ကယား (ကရင်နီ) ပြည်နယ်နှင့် မွန်ပြည်နယ်၏ မြို့နယ်ကျေးရွာ တချို့တွင် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျယ်ပြန့်နေပြီး ဒေသဆိုင်ရာ အာဏာပိုင်တချို့လည်း ပါဝင်ပတ်သက်မှု ရှိကြောင်း သတင်းရရှိသည်။
“ဒေသဆိုင်ရာ အာဏာပိုင်တွေ ကိုယ်တိုင် မပါဝင်ရင် ဒီကိစ္စက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာစရာ အကြောင်း မရှိဘူး၊ အခုပုံစံက တိုင်းရင်းသား လူငယ်တွေကို လူညွန့်တုံးအောင် တမင်လုပ်နေသလိုပဲ” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) ၏ ဗဟိုအလုပ်မှုဆောင် ဦးခူဖဲဘူးက ဧရာဝတီသို့ ပြောသည်။
KNPP အမည်ခံသူများသည်လည်း ကရင်နီဒေသ ဖရူးဆိုးမြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် ဘိန်းစိုက်ပျိုးသူများ၏ စာရင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးများထံမှ တောင်းခံ၍ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းချီ၍ ကောက်ခံနေကြောင်း ကန္တာရဝတီတိုင်း (မ်) သတင်းတွင် ရေးသားထားသည်။
ထို့အတူ မွန်ပြည်နယ်ရှိ ရေးမြို့နယ်၊ သံဖြူဇရပ်နှင့် မုဒုံ စသည့် မြို့နယ်များမှ ရာဘာခြံများတွင်လည်း ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ် ရောင်းချနေကြကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်းက ဧရာဝတီကို ပြောသည်။
၎င်းက “အာဏာပိုင်တွေက ထိထိရောက်ရောက် တားဆီးတာ မလုပ်ဆောင်ပေမယ့် မွန်ပြည်သစ်အဖွဲ့ကတော့ ဘိန်းစိုက်ပျိုး၊ သုံးစွဲမှု လျော့ကျ ပပျောက်ရေးအတွက် လုပ်နေတာတွေ့တယ်။ ကျနော်တို့ပါတီကလည်းပဲ ပညာပေး ဟောပြောတာတွေ လုပ်နေတယ်” ဟု ဆိုသည်။
မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ဘိန်းစာပင် ကိုင်းဆက် မျိုးပွားနည်းဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးရောင်းချနေကြ၍ တက္ကသိုလ် ကျောင်းသားများ၊ အထက်တန်းကျောင်းသား လူငယ်များ သုံးစွဲမှု များပြားနေကြောင်း၊ မိန်းကလေး တချို့ပင် ဘိန်းသုံးစွဲမှု ရှိသည်ဟု သိရှိရကြောင်း ဦးနိုင်ငွေသိန်းက ပြောသည်။
၎င်းက “တက္ကသိုလ် ကျောင်းတွေမှာတောင် ဝယ်လို့ရနေပြီ ကြားတယ်။ ဘယ်မှာရောင်းတယ်၊ ဘယ်မှာ စိုက်ပျိုးကြတယ် ဆိုတာကို ရဲတွေ၊ အာဏာပိုင်တွေက မသိဘဲ ဘယ်နေပါ့မလဲ” ဟုလည်း ဆိုသည်။
မွန်ပြည်နယ်အတွင်း၌ ဘိန်းစာရွက် ကိုင်းဆက် မျိုးပွားစိုက်ပျိုးခြင်းကို ၂၀၁၂ ခုနှစ်နှင့် ယခုနှစ်အတွင်း စိုက်ပျိုးမှု ပိုမို များပြားလာနေကြောင်း သိရပြီး ဘိန်းစာရွက်အား ပြုတ်၍သုံးစွဲခြင်း၊ အခြောက်လှမ်း သုံးစွဲခြင်း၊ အစိမ်းရွက်အတိုင်း အသုံးပြုခြင်း စသည့် နည်းလမ်းများဖြင့် အသုံးပြုကာ တရွက်လျှင် ကျပ် ၂၀၀ မှ ၄၀၀ အထိ ရောင်းချကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ၏ နိုင်ငံခြား ဆက်ဆံရေးတာဝန်ခံ နိုင်ဟံသာဘန်ခိုင်က ပြောရာတွင် ၎င်းတို့အနေဖြင့် ဒေသဆိုင်ရာ အာဏာပိုင်တချို့နှင့် ပူးပေါင်း လုပ်ဆောင်နေကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အားနည်း၍ ကုလသမဂ္ဂ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (UNODC) အဖွဲ့တို့နှင့် ပူးပေါင်း လုပ်ဆောင်နိုင်ရန်လည်း ကမ်းလှမ်းထားကြောင်း ဧရာဝတီသို့ ပြောသည်။
“အဓိက လုပ်တာက ကျနော်တို့ မွန်ပြည်သစ် ထိန်းချုပ်တဲ့ နယ်မြေတွေမှာပါ။ တခြား ဒေသတွေမှာတော့ ဒေသဆိုင်ရာ အာဏာပိုင်တချို့နဲ့ ပူးပေါင်းလုပ်နေတယ်၊ ၅ လပဲရှိသေးတော့ ထိရောက်မှု နည်းသေးတယ်” ဟု ၎င်းက ဆိုသည်။
ထို့အတူ ရှမ်းပြည်နယ် တောင်းပိုင်းရှိ အင်းလုံ၊ လွိုင်လင်၊ ပင်လုံ၊ ဆီဆိုင်၊ ဟိုပုံး၊ ကွန်ဟိန်း၊ ပင်လောင်း၊ လင်းခေး၊ မိုင်းပွန် စသည့် မြို့များတွင်လည်း ဒေသဆိုင်ရာ အာဏာပိုင်များက ငွေကြေးယူ၍ တရားမဝင် ဘိန်းစိုက်ပျိုးမှုကို လက်ခံ ခွင့်ပြုပေးနေသည်ဟု သိရပြီး သက်ဆိုင်ရာ စစ်တပ်နှင့် ရဲအရာရှိများကို စိုက်ပျိုးသည့် ဧကအလိုက် တဧက ကျပ် ၅ သောင်း နှုန်းပေးရသည်ဟု ဒေသခံများက ပြောသည်။
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တာဝန်ရှိသူတို့ကမူ ၎င်းတို့အနေဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စကို မြန်မာအစိုးရနှင့် ပူးတွဲလုပ်ဆောင်ခွင့် ရရှိပါက ၆ နှစ်အတွင်း အကောင်အထည်ဖော် လုပ်ဆောင်ပြနိုင်ကြောင်း ဧရာဝတီကို ပြောဆိုသည်။