ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေဒေသ၌ ဒေသဖွံ့ဖြိုးရေး စီမံချက်အဖြစ် လျော်ကြေးမပေးဘဲ ဥယျာဉ်ခြံမြေများ သိမ်းယူကာ ဟိုတယ်ဇုန် တည်ဆောက်ခဲ့သည့် ကိစ္စအား ဖြေရှင်းပေးပါရန် ဒေသခံတောင်သူ ၂၄၈ ဦးက နိုင်ငံတော်သမ္မတထံ ယနေ့ စာရေး တောင်းဆိုခဲ့ကြသည်။
အရှည် ၄ မိုင်ခွဲရှိသည့် ငွေဆောင်ကမ်းခြေ တလျှောက်ရှိ အုန်းခြံနှင့် လယ်မြေဧက ၂၅၀ ကျော် ကို ပုသိမ်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးကောင်စီ၊ မြို့နယ်မြေစာရင်း ဌာနတို့က ၂၀၀၀ ခုနှစ်တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး စိုက်ပျိုးထားသည့် အပင်ဖိုးသာ လျော်ကြေးငွေပေးခဲ့ပြီး မြေခ တပြားတချပ်မှ ပေးလျော်ခြင်းမရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။
“သိမ်းတုန်းက ဒေသဖွံ့ဖြိုးရေး စီမံကိန်းဆိုပြီး အတင်းသိမ်းတာပါ။ မြေ၊ ရေ၊ လေ အကုန်လုံး နိုင်ငံတော်က ပိုင်တယ်။ မင်းတို့ မဖယ်ပေးလို့ မရဘူး။ နေရာအစားပေးမယ်။ အပင်ဖိုး လျော်ကြေးပေးမယ်ဆိုပြီး သိမ်းသွားတာပါ။ ကျနော်တို့ လယ်မြေတွေ ဥယျာဉ်မြေတွေ အတွက် လျော်ကြေးတပြားမှ မရခဲ့ပါဘူး။ အဲဒီတော့ ကျနော်တို့နစ်နာမှုကို ဖြေရှင်းပေးဖို့ နိုင်ငံတော် သမ္မတကြီးကို တောင်းဆိုတာပါ” ဟု မြေ ၆ ဧက အသိမ်းခံခဲ့ရသည့် ဘူးကွဲလေး ကျေးရွာမှ ဦးတင်ထူးက ဧရာဝတီကို ပြောသည်။
မြေယာ အသိမ်းခံခဲ့ရသည့် ကျေးရွာများမှာ ငွေဆောင်၊ ဘူးကွဲလေး၊ ကျောက်ကလပ်၊ ကျောက်ကြီး၊ အုန်းတော၊ ဇီးတောဖျော၊ ရွာဟောင်းနှင့် ဇီးတော ကျေးရွာများဖြစ်ပြီး မြေသိမ်းစဉ်က အပင်ဖိုးအဖြစ် အသီးရှိသော အုန်းပင်အား ၄၅၀၀ ကျပ်၊ အပင်လတ် တပင်ကို ၁၅၀၀ ကျပ်နှင့် အပင်ငယ် တပင်အား ၅၀၀ ကျပ်နှုန်း လျော်ကြေးပေးကာ မြေသိမ်းခဲ့ခြင်း ဖြစ်သည်။
ဟိုတယ်များ ဆောက်လုပ်ထားသည့် ယင်းမြေယာများမှာ ယနေ့တိုင် တောင်သူများ နာမည်ဖြင့်ပင် မြေခွန်ပြေစာ ထွက်လျှက်ရှိပြီး နိုင်ငံတော်ကိုလည်း လက်ရှိအချိန်အထိ မြေခွန်ထမ်းဆောင်နေဆဲ ဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။
ဟိုတယ်များမှာ ဦးပိုင်ကုမ္ပဏီ လီမိတက်ထံမှ နှစ် ၃၀ ဂရမ်ဖြင့် မြေငှားရမ်း၍ ဟိုတယ်များ တည်ဆောက် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ငွေဆောင် ဟိုတယ်ပိုင်ရှင်များနှင့် နီးစပ်သူတဦးက ပြောသည်။
“ဟိုတယ်တွေက ဦးပိုင်ဆီကနေ နှစ် ၃၀ ဂရမ်နဲ့ ငှားပြီးလုပ်နေတာ။ အခုဆိုရင် ၁၀ နှစ် ကျော်သွားပြီပေါ့။ လက်ရှိမှာတော့ မြေတွေကို သူတို့ ဟိုတယ်ပိုင်ရှင် နာမည်ပေါက်ရအောင် လုပ်ဆောင်နေတာတွေ ရှိတယ်”ဟု သူက ပြောသည်။
မြေယာများကို သိမ်းဆည်းစဉ်က မြို့နယ်အဆင့်သာဖြစ်ပြီး ဦးပိုင် ကုမ္ပဏီလက်ထဲ မိမိတို့ မြေယာများ မည်သို့မည်ပုံ ရောက်ရှိသွားသည်ကို မသိရကြောင်းနှင့် မိမိတို့ သဘောမတူဘဲ မြေယာများကို အမည်ပြောင်းလဲရယူပါက ရသည့်နည်းဖြင့် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ဥယျာဉ်မြေ ၂ ဧက အသိမ်းခံခဲ့ရသည့် ငွေဆောင်ကျေးရွာမှ ဦးမျိုးမြင့်က ပြောသည်။
“ကျနော်တို့မြေတွေအတွက် လျော်ကြေးပေးရင်လည်း ပေးပါ။ မပေးရင်လည်း မြေတွေကို ပြန်ပေးပါ။ ဒီလိုမဟုတ်ဘဲ ကျနော်တို့ မသိဘဲနဲ့ မြေတွေကို သူတို့နာမည်ပေါက်လုပ်ပြီး အချောင်ယူမယ့်ကိစ္စကိုတော့ ကျနော်တို့ လုံး၀ လက်မခံနိုင်ပါဘူး။ ရတဲ့နည်းနဲ့ ကန့်ကွက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။
ငွေဆောင်ကမ်းခြေ၌ လက်ရှိ လည်ပတ်နေသည့် ဟိုတယ် ၁၇ လုံးရှိပြီး ဟိုတယ် ၅ လုံးမှာ တည်ဆောက်နေဆဲ ဖြစ်သည်။
ဟိုတယ် ပိုင်ဆိုင်မှုများမှာ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇက ငွေဆောင်၌ အကြီးဆုံး ဖြစ်သည့် Aureum Palace နှင့် Myanmar Treasure ဟိုတယ်၊ ဦးပိုင်ကုမ္ပဏီ လီမိတက်က Central ဟိုတယ်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး ဒေါ်ခင်ပြုံးရွှေက ရွှေဟင်္သာဟိုတယ်၊ သမ္မတအကြံပေး ဒေါက်တာ နေဇင်လတ်က AMBO ဟိုတယ်နှင့် ဦးဌေးမြင့်က ယုဇနဟိုတယ် တို့ကို အသီးသီး ပိုင်ဆိုင်ကြသည်။
ထို့ပြင် ဦးလှမောင်ရွှေက Silver View ဟိုတယ်၊ ဦးဖြိုးကိုကိုတင့်ဆန်းက Hotel Ace ဟိုတယ်၊ ဦးထွန်းမြင့်နိုင်က Asia World ဟိုတယ်၊ ၊ ဦးဝေလွင်က Sunny Paradise နှင့် Ocean Paradise ဟိုတယ်တို့ကို ပိုင်ဆိုင် လုပ်ကိုင်နေပြီး အခြားဟိုတယ်ပိုင်ရှင်များမှာ ဦးရဲမြင့်၊ ဦးစစ်သွေးအောင်၊ ဦးဝင်းအောင်၊ ဒေါ်သင်းသင်းအေး၊ ဦးမောင်မောင်ဦး၊ ဒေါ်နန်းသန်းထွေး၊ ဦးကြီးစိန်၊ ဦးရွှေ၊ ဦးမောင်မောင်ဌေးနှင့် ဦးကျော်ဦးလွင်တို့ ဖြစ်ကြသည်။
ဒေသဖွံ့ဖြိုးရေးအတွက် ဟိုတယ်ဇုန် အကောင်အထည် ဖော်ခဲ့သည်မှာ ၁၂ နှစ်ကျော် ကြာပြီဖြစ်သော်လည်း ဒေသခံများအတွက် အမှန်တကယ် ဖွံ့ဖြိုးမှုမရှိဘဲ ဆင်းရဲတွင်းသာ နက်ခဲ့ရကြောင်းနှင့် မိသားစုများ စီးပွားပျက်ခဲ့ရသလို သားသမီးများအား ပညာတပိုင်းတစဖြင့် ကျောင်းထုတ်ခဲ့ရကြောင်း ဇီးတောရွာမှ ကိုဇော်နိုင်က ပြောသည်။
“ဒီ ၁၂ နှစ်ကျော်ကာလမှာ မြေတွေယာတွေ အသိမ်းခံထားရတဲ့ အတွက် ဒေသခံတွေအကုန် အလုပ်လက်မဲ့တွေ ဖြစ်ကုန်ပြီးတော့ မဖွံ့ဖြိုးတဲ့အပြင် ဆင်းရဲတွင်း ပိုနက်သွားတယ်။ တချို့ဆို ကိုယ့်လယ်ပေါ်မှာ ဆောက်ထားတဲ့ ဟိုတယ်မှာ နေ့စားအလုပ်သမား ပြန်ဝင်လုပ်ရတယ်။ တချို့က ပင်လယ်ထဲ ငါးဖမ်းလိုက်ကြရတယ်။ တချို့က ကမ်းခြေမှာ ဖားကင်၊ ငါးကင် ရောင်းရတဲ့ ဘဝတွေ ရောက်ကုန်တယ်” ဟု သူက ပြောသည်။
ဒေသဆိုင်ရာ အာဏာပိုင်များက မြေသိမ်းခံရသူများ အတွက် ငွေဆောင်ကျေးရွာ အတွင်းရှိ လယ်ကွင်းများကို ထပ်မံသိမ်းယူကာ အမှတ် ၂ ရပ်ကွက် တည်ဆောက်၍ အိမ်မြေနေရာများ ချထားပေးခဲ့သော်လည်း ယင်းမြေနေရာများ၌ နေထိုင်၍ အဆင်မပြေ ဖြစ်နေကြောင်း ဒေသခံ တောင်သူများက ပြောသည်။
“သူတို့က အုန်းခြံတွေထဲမှာရှိတဲ့ ကျနော်တို့ အိမ်တွေကို အတင်းဖျက်ပြီး မြေကွက်ချပေးတဲ့ နေရာမှာ အကုန်လုံး လာပုံပစ်ခဲ့တာ။ မပြောင်းချင်လည်း ပြောင်းရတော့တာပေါ့။ သူတို့ပေးတဲ့ မြေကွက်ကလည်း လယ်ကွင်းတွေဆိုတော့ မိုးတွင်းဆို ရေမြုပ်တယ်။ ရေမြောင်းမရှိ၊ လျှပ်စစ်မီးမရှိ၊ ခြင်၊ ယင် တလောင်းလောင်းနဲ့ နေနေရတာ အဆင်မပြေဘူး”ဟု ငွေဆောင်ကျေးရွာသို့ ၎င်း၏ ဆန္ဒမပါဘဲ ရွှေ့ပြောင်းခဲ့ရသူ တောင်သူ ဦးမျိုးမြင့်က ပြောသည်။
မြေသိမ်းမှုများကို ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့် နိုင်ငံတော်သမ္မတထံ စာများ ပေးပို့တင်ပြထားသော်လည်း ယနေ့တိုင် ထူးခြားမှုမရှိဟု တောင်သူများက ဆိုသည်။
မြေသိမ်းမှုများအနက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ငွေဆောင်ကမ်းခြေ သဇင်ကျေးရွာ၌ ၎င်းတို့ သိမ်းဆည်းထားသည့် မြေယာများအတွက် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျပ်သိန်း ၇၀၀၀ ကျော် လျော်ကြေးပေးခဲ့ပြီး ယင်းမှာ ငွေဆောင်ဒေသ၌ မြေသိမ်းမှုအတွက် လျော်ကြေးပေးသည့် တခုတည်းသော ကုမ္ပဏီ ဖြစ်သည်။