Human Rights

ကိုဖုန်းမော်အတွက် ဘာလုပ်ပေးကြမလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မတ်လ ၁၃ ရက်နေ့ဟာ စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခြင်း ၂၅ နှစ်ပြည့်နေ့၊ တနည်းအားဖြင့် ပြောမယ်ဆိုရင်တော့ ဒီနေ့လူပြောများနေတဲ့ အပြောင်းအလဲဆိုတာ တွေကို ဖြစ်ပေါ်စေဖို့ ကျောင်းသားလူငယ်တွေ စတင်ကြိုးပမ်းခဲ့တဲ့နေ့၊ ၈ လေးလုံး အရေးတော်ပုံကို စတင် မွေးဖွားပေးခဲ့တဲ့နေ့ ဖြစ်ပါတယ်။

ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့အဖြစ် ဒီမိုကရေစီ အင်အားစုတွေက သတ်မှတ်ထားကြပြီး ကိုဖုန်းမော်ကိုလည်း ၈ လေးလုံး အရေးတော်ပုံအတွင်း ကျဆုံးသွားတဲ့ လူပေါင်း ၃၀၀၀ ကျော်ထဲက ပထမဆုံး သူရဲကောင်းတဦးအဖြစ် အသိအမှတ်ပြုထားကြပါတယ်။

ဒါပေမယ့် ကိုဖုန်းမော် ဘာကြောင့် ကျဆုံးခဲ့ရတာလဲ။ ဒီကျဆုံးမှုအတွက် ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဒီကိစ္စကို အမှန်တိုင်းသိရအောင် စုံစမ်းဖော်ထုတ်ပေးဖို့ စက်မှုတက္ကသိုလ် ကျောင်းသားတွေရဲ့ လွန်ခဲ့တဲ့ ၂၅ နှစ်က တောင်းဆိုချက်ဟာ အခု ဘယ်လောက်အထိ ခရီးရောက်နေပြီလဲ။

”အခုထိ ဘာမှမရသေးဘူးလို့ ပြောရမှာပဲ။ ဖုန်းမော်အပါအဝင် ကျောင်းသား လှုပ်ရှားမှုတွေအတွင်း ထိခိုက် နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှုဖြစ်စေဖို့၊ အမှန်တရား ပေါ်ပေါက်စေဖို့ စစ်မှန်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ ဘာမှမရှိခဲ့သေးဘူး” လို့ လွန်ခဲ့တဲ့ ၂၅ နှစ်က ကိုဖုန်းမော်နဲ့အတူ စက်မှုတက္ကသိုလ်ကျောင်း တက်ခဲ့သူ ABSDF (မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ဒု ဥက္ကဌ ကိုမျိုးဝင်းက ပြောပါတယ်။

၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ စက်မှုတက္ကသိုလ်ကနေ စတင်ခဲ့တဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ တခြားကျောင်းတွေဆီကိုပါ ကူးစက်ပြန့်နှံ့သွားခဲ့ပြီး ၁၆ ရက်နေ့မှာတော့ ကျောင်းသားတွေ ဒါဇင်နဲ့ချီ ကျဆုံးခဲ့ရတဲ့ တံတားနီအရေးခင်း ဖြစ်ပေါ်ခဲ့ပါတယ်။ ကိုဖုန်းမော်ကျဆုံးတာဟာ လုံခြုံရေးတပ်ဖွဲ့ရဲ့ သေနတ်ကျည်ဆံကြောင့် မဟုတ်ဘဲ အရပ်သားနဲ့ကျောင်းသား ရန်ဖြစ်ရာကနေရတဲ့ ဒဏ်ရာကြောင့်ဖြစ်တယ်လို့ အစိုးရက ကြေညာလိုက်ရာကနေ ကျောင်းသားထု တရပ်လုံး မခံမရပ်နိုင်ဖြစ်ပြီး အခုလို အုံကြွမှုဖြစ်ပေါ်လာတာပါ။

တံတားနီ အရေးအခင်းဟာ တနိုင်ငံလုံးက တက္ကသိုလ်ကျောင်းတွေဆီ ပြန့်နှံ့သွားတဲ့အတွက် ကျောင်းသားတွေကို လူစုခွဲနိုင်ဖို့ တက္ကသိုလ်တွေ အားလုံးကို အစိုးရက ပိတ်ပစ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်း အပါအဝင် ကျောင်းသားအားလုံး ကိုယ့်ဒေသ အသီးသီးဆီ ပြန်လာခဲ့ရပါတယ်။ တခါ ဇွန်လမှာ ကျောင်း ပြန်ဖွင့်တော့ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲက တက္ကသိုလ် ကျောင်းဝင်းကို ကျော်ပြီး ရန်ကုန်မြို့လယ်အထိ ရောက်လာခဲ့ပါတယ်။ တက္ကသိုလ်တွေကို တခါ ထပ်ပိတ်လိုက်ပြန်ပါတယ်။

ဒီလိုနဲ့ ကျောင်းသားတွေ စတင်လိုက်တဲ့ ဆန္ဒပြပွဲတွေဟာ တနိုင်ငံလုံးက ကျေးလက်ဒေသအထိ ပြန့်နှံ့ သွားပြီး ၈ လေးလုံးအဖြစ် သမိုင်းတွင်ခဲ့တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ အဲဒီ အုံကြွမှုကို စစ်တပ်က ပစ်ခတ် ဖြိုခွင်းတဲ့အတွက် ထောင်နဲ့ချီရှိတဲ့ ကျောင်းသားလူငယ်တွေ လက်နက်ကိုင် တော်လှန်ရေးအတွက် တောခိုခဲ့ကြတာ အခုဆိုရင် ရာစုနှစ်တခုရဲ့ ၄ ပုံ ၁ ပုံ ရှိလာခဲ့ပါပြီ။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တခြားကျောင်းသား အတော်များများကတော့ ၁၉၈၉ ကတည်းက စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး နှစ်ရှည်ထောင်ဒဏ် ချခံလိုက်ရတာ မနှစ် ဒီအချိန်ကမှ ထောင်ကနေ ပြန်လွတ်လာကြပါတယ်။

အမှန်တရားဖော်ထုတ်ရင် နောက်ပြန်ဆုတ်သွားမလား

ABSDF အဖွဲ့ကိုယ်တိုင် ရန်ကုန်အထိသွားပြီး လက်ရှိအစိုးရ တာဝန်ရှိသူတွေနဲ့ဆွေးနွေးနေချိန် မင်းကိုနိုင် အပါအဝင် အကျဉ်းထောင် အသီးသီးကနေ လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက လက်ရှိအစိုးရနဲ့ တိုင်တိုင်ပင်ပင် ဆောင်ရွက်နေချိန်၊ နောက်တခါ ၈ လေးလုံး အရေးတော်ပုံ အပြီးမှာ ပေါ်ပေါက်လာတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ပါလီမန်ထဲအထိဝင်ပြီး အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေချိန်မှာ ဖုန်းမော်ကိစ္စ စုံစမ်းဖော်ထုတ်ရေး၊ အရင် အစိုးရခေတ်က တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူပေးရေး တောင်းဆိုတာဟာ လက်တွေ့ကျပါရဲ့လား။ လက်ရှိ ရထားတဲ့ နားလည်မှုတွေပျက်စီးပြီး အစိုးရက နောက်ပြန်ဆုတ်သွားနိုင်သလား။

”ကျနော်တို့က ဒီမိုကရေစီကိုပဲ သွားချင်ပါတယ်။ အရေးယူတဲ့ အပိုင်းကို ပထမ ဦးစားပေးနေရာမှာ မထားချင်ပါဘူး။ ဒါကို ပထမနေရာ ထားရင် ရှေ့မတိုးနိုင်ဘဲ ဖြစ်နေလိမ့်မယ်။ အရေးယူတာက နောက်တပိုင်းဖြစ်ပါလိမ့်မယ်” လို့ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ်က အတည်ပြုထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာမျက်နှာ ၁၇၈၊ အခန်း ၁၄၊ ပုဒ်မ ၄၄၅ ”အသွင်ကူးပြောင်းရေး ကာလ ပြဌာန်းချက်များ” အခန်းမှာလည်း အစိုးရဟောင်းခေတ်က တာဝန်ရှိသူတွေကို “ပြန်လည်အရေးယူခွင့်မရှိစေရ” လို့ အတိအလင်း ပြဌာန်းထားပါတယ်။

ဒါဆိုရင် အရင်အစိုးရခေတ်က ကျုးလွန်ခဲ့သမျှ ပြစ်မှုတွေအားလုံးကို ဘာမှ အရေးယူခွင့် မရှိတော့ဘူးလား။ ၈ လေးလုံး အရေးတော်ပုံမှာ ရှေ့နေတဦးအဖြစ် ပါဝင်ခဲ့ဖူးပြီး အခု ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်ရေးအဖွဲ့မှာ တာဝန်ထမ်းနေတဲ့ ဦးမင်းလွင်ဦးကတော့ ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ရမှာဖြစ်ပေမယ့် အခု လောလောဆယ်ကတော့ မလွယ်သေးဘူးလို့ ပြောပါတယ်။

”ဒီလို အရေးယူဖို့အတွက် အာဏာပိုင်တွေက အားတက်သရော မရှိသလို လက်ရှိနိုင်ငံရေးပါတီ၊ အဖွဲ့ အစည်းတွေကလည်း နှုတ်ဆိတ်နေတယ်” လို့ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။ ” ၈၈ က ဖုန်းမော်ကိစ္စကို ခဏ ထားပါဦး။ မနေ့တနေ့ကမှ ဖြစ်ခဲ့တဲ့ သံဃာ့အရေးအခင်းတို့၊ ဒီပဲယင်း အရေးအခင်းတို့တောင် ကျနော်တို့ မလုပ်နိုင်သေးဘူးလေ။ Report တွေထုတ်ပြီး ဒီအတိုင်း တန်းလန်းကြီး” လို့ သူက အားမလို အားမရနဲ့ ဆက်ပြောပါတယ်။

နစ်နာဆုံးရှုံးခဲ့သူတွေကို ဘယ်လိုကုစားပေးမလဲ

၈ လေးလုံး အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ ကျောင်းသားလူငယ်တွေ၊ လူ့အခွင့်အရေးရှေ့နေတွေက အမှန်တရားဖော်ထုတ်ရေး၊ အစိုးရဟောင်းရဲ့ လုပ်ရပ် အမှားတွေကို လက်ရှိအစိုးရက တာဝန်ခံဖြေရှင်းရေး အတွက် တောင်းဆိုနေပေမယ့် နိုင်ငံရေး အင်အားစုတွေ ပါမလာသေးတာကြောင့် လောလောဆယ်မှာတော့ သူတိုရဲ့တောင်းဆိုချက် အကောင်အထည် ပေါ်လာမယ့် အရိပ်လက္ခဏာ မမြင်ရသေးပါဘူး။

ဒါဆိုရင် တောင်အာဖရိကနိုင်ငံမှာ လုပ်သလိုမျိုး တချိန်က အမှားတွေအတွက် တာဝန်ရှိသူတွေက ဝန်ချ တောင်းပန်ပြီး ကြေအေးရေးလုပ်ကြမလား။ တောင်အာဖရိကက ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးကိုယ်တိုင် အခုလ အစောပိုင်းက ရန်ကုန်အထိလာပြီး သူတို့နိုင်ငံရဲ့ အတွေ့အကြုံ တွေကို ဆွေးနွေးရှင်းပြပြီး ဖြစ်ပေမယ့် အစိုးရနဲ့ နိုင်ငံရေးအဖွဲ့စည်း အသီးသီးဆီက အခုချိန်ထိ သူတို့ရဲ့ သဘောထားတွေကို တရားဝင်ထုတ်ပြန်တာ ဘာမှမကြားရသေးပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနားကလည်း ဆယ်စုနှစ်နဲ့ချီပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွက် တာဝန်ခံ ဖြေရှင်းပေးရေးဟာ လက်ရှိသွားနေတဲ့ ပြုပြင်ပြောင်းလဲရေး လမ်းပေါ်က အဖုအထစ်တွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ်လို့ ပြောဆိုကြောင်း ဂျနီဗာကလာတဲ့ ရိုက်တာသတင်းတပုဒ်မှာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် အစိုးရကရော၊ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့တွေကပါ ဒီကိစ္စကို အရေးတကြီး ဆွေးနွေးရမယ့် ကိစ္စတခုအဖြစ် ထည့်သွင်းထားတာ မတွေ့ရသေးဘူးလို့ ကင်တားနားက ထောက်ပြခဲ့ပါတယ်။

အမှန်တရား ဖော်ထုတ်ရေး မလုပ်နိုင်သေးဘူး ဆိုရင် ကိုဖုန်းမော် ၂၅ နှစ်ပြည့်မှာ ဒီမိုကရေစီအင်အားစုတွေ ဘာလုပ်ကြမှာလဲ။ ဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကပ် အမျှဝေရုံ သက်သက်နဲ့ပဲ ကျေနပ်လိုက်ရမလား။ နှစ်ပတ်လည် ဟောပြောပွဲ အခမ်းအနားတွေလုပ်ပြီး လွန်ခဲ့တဲ့ ၂၅ နှစ်ကဖြစ်စဉ်ကို အမှတ်တရ စားမြှုပ်ပြန်ရင်း ပွဲပြီးသွားကြမလား။

အနိမ့်ဆုံးအားဖြင့်တော့ ၁၉၈၈ မတ်လက စက်မှုတက္ကသိုလ်ဝင်းအတွင်း စိုက်ထူခဲ့ပေမယ့် အစိုးရက ချက်ချင်း ဖျက်ဆီးလိုက်တဲ့ ကိုဖုန်းမော် အမှတ်တရ ကျောက်တိုင်ကို အခုချိန်မှာ တရားဝင် ပြန်စိုက်ထူသင့်ပါတယ်။ အဲဒီလိုစိုက်ထူခြင်းက ကျဆုံးခဲ့ရသူတွေ၊ နစ်နာခဲ့ရသူ တွေရဲ့ စိတ်ခံစားမှုကို အသိအမှတ်ပြု ကုစားပေးနိုင်ဖို့ နည်းလမ်းကောင်း တခုဖြစ်တယ်ဆိုတာကို လက်ရှိအစိုးရနဲ့ လွှတ်တော်က နားလည် လက်ခံလာအောင် ဆွေးနွေးတင်ပြသင့်တယ်လို့ ထင်ပါတယ်။

ရှေ့ရက်တွေမှာ ဆက်တိုက် တံတားနီအရေးအခင်းအတွင်း ကျဆုံးသူတွေ၊ ဇွန်လ အရေးအခင်း၊ သြဂုတ်လအရေးအခင်း၊ စက်တင်ဘာအရေး အခင်းတွေအတွင်း သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းအသီးသီးမှာ ကျဆုံးသွားသူတွေအတွက် အမှတ်တရ ကျောက်တိုင်တွေ တည်ဆောက်ရေးကို ဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။

ကျဆုံးခဲ့ရသူတွေ၊ နစ်နာခံစားခဲ့ရသူတွေရဲ့ မိသားစုဝင်တွေဆီ သွားရောက်တွေ့ဆုံ အားပေးစကားပြောသင့်ပါတယ်။

ဒီလိုနည်းနဲ့ ကုစာပေးခြင်းဟာ ကျဆုံးခဲ့ရသူတွေ၊ နစ်နာခဲ့ရသူတွေအတွက် တစုံတရာ အသိမှတ်ပြုရာ ရောက်သလို လက်ရှိသွားနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို အထောက်အကူ ဖြစ်ေစေလိမ့်မယ်လို့ ထင်မြင်မိပါတယ်။

(စာရေးသူသည် ထိုင်း-မြန်မာ နယ်စပ်တွင် အခြေစိုက်သော ကျောင်းသားလက်နက်ကိုင် ABSDF အဖွဲ့ဝင်ဟောင်းဖြစ်ပြီး DVB ၏ သတင်းထောက်ဟောင်းလည်း ဖြစ်သည်။ ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading