ဘဝ ပျောက်ဆုံးနေတဲ့ ကလေးများ

ခေတ်ဘုန်းသစ်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံရဲ့ အနာဂါတ်အကြောင်း၊ ကလေး ပြုစုစောင့်ရှောက်ရေး အကြောင်းတွေ ပြောတိုင်း ပြောတိုင်းမှာ ကျမစိတ်ကို အမြဲဝင်လာ နှောက်ယှက်တတ်တဲ့ ကိစ္စလေး တခု ရှိပါတယ်။ အဲဒီ အကြောင်းအရာဟာ ကျမကို အမြဲပဲ ခြောက်လှန့် နေခဲ့ပါတယ်။ အဲဒါဟာ ဘာလဲ ဆိုတော့ ကျမတို့ နိုင်ငံက လက်ဖက်ရည်ဆိုင်တွေမှာ၊ စားသောက်ဆိုင်တွေမှာ၊ အိမ်တွေရဲ့ မီးဖိုချောင်မှာ၊ ဟိုမှာ..ဒီမှာ ဆိုသလို အမြဲတွေ့တွေ့နေရတတ်တဲ့ ကလေး အလုပ်သမားများ ရဲ့ ကိစ္စပါပဲ။ ကလေးတို့ရဲ့ အနာဂါတ်၊ ကလေးတို့ရဲ့ အခွင့်ရေးရယ်လို့ ကျမ ပြောတိုင်း ပြောတိုင်း မှာပဲ သူတို့ဟာ ကျမနဲ့ ဝေးတဲ့ တနေရာမှာ ကျန်နေရစ် ခဲ့သလိုပဲ စိတ်ထဲခံစားရပါတယ်။

ကလေး အလုပ်သမားဆိုတဲ့ ကိစ္စဟာ တကယ်တော့ နေ့စဉ် ဆိုသလို ကျမတို့ မြင်ရသမို့ သိပ်ပြီးတော့ မထူးဆန်းတော့လေသလား။ ကျမတို့ဟာ ကျောင်းနေရမယ့်၊ ကျောင်းနေသင့်တဲ့ ကလေးတွေ ကျောင်းခန်းထဲ မှာမရှိဘဲ လက်ဖက်ရည်ဆိုင်မှာ၊ အသုတ်ဆိုင်မှာ၊ ဈေးက ဆိုင်တွေမှာ ရှိနေတာကို ထူးဆန်းဖွယ် အရာရယ် လို့ မမြင်နိုင်ကြတော့ပါဘူး။ အမှန်ပြောရရင်ဖြင့် ကျမရဲ့ အဖွားအိမ်မှာတောင်မှ ငယ်ငယ်ကတည်းက မွေးထားတာ ဆိုတဲ့ မွေးစားသမီး လိုလို၊ အိမ်အလုပ်သမား လိုလို မိန်းကလေး တယောက်တောင် ရှိခဲ့ဖူးသေးတာပဲ။ အဲလို တရားဝင် မွေးစားတာလည်း မဟုတ်တဲ့၊ လုပ်အားခ ပိုက်ဆံလည်း မရတဲ့၊ သားသမီး အရင်းလိုမျိုး အကျိုး ခံစားခွင့်လည်း မရတဲ့ မွေးစား သားသမီးဆိုတဲ့ နာမည်လှလှလေးတွေသာ ရတဲ့ ကလေးအလုပ်သမားတွေ ကျမတို့ နိုင်ငံမှာ အများကြီးပါ။ ဒါဟာ ဘာဖြစ်လို့ ဖြစ်ရသလဲ လို့ ဆန်းစစ်ကြည့် ရင်ဖြင့် ဥပဒေ မရှိလို့ပါပဲ။ ကျမတို့ဟာ ဆင်းရဲတဲ့၊ မကျွေးနိုင်တဲ့ မိဘများရဲ့ သားသမီးတွေကို အဝတ်လေး နည်းနည်းဆင်၊ ၀၀ကျွေးရုံနဲ့ ခိုင်းလို့ ရတယ်လို့ သိနေကြ ပါတယ်။ ခိုင်းလည်း ခိုင်းနေကြပါတယ်။

အဲဒီလိုပဲ ဆင်းရဲတဲ့ မိဘများ အနေနဲ့ကလည်း သားသမီးကို ခိုင်းစားလို့ ရနေမှန်း သိတာမို့ ကျောင်းထားပေး မယ့် လူရှိရင်တောင်မှ မထားချင်တော့ဘူး။ ကိုယ်တိုင်က အလုပ်မလုပ်ဘဲ သားသမီးတွေကို ကျောင်းနုတ်၊ အလုပ်လုပ်ခိုင်း ပြီးတော့ အရက်ထိုင်သောက်နေတဲ့ အဖေ၊ ဖဲလည်ရိုက်နေတဲ့ အမေမျိုးတွေကို ကျမ တွေ့ဖူး ပါတယ်။ ၁၂ နှစ် အရွယ်သားကို အရက်ဆိုင်မှာ လစာကောင်းလို့ ဆိုပြီး လုပ်ခိုင်းပါတယ်။ ကလေးက ၁၂ နှစ်နဲ့ အရက်စွဲနေပါပြီ။  ၈ နှစ် အရွယ် သမီးလေးကို အိမ်ဖော်လုပ်ဖို့ ထည့်လိုက်တဲ့ အမေတွေ၊ လစာ ခြောက်လစာ လောက် ယူပြီးတော့ ကလေးပျော်သည်လား၊ မပျော်သည်လားလည်း မသိ။ နှိပ်စက်နေလား၊ မနှိပ်စက်နေလား လည်း မသိ။ ပိုက်ဆံရဖို့ တခုပဲသိတဲ့ အမေတွေ၊ အဖေတွေလည်း အများကြီးပါ။ ဒီလို ကိစ္စမျိုးတွေ အတွက် ကျမ ကတော့ ဆင်းရဲလို့ပါ ဆိုတဲ့ အကြောင်းပြချက် တခုတည်းကိုပဲ လက်မခံနိုင်ပါဘူး။ တကယ်တော့ ဥပဒေ မရှိလို့ပါပဲ။ ဂျာအေး သူ့အမေရိုက်သလိုပဲ။ အလုပ်ရှင်တွေကလည်း ကလေးဆိုတော့ အနိုင်ကျင့်ကောင်း၊ ခိုင်းကောင်းတော့ ခေါ်ခိုင်းချင်တယ်။ လစာများများလည်း မပေးရဘူးကိုး။

ကျမတို့ နိုင်ငံမှာ နှစ်စဉ် တောင်သူလယ်သမားတွေ၊ ဆင်းရဲသားတွေရဲ့ ကလေးတွေထဲကနေ အိမ်ဖော်တွေ၊ စားပွဲထိုးတွေ စတဲ့ ကလေးအလုပ်သမားတွေ ထွက်လာတာက အများကြီးပါ။ သူတို့တတွေ စာသင်ခန်းတွေထဲ ကို ရောက်တယ် ဆိုတာဟာ သိပ်ကိုမှ နည်းသထက် နည်းလာပါပြီ။ တဖက်က ပြန်တွေးကြည့်မယ် ဆိုရင်လည်း စာသင်ခန်း တွေဟာ တကယ်ရော ဆင်းရဲတဲ့ ကလေးတွေ အတွက် အခမဲ့ ဟုတ်ရဲ့လား လို့ တွေးကြည့်စရာပါ ပဲ။

အမေရိကန်နိုင်ငံမှာတော့ ကျောင်းစာသင်ခန်းတွေဟာ ဝင်ငွေနည်းသူ မိသားစုက ကလေးတွေအတွက် အခမဲ့ ပါပဲ။ အခမဲ့မှ စာအုပ်၊ ခဲတံ၊ အလှူငွေ ဘာဆိုဘာမှ တပြားတချပ်မှ မပေးရတဲ့ အခမဲ့ ပါ။ ကျောင်းက မနက်စာနဲ့ နေ့လည်စာ အလကားကျွေးပါတယ်။ နိုင်ငံရဲ့ အခွန်ငွေ တော်တော်များများကို ပညာရေးအတွက် သုံးထားတာပါ။ ဒါကြောင့်မို့လို့ သူတို့နိုင်ငံက ဆင်းရဲသားတယောက်ရဲ့ ကလေးဟာ သမ္မတ ဖြစ်နိုင်ခွင့်ရှိသလို၊ သိပ္ပံပညာရှင် တယောက်လည်း ဖြစ်ခွင့်ရှိပါတယ်။ ဆင်းရဲခြင်းကနေ နလံထူခွင့် ရှိပါတယ်။  ဆင်းရဲခြင်းကနေ နလံထူခွင့်ပေးခြင်းဟာ တကယ်တော့ တိုင်းပြည်ရဲ့ အနာဂါတ်ကို ပျိုးထောင်ပေးတာပါပဲ။ ဥပဒေ ရှိတဲ့ တိုင်းပြည်၊ ဥပဒေ အသက်ဝင်တဲ့ တိုင်းပြည်ပေမို့ ကလေးအလုပ်သမား မရှိတဲ့ ကိစ္စကိုတော့ အထူးတလည် လုပ်ပြီးတော့ ကျမ မပြောလိုတော့ပါဘူး။

ကျမတို့ နိုင်ငံက ဆင်းရဲတဲ့ မိသားစုတစုကနေ မွေးဖွားလာတဲ့ ကလေးတယောက်ဟာ သူ့ရဲ့ကလေး ဘဝကို အိမ်တအိမ်ရဲ့မီးဖိုချောင်မှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ အရက်ဆိုင်မှာ မြုပ်နံပစ်လိုက် ရတယ် ဆိုတဲ့ ကိစ္စဟာ တကယ်တော့ သူ့ရဲ့ စိတ်ပိုင်းဆိိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အားလုံးကို ဖျက်ဆီး ခံလိုက်ရတာပါပဲ။   လူဆင်းရဲ ရုံတင် မဟုတ်ဘူး။ အသိဉာဏ် ဆင်းရဲ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ ဆင်းရဲနေတဲ့ တယောက်အဖြစ် သူ့ကို ဖြစ်စေလိုက်တာ ပါပဲ။ အခြေခံလူတန်းစားကြီး ထဲမှာ ဒီလို လူမျိုးတွေ နံလံမထူနိုင်ဘဲ ပို ပိုပြီး များလာ၊ ပို ပိုပြီး ထူလာမယ် ဆိုရင် ဖြင့် နိုင်ငံရဲ့ အနာဂါတ်ဟာ ရင်လေးစရာကောင်းလှပါတယ်။

သေချာတာကတော့ ကလေး အလုပ်သမား ဥပဒေကို ကျမတို့ နိုင်ငံမှာ ခိုင်ခိုင်မာမာ အသက် မသွင်းနိုင်သေး သရွေ့၊ ကျောင်းတွေမှာ တကယ့်ကို  အခမဲ့ ပညာရေးစနစ်ကို မလုပ်နိုင်သေး သရွေ့ကတော့ ကျမတို့ မမြင်ချင် လည်း ဆိုင်တွေမှာ ဝမ်းတီး တူးကော် လို့ အော်နေရတဲ့ ကလေးတွေ၊ အိမ်ရှင်မရဲ့ အငေါက်ငမ်းခံရတဲ့၊ အိမ်ရှင်မနောက်က  ဈေးခြင်း မနိုင့်တနိုင်ဆွဲ နေရတဲ့ ကလေးငယ်လေး တွေကို တွေ့နေရဦးမှာပါပဲ။

ကလေးတယောက် အနေနဲ့ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ ကလေးတို့ရဲ့ အခွင့်ရေး ရဖို့ လိုပါ တယ်။ ကလေးတွေကို ကာကွယ် စောင့်ရှောက်ပေးမယ့် ဥပဒေလိုပါတယ်။ ဆင်းရဲပေမယ့် အင်္ကျီစုတ်လေးဝတ်၊ လွယ်အိတ်စုတ်လေးလွယ်လို့ ကျောင်းကို ပျော်ပျော်ရွှင်ရွှင် သွားနေကြတဲ့ ကလေးလေးတွေကို ကျမတို့ များများ တွေ့နိုင်ပြီ ဆိုရင်ဖြင့် ကျမတို့ နိုင်ငံရဲ့ အနာဂါတ် ဟာ ကျမတို့ မျှော်လင့်သလို သာယာလာနိုင်ပါလိမ့်မယ်။

(ခေတ်ဘုန်းသစ် သည် စာရေးဆရာမ ပန်းရိပ်ဖြူ၏ ကလောင်ခွဲဖြစ်သည်။ ခေတ်ဘုန်းသစ် ကလောင်အမည်ဖြင့် ကလေးစာပေ၊ ပုံပြင်၊ ကဗျာများရေးသား နေသကဲ့သို့ ပန်းရိပ်ဖြူ ကလောင်အမည်ဖြင့် ရသစာပေ ဝတ္ထုတို၊ ဝတ္ထုရှည်နျင့် ကဗျာများ ရေးသားလျက် ရှိသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading