်း ဖြစ် ကြောင်း သိရသည်။
လူသတ်တရားခံဟု စွပ်စွဲခံရသည့် ကိုဝင်းအောင်စိုးမှာ မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ဇာတိဖြစ်ပြီး ကချင်ပြည်နယ် ဗန်းမော် အခြေ စိုက် ခြေမြန်တပ်ရင်း ၄၃၈ မှ တပ်သားတဦး ဖြစ်ကြောင်း၊ ယခုအခါ ပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း၊ အဓမ္မပြုကျင့်မှု စွပ်စွဲချက်နှင့် ပတ်သက်၍ ဆေးစစ်ချက် မရသေး၍ အမှု မဖွင့်ရသေးကြောင်း တားဦး ရဲစခန်း က ဧရာဝတီ သို့ ပြောသည်။
တံတားဦး မြို့ခံများကမူ ယင်းအမှုနှင့် ပတ်သက်၍ အပြစ်ရှိကြောင်း တွေ့ရှိပါက စစ်ဘက်ဆိုင်ရာ တရားရုံးများတွင် စစ်ဆေးခြင်း ကို မလိုလားဘဲ အရပ်ဘက် တရားရုံးတွင် စစ်ဆေး အပြစ်ပေးခြင်းကို လိုလားလျက်ရှိသည်ဟု ဆိုသည်။