ယနေ့ နေ့လည် ၁၂ နာရီ ၇ မိနစ်ခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်မြစ် အနီးရှိ မြန်မာမန်းကုမ္ပဏီပိုင် ဝင်းအတွင်း ဆီဘောက်ဆာများ ဆီဖြည့်စဉ် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားပြီး နေ့လည် ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ ကြောင်း သိရသည်။
မြန်မာမန်း ကုမ္ပဏီဝန်ထမ်း တဦးက ဆီဘောက်ဆာ အတွင်း ဆီဖြည့်ရာမှ အပူလွန်ကဲမှုဖြစ်ကာ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီပိုင် ဆီဘောက်ဆာကား ၂ စီး၊ အဆောက်အဦး၂ လုံး၊ ဝန်ထမ်းနေအိမ် ၁ လုံးနှင့် စက်လှေ ၁ စီး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ဆီဖြည့် ပြီးတော့ အပူလွန်ကဲရာက မီးလောင်တာပဲ၊ ဘယ်လောက်ဆုံးရှုံးတယ်၊ အရေးယူမှုတွေလုပ်ဖို့ကတော့ စုံစမ်း နေတုန်းပဲ”ဟု မီးလောင်ပြင်တွင် ရောက်ရှိနေသည့် မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
မီးလောင်မှုဖြစ်ပွားသည့် နေရာ၏ အနီးဝန်းကျင် နေသူများက စက်ရုံဝင်း အတွင်းမှ ဆီဘောက်ဆာ ပေါက်ကွဲသည့် အသံကျယ် တချက် စတင်ကြားရမှသာ မီးလောင်ကျွမ်းမှန်း သိကြကြောင်း ဆိုသည်။
“အုန်း ခနဲ အသံကျယ်ကြီး ကြားကြားချင်း ကျမ ယောကျာ်က ကလေးတွေခေါ်ပြီး ပြေးတော့ ဆိုတာနဲ့ ပြေးရတာ၊ စက်ရုံဝန်ထမ်း အိမ်ရာမှာ နေတာဆိုတော့ ပစ္စည်းတွေ အကုန်လုံး မီးလောင်တဲ့ အထဲပါသွားတယ်၊ ဘာမှ ပြန်မရဘူး၊ အသက်လု ပြေးရတာ”ဟု စက်ရုံဝန်ထမ်း အိမ်ရာနေ မီးဘေး ဒုက္ခကြုံရသူ အမျိုးသမီးက ပြောသည်။
ယင်း ဝန်ထမ်း အိမ်ရာတွင် နေထိုင်သူမှာ ၎င်းတို့မိသားစု တစု သာရှိကြောင်း၊ ၎င်း၏ အမျိုးသားမှာ စက်ရုံဝန်ထမ်းဖြစ် ကြောင်း၊ ဆီဘောက်ဆာ ပေါက်ကွဲသံ ကြားပြီးမှသာ မီးလောင်ကျွမ်းကြောင်း လာရောက် ပြောပြခြင်း ဖြစ်ကြောင်း၊ အခြား ဝန်ထမ်းများ ရှိသော်လည်း မည်သို့ဖြစ်သည်ကို မသိရှိကြကြောင်း အဆိုပါ အမျိုးသမီးက ရှင်းပြသည်။
အဆိုပါမီးလောင်မှုဖြစ်စဉ်တွင်အနည်းငယ် ထိခိုက် ဒဏ်ရာရရှိသူ ၂ ဦးသာရှိကြောင်း၊ သေဆုံးသူ အပြင်းအထန်ဒဏ်ရာ ရသူ မရှိကြောင်း၊ မီးလောင်မှုအတွက် မီးသတ်ကား ၅၂ စီးခန့် အသုံးပြု ခဲ့ရကြောင်း၊ ဆုံးရှုံးပျက်စီးမှု တန်ဖိုးကိုမှု စုံစမ်းဆဲ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ပုလဲလမ်းပေါ်ရှိ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (ဦးပိုင်) ပိုင် စက်ရုံ တွင် သံရည်ကျိုရာမှ မီးလောင်မှုတခု ဖြစ်ပွားခဲ့သည်။