Health

ခရမ်းလွန် ရောင်ခြည်ကြောင့် အစိုးရိမ် မပိုစေလို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည်သည် ပုံမှန်သတ်မှတ်ထားသည့် အဆင့်ထက် ယခုနှစ်တွင် အလွန်အမင်း ကျော်လွန်နေကာ အန္တရာယ်ရှိသည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်၍ အစိုးရိမ် မကဲကြရန် ဆရာဝန်များက ပြောသည်။

ခရမ်းလွန်ရောင်ခြည် အလွန်များလာသောကြောင့် တချို့သောသူများက အမျိုးသားအနေဖြင့် ကလေးမရနိုင်ခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်း၊ မျက်စိရောဂါများ(မျက်စိကွယ်ခြင်း)ဖြစ်နိုင်သည်ဟု ပြောခြင်းကို အရေပြား အထူးကုဆရာဝန်များနှင့် အထွေထွေရောဂါကု ဆရာဝန်များက ထိုသို့ လွယ်ကူစွာ မဖြစ်နိုင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ခရမ်းလွန်ရောင်ခြည် အရမ်းများလို့ စောစောက ရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ ဘယ်လိုမှ မဟုတ်ဘူး။ ဖြစ်နိုင်တာက ကြီးကြီးမားမားတွေဆိုရင် အရေပြားကင်ဆာတို့၊ သွေးကင်ဆာတို့၊ အရေပြားလေးဘက်နာတို့ ဖြစ်နိုင်တယ်။ ဒါတောင်မှ ရေရှည် နှစ်ပေါင်းများစွာ နေရောင်ထိခံထားတဲ့သူမှသာ ဖြစ်မှာ”ဟု အရေပြားအထူးကုဒေါက်တာမြတ်စန္ဒာက ပြောသည်။

ခရမ်းလွန်ရောင်ခြည် များလာခြင်းကြောင့် ပုံမှန်အားဖြင့် အပူလျှပ်ခြင်း၊ အရေပြား ယားယံခြင်း၊ မိတ်ဖုများ၊ အင်ပြင်များ ထွက်ခြင်း၊ ရေဓါတ်နည်းပါး၍ မူးမော်ခြင်း၊ သွေးအားနည်းခြင်းများ အများဆုံးဖြစ်နိုင်ကြောင်း အထွေအထွေရောဂါကု ဆရာဝန်အများစုက ပြောသည်။

“အရင်နှစ်နွေနဲ့ အခုတလောမှာ အဖြစ်များတာက ရေဓာတ်နည်းပြီး မူးမော်သူတွေ၊ နုံးပြီး နေမကောင်းတာတွေ၊ အပူလျှပ်တာတွေကြောင့် ဆေးခန်းလာပြသူ ပိုများလာတယ်။ ဒါကလည်း ခရမ်းလွန်ရောင်ခြည်ကြောင့် မဟုတ်ဘဲ တဆင့်ခံ အကျိုးသက်ရောက်မှုတွေကြောင့် ဖြစ်တာပါ”ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာမြင့်ဦး(ဂျီပီ)က ပြောသည်။

ခရမ်းလွန်ရောင်ခြည်သည် လူသားများအတွက် အကျိုးရှိသော်လည်း အဆင့်သတ်မှတ်ချက် များလာပါက ဆိုးကျိုးများသာ ဖြစ်လာနိုင်ကြောင်း ဆရာဝန်အများစုက ဆိုသည်။

နွေရာသီတွင် ခရမ်းလွန်ရောင်ခြည် များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ရာသီဥတုနှင့် လျော်ညီစွာ မဝတ်စားလျှင် (ဥပမာ- နေရောင်ထဲတွင် အမဲရောင်များ ဝတ်ခြင်း၊ တင်းကျပ်စွာ စည်းနှောင်၍ ဝတ်ဆင်ခြင်းများက)  အပူလျှပ်ခြင်း၊ နုံးခြင်း၊ မူးမော်ခြင်း များလည်း ဖြစ်နိုင်သည်ဟု သိရသည်။

“နေပူထဲ သွားမယ်ဆိုရင် Sun Block လိမ်းထားသင့်တယ်။ နေပူထဲ အမြဲတမ်းသွားလာပြီး အလုပ်လုပ်ရသူတွေ အတွက် ကတော့ Sun Blockကို အမြဲလိမ်းနိုင်မှာ မဟုတ်ဘူးလေ။ လိမ်းနေကြသူတွေတောင်မှ စနစ်တကျ မလိမ်းရင် ဘာမှမထူးဘူး။ မလိမ်းထားသလိုပါပဲ”ဟု ရန်ကုန်ပြည်သူ့ဆေးရုံမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာ ချစ်ဦးက ဆိုသည်။

ခရမ်းလွန်ရောင်ခြည်နှင့် နေရောင်ခြည်ကို ကာကွယ်လိုပါက Sun Block အား နာရီဝက်တကြိမ်၊ တနာရီတကြိမ် လိမ်းပေးသင့်ပြီး၊ ထိုသို့ မလိမ်းလိုပါက လမ်းသွားရာတွင် အရိပ်ရသည့် နေရာများမှသာ သွားခြင်း၊ ထီးဆောင်းခြင်း၊ နားသည့် အချိန်၌လည်း ရေများများသောက်ခြင်း၊ နေရောင်ခြည် တိုက်ရိုက်မထိအောင် ဝတ်ဆင်ခြင်းများဖြင့် ကာကွယ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရမ်းပူလာရင် ရေပိုငတ်လာမယ်၊ အာခြောက်လာမယ်။ ဒီလိုရာသီမှာ ရေများများသောက်ပေးရမယ်။ ဒါတွေက ခရမ်းလွန်ရောင်ခြည်များမှ ဖြစ်မှာမဟုတ်ဘူး။ အရမ်းပူလာရင်ကိုဖြစ်တာ”ဟု ဒေါက်တာချစ်ဦးက ပြောသည်။

ခရမ်းလွန်ရောင်ခြည်၏ ပုံမှန်သတ်မှတ်အဆင့်သည် ၇ ဖြစ်ပြီး၊ အဆင့် ၈ ရောက်ပြီဆိုပါက အန္တရာယ်ရှိသည့် အဆင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုရောက်နေသည့် ခရမ်းလွန်ရောင်ခြည်သတ်မှတ်အဆင့်မှာ တချို့နေရာများတွင် အဆင့် ၁၁ ဖြစ်ပြီး၊ အချို့နေရာများတွင် အဆင့် ၁၄ အထိ ဖြစ်နေကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ဆိုသည်။

“မနှစ်ကမှစပြီး လေ့လာတာမို့ အရင်က အဆင့် ဘယ်လောက်ဆိုတာကို မသိဘူး။ မနှစ်ကတော့ အဆင့် ၁၀ မှာ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ခရမ်းလွန်ရောင်ခြည် ပုံမှန်အဆင့်ကတော့ ၈၊ ၉ လောက်ဖြစ်နေတယ်” ဟု ဦးထွန်းလွင်က ပြောသည်။

နွေရာသီဝင်စ၌ပင် ခရမ်းလွန်ရောင်ခြည် အဆင့်သည် ပုံမှန်ထက် အလွန်များနေသောကြောင့် နွေရာသီ ရောက်လာပြီ ဆိုပါက ယခုထက် ခရမ်းလွန်ရောင်ခြည် ပို၍များလာမည်ကို ပြည်သူများက စိုးရိမ်နေကြခြင်းနှင့် ပတ်သက်၍ “နွေအလယ် ရောက်လို့ ခရမ်းလွန်ရောင်ခြည်က ဒီထက်ပိုတော့ မများလာနိုင်ပါဘူး”ဟု ဦးထွန်းလွင်က ဆိုသည်။

ခရမ်းလွန်ရောင်ခြည် အဆင့်သည် နွေရာသီ၌ ပိုမို မများလာနိုင်သော်လည်း ပိုလည်း မနည်းလာနိုင်ကြောင်းလည်း ဆိုသည်။

ထို့ပြင် စက်ယန္တရားများအား မလိုအပ်လျှင် မလည်ပတ်စေခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ကာ အပူချိန်ကို ထပ်မတက်စေနိုင်ကြောင်း သိရသည်။

သတ်မှတ်အဆင့်ထက်ပိုများပြီး အန္တရာယ်ရှိသည့် ခရမ်းလွန်ရောင်ခြည်အဆင့်ကို ရောက်ရှိနေသည်မှာ မြန်မာနိုင်ငံတွင်သာ မဟုတ်ဘဲ အရှေ့တောင်အာရှနိုင်ငံများနှင့် တောင်အာရှနိုင်ငံများဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်မူ အဓိကအားဖြင့် တနင်္သာရီတိုင်း နှင့် မွန်ပြည်နယ်တို့တွင် အများဆုံးဖြစ်နေကာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင်လည်း ထိုသို့ ဖြစ်နေလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading