ပြည်ထောင်စု လွှတ်တော်၏ မတရားအသင်းများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ပေါ်ထွက်လာခြင်းနှင့်ပတ် သက် ၍ ဝေဖန်ပြောဆို နေကြသည်။
ပြည်ထောင်စု လွှတ်တော်က မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယ အက်ဥပဒေ ၁၄) ကို ပြင်ဆင်သည့် ဥပဒေကြမ်း ထုတ်ပြန်ကြောင်း ယမန်နေ့ထုတ် မြန်မာ့ အလင်း သတင်းစာ၌ ပါရှိသည်။
ယင်း ဥပဒေ ပုဒ်မ ၁၈ ၏ နောက် ဆက်တွဲ ပုဒ်မ ၁၉ အဖြစ် ဖြည့်စွက်ချက်များကိုလည်း ဖော်ပြထားသည်။
ဖြည့်စွက်ချက်များမှာ “ဤ ဥပဒေတွင် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ တဦးတယောက် ဖြစ်စေ၊ အဖွဲ့အစည်းတရပ်ရပ်ဖြစ်စေ မိမိ ၏ နေ့စဉ် ပုံမှန် စားသောက်၊ သွားလာ၊ လုပ်ကိုင် ဆောင်ရွက်မှုအတွက်လည်းကောင်း၊ မိမိ၏ အသက်ဘေး အန္တရာယ် ကို ရုတ်ချည်း ကြောက်ရွံ့ ရသည့်အတွက် လည်းကောင်း၊ မတရားသင်းများနှင့် ဆက်နွယ်ပတ်သက် ဆောင်ရွက်ရခြင်းသည် ဤ ဥပဒေ အရ ပြဋ္ဌာန်းသည့် ပြစ်မှုများတွင် အကျုံးမဝင်ဟု မှတ်ယူရမည့် အပြင် တရားစွဲဆိုခြင်း မခံထိုက်စေရ”ဟု ဖြစ်သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ နာယက အဖွဲ့ဝင်တဦးဖြစ်သည့် ဦးဝင်းတင်က ယခုကဲ့သို့ မတရားအသင်း ဆက်နွယ်မှုနှင့်ပတ်သက်၍ စကားရပ်ပြင်ဆင် ဖြည့်စွက်လိုက်ခြင်းကို သင့်မြတ်သည့်အတွက် သဘောတူကြောင်း ဧရာဝတီ ကို ပြော သည်။
“ဒီလို ပြင်ဆင်တဲ့ စကားရပ်ဖြည့်စွက်တာကတော့ သင့်မြတ်တယ်လို့ ကျနော်ထင်တယ်။ ခြိမ်းခြောက်လို့ လုပ်ရတဲ့ သူတွေ၊ အခြား အကြောင်းအမျိုးမျိုးကြောင့် ကူညီပေးရတဲ့သူတွေ ရှိတယ်”ဟု သူက ဆိုသည်။
သို့သော် ယခုခေတ်ကာလနှင့် ပို၍ လိုက်လျောညီထွေဖြစ်ပြီး ပြည်သူလူထု အကျိုးရှိစေမည့် မတရားအသင်းဆိုင်ရာ ဥပဒေ ဖြစ် သင့်ကြောင်း သူက ဆက်ပြောသည်။
“ဒါပေမယ့် ဒီဥပဒေ တစုံလုံးဟာ အခုချိန်မှာ ရှိသင့်သေးရဲ့လားဆိုတာ ပြန်စဉ်းစား သင့်တယ်လို့ ကျနော်ထင်တယ်။ ပြည်သူ လူထု တရပ်လုံးအကျိုးအတွက် ဒီ ဥပဒေ တစုံလုံးကို ပြင်ဆင်တာမျိုးက ပိုသင့်တော်မယ်လို့ ထင်တယ်။ ဆိုလိုတာက ပို ပြီး ကျယ်ပြန့်တဲ့၊ ပိုပြီး လွတ်လပ်တဲ့ ပိုပြီး ခေတ်နဲ့ အညီရှိတဲ့ ဥပဒေပြင်ဆင်မှုမျိုး လုပ်ဖု့ိလိုမယ်လို့ ထင်တယ်”ဟု ဦးဝင်းတင်က ဆိုသည်။
ဦးဝင်းတင်သည် သတင်းစာသမားဘ၀ ၁၉၅၀ ခုနှစ်လွန် ကာလတွင် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ ဖမ်းဆီး ခံခဲ့ရ သည်ကို မတရားအသင်းနှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရဖူးသည်။
ပြည်ပတွင် လက်ရှိအခြေစိုက်နေသော လူ့ ဘောင်သစ် ဒီမိုကရက်တစ် ပါတီ(DPNS)ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း ယခုကဲ့သို့ စကားရပ် ဖြည့်စွက်လိုက်သည့်အတွက် ဥပဒေ အတည်ဖြစ်သွားပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆက်သွယ်မှု ဖြင့် ဖမ်းဆီး တရားစွဲ ခံထားရသူများ အမြန်ဆံုံး ပြန်လည် လွတ်မြောက်လာနိုင်သည်ဟု မျှော်လင့်ကြောင်း၊ သို့သော် မတရား အသင်း အဖြစ် သတ်မှတ်မှုများကိုလည်း ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း ဧရာဝတီကို ပြောသည်။
“အဓိကက မတရားအသင်းဆိုတဲ့ အဓိပ္ပာယ်ကို ဖွင့်ရမယ်။ နိုင်ငံရေးအရ လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေ ရှိမယ်။ နိုင်ငံ ရေး အရ အစိုးရနဲ့ ပဋိပက္ခဖြစ်တဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ အဲဒီ အဖွဲ့အစည်းတွေကို မတရားအသင်းအဖြစ် ကြေညာထားတဲ့ ကိစ္စတွေကို ပြန်ပြီး သုံးသပ်ရမယ်လို့ ကျနော်ထင်တယ်”ဟု သူက ဆိုသည်။
အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေ လုပ်ဆောင်လာပြီးနောက်ပိုင်း လက်ရှိ မတရားအသင်း ကြေညာ ခံထားရသော အဖွဲ့အစည်းများဖြစ်သည့် DPNS အပါအဝင်၊ KNU ၊ ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) စသည်တို့ကို မတရားအသင်းများ အဖြစ်မှ ပယ်ဖျက်ရန် လိုအပ်ကြောင်း လည်း ဦးအောင်မိုးဇော် က ဆက်ပြောသည်။
“အကြမ်းဖက်အဖွဲ့အစည်းလို ဟာမျိုးတွေ၊ နိုင်ငံရေး ဦးတည်ချက်မရှိဘဲနဲ့ အကြမ်းဖက်တဲ့ အဖွဲ့အစည်းတွေ လက်နက်ကိုင်ပြီး တော့ မူးယစ်ဆေးဝါးလုပ်ကိုင် နေတဲ့ အဖွဲ့အစည်းမျိုးတွေ၊ ဘာသာရေးအရ သော်လည်းကောင်း အရမ်းအစွန်း ရောက်တဲ့ အဖွဲ့အစည်းမျိုးတွေ၊ အဲဒီလို အဖွဲ့အစည်းမျိုးတွေကို မတရားအသင်းအဖြစ် သတ်မှတ်တဲ့ ကိစ္စလိုမျိုးက ကျနော်တို့ နားလည် လို့ ရတယ်”ဟု ဦးအောင်မိုးဇော်က ပြောဆိုသည်။
DPNS သည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ခေါင်းဆောင်များက ထိုင်း-မြန်မာ နယ်စပ်သို့ ထွက်လာခဲ့စဉ် ထိုစဉ်က စစ် အစိုးရ က မတရားအသင်းအဖြစ် သတ်မှတ်ခံရပြီး ယခုအခါ အစိုးရ၏ ဖိတ်ခေါ်မှုဖြင့် မြန်မာနိုင်ငံသို့ သွားရောက် ဆွေးနွေးမှုများ လုပ်ဆောင်နေသော ပါတီ တခုလည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင် KIO ၊ KIA နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံရကာ ဖမ်းဆီးထိန်းသိမ်း ခံထားရသူပေါင်း ၅၀ မှ ၁၀၀ အကြား ရှိကြောင်း၊ ဥပဒေ ပြင်ဆင်မှုကြောင့် ၎င်းတို့ လွတ်မြောက်လာနိုင်သည်ဟုလည်း မျှော်လင့်ကြောင်း ထိုင်းနိုင်ငံ အခြေ စိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည် က ဧရာဝတီ ကို ပြောသည်။
“အရင် အဓိပ္ပာယ် ဖွင့်ဆိုချက်ထက် စာရင်တော့ ဒီပြင်ဆင်မူက နယ်စပ်ဒေသက တိုင်းရင်းသားတွေ အတွက် နည်းနည်း ပို သက်သာရာ ရသွားနိုင်တယ်လို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒီ ပြင်ဆင်မူက တရားဥပဒေ စိုးမိုးမူ မရှိဘဲနဲ့တော့ အများကြီး သက်ရောက်မူ မရှိနိုင်ပါဘူး။ တကယ်လို့ ပြည်တွင်းစစ်ရပ်ဆိုင်းပြီး ပြည်တွင်း ငြိမ်းချမ်းရေး ရခဲ့ရင် ဒီ ဥပဒေကို ဖျက်ပစ်လို့ ရပါတယ်”ဟု သူက ဆက်ပြောသည်။
ရန်ကုန်မြို့ရှိ ဝါရင့် ရှေ့နေကြီး ဦးအောင်သိန်းကလည်း မတရားအသင်း ဆိုင်ရာ စကားရပ် ဖြည့်စွက်ပြင်ဆင်ရုံဖြင့် မတရား အသင်း ဥပဒေ ပုဒ်မများဖြင့် အရေးယူရေး၊ ကင်းလွတ်ခွင့်ပေးရေး ဆိုသည်မှာ လုံလောက်မှု ရှိပါမည်လားဟု မေးခွန်း ထုတ် မိကြောင်း ဧရာဝတီ ကို ပြောသည်။
“နိုင်ငံတော် အစိုးရပိုင်းကလည်း မတရားအသင်းတွေကို မပယ်ဖျက်ဘဲနဲ့ မတရားအသင်းက ပုဂ္ဂိုလ်တွေနဲ့ သွားရောက် တွေ့ဆုံ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတာပေါ့နော်။ အဲဒီတော့ နိုင်ငံတော် အဆင့်ကတော့ လုပ်ခွင့် ရှိတယ်။ နိုင်ငံတော် အဆင့် မဟုတ်တဲ့ လူတွေအတွက်ကို လုပ်ခွင့် မရှိဘူးဆိုတဲ့သဘောက ဆက်ရှိနေတယ်”ဟု သူက ဆိုသည်။
ဦးအောင်သိန်းက ဆက်လက်ပြီး“သူတို့က ညှိနှိုင်းလို့ရမှ ပယ်ဖျက်မယ်ဆိုတဲ့ သဘောဖြစ်နေတယ်ဗျ။ အဲဒီတော့ ညှိနှိုင်းလို့ မရရင် မတရားအသင်းက မတရားအသင်း ဆက်သွားမယ့် သဘောမျိုးဖြစ်နေတယ်။ ဒါကလည်း ကျနော်တို့ စဉ်းစားရမယ့် အချက်တချက် ဖြစ်တာပေါ့”ဟု ပြောဆိုသည်။
ယခု မတရားအသင်း ဆိုင်ရာပြင်ဆင်သည့် ဥပဒေကြမ်းသည် ပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုသာ ဖြစ်သင့်သည် ဟုလည်း ဆိုသည်။