သတင်း

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းခရီး ဆန္ဒပြမှုနှင့် ကြုံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မတ်လ ၁၃ ရက် စီမံကိန်းတည်ရှိရာ အနီးတဝိုက်ရှိ ဒေသခံများနှင့်တွေ့ဆုံပြီး ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သော အစီရင်ခံစာအကြောင်း ရှင်းလင်းတင်ပြချိန်နှင့် တပြိုင်နက်တည်း အစီရင်ခံစာအပေါ် ဆန့်ကျင်ဆန္ဒပြမှုနှင့် ကြုံခဲ့ရသည်။

မုံရွာမြို့ ရှိ ဝင်းယူနီတီ ဟိုတယ်သို့ နေ့လည် ၁၁နာရီခွဲခန့်တွင် ရောက်ရှိခဲ့ပြီး စီမံကိန်းအနီး တဝိုက် ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းရန် နေ့လည်၁နာရီခန့်တွင် အုန်းတောရွာအခြေခံပညာ မူလတန်းကျောင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားခဲ့ပြီး ကြေးနီစီမံကိန်း ဆက်လက်လုပ်ကိုင်မည့်အပေါ် ရှင်းလင်းပြောပြရာ အသိမ်းခံ လယ်ယာမြေများအတွက် ကာလ ပေါက်ဈေးအတိုင်း လျော်ကြေးများပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လယ်မြေ သိမ်းဆည်းခံခဲ့ရသူများအနေဖြင့်  မိမိတို့ သိမ်းဆည်းခံရကြောင်းကို မှန်ကန်သည့် အထောက်အထားများနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာ အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီသို့ နှစ်ပတ်အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း၊ လျှောက်ထားချက်ကို ဆောင်ရွက်ပေးခြင်းမရှိပါက စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တိုင်ကြားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ စီမံကိန်းကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါက တိုင်းပြည်နဲ့လူထု အကျိုးစီးပွားအတွက်ပါ။ ကျမ ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်တွေ မှတ်ချက်တွေကို ဒေသခံတွေက မကျေနပ်ဘူးဆိုရင် ကျွန်မကို ဆန္ဒပြနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အုန်းတောရွာဒေသခံများနှင့်တွေ့ဆုံရာတွင် ပြောကြားသွားသည်။

တချိန်တည်းတွင်ပင် အစီရင်ခံစာအပေါ် ကျေနပ်မှုမရှိသည့် လက်ပံတောင်းတောင် ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး ကော်မတီမှ ဦးဆောင်ပြီး ရွာပေါင်း ၁၅ ရွာမှ ဒေသခံ ၂၀၀ ခန့်က ယနေ့ နေ့လည် ၁ နာရီခွဲမှ စတင်ကာ တုံရွာသပိတ်စခန်းမှ မြန်မာဝမ်ပေါင်ကုမ္ပဏီ ရုံးရှေ့သို့ စီတန်းကာ ဆန္ဒထုတ်ဖော်လျက်ရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်နေသူ ကိုသောင်းထိုက် က ဧရာဝတီသို့ပြောသည်။

“ကျနော်တို့က ဒေါ်စု လာခြင်း မလာခြင်းကို အလေးမထားဘူး။ ကြေးနီစီမံကိန်းဖျက်သိမ်းရေးကိုပဲ လုပ်တာ။ အစီရင်ခံစာအပေါ် ဒေသခံတွေက လုံးဝကျေနပ်မှုမရှိဘူး။ သူတို့ လျစ်လျူရှုခံရတယ်။ သူတို့ ကိုးကွယ်တဲ့ သံဃာတော်တွေတွ ထိခိုက်ခဲ့ရတဲ့အပေါ် မကျေနပ်ဘူး”ဟု ကိုသောင်းထိုက်က ပြောသည်။

၎င်းတို့အနေဖြင့် စီမံကိန်းကို လုံးဝကန့်ကွက်ကြောင်း၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ရပ်ဆိုင်းစေလိုကြောင်း၊ မီးလောင်ဗုံးမဟုတ်ဟု အစီရင်ခံစာတွင်ဖော်ပြထားခြင်းကို တိကျစွာဖြေရှင်းစေလိုကြောင်း၊ ကြေးနီစီမံကိန်းဖျက်သိမ်းရေးကိုသာ ဦးတည်ကြောင်း၊ စီမံကိန်း မဖျက်သိမ်းမချင်း ဆက်လက်လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းဟုလည်း ဆိုသည်။

ယနေ့ နေ့လည် ၁၂နာရီ ခန့်က ရွှေညဝါဆရာတော်ကလည်း တုံကျေးရွာသပိတ်စခန်းသို့ ကြွကာ ဒေသခံများကို မကြောက်တရားဟောကြားသွားကြောင်း သိရသည်။

လက်ပံတောင်း စုံစမ်းရေး အစီရင်ခံစာနှင့်ပတ်သက်ပြီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်၏ သဘောထားကို ယနေ့ ထုတ်ပြန်ကြေညာရာ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တင်ပြခဲ့သော အကြံပြုချက်များကို ဝန်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာ အဆင့်မီ ပြည်ပကျွမ်းကျင် ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

အုန်းတောရွာဒေသခံများနှင့် တွေ့ဆုံပွဲတွင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ တာဝန်ရှိသူတဦးကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်မှ တင်ပြချက်များအတိုင်း ဒေသခံများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကော်မရှင်၏ လိုလားချက်များနှင့် ဒေသခံများလိုအပ်ချက်ကို ဖြည့်ဆည်းမည်ဟု ကတိပြုကြောင်း ပြောကြားသွားခဲ့သေးသည်။

မြန်မာဝမ်ပေါင်ကြေးနီကော့ပါးကုမ္ပဏီကလည်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို ဝမ်းပန်းတသာကြိုဆိုကြောင်း ထုတ်ပြန်ကြေညာသည်။ ဒေသ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးမှုကို အလေးထားကြောင်း၊ ဒေသခံများ၏ လိုလားချက်များကို ကုမ္ပဏီက အလေးထား နားထောင်ပေးသွားမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် နိုင်ငံတကာစံချိန်စံညွန်းများနှင့်အညီ ဆောင် ရွက်မည်ဖြစ်ကြောင်း၊ ဒေသခံများ၏ ပြောကြားချက်များအပေါ် စိတ်ရှည်စွာနားထောင်ပေးမည်ဖြစ်ကြောင်း၊ ကုမ္ပဏီအကျိုး တခုသာမဟုတ်ဘဲ မြန်မာနိုင်ငံအကျိုးကို ရှေးရှုဆောင်ရွက်သွားမည်ဟု ယနေ့နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ကော်မရှင်၏ အကြံပြုချက် များကို အကောင်အထည်ဖော်မည့် အဖွဲ့များသည်လည်း လာမည့် မတ်လ ၁၅ရက်မှ ၁၇ရက် အတွင်း လက်ပန်းတောင်ကြေးနီ စီမံကိန်း အနီးတဝိုက်ရှိ ဒေသခံကျေးရွာများသို့ ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

အုန်းတောတွေ့ဆုံပွဲတွင် အုန်းတောကျေးရွာနှင့် ဝက်မှေး ကျေးရွာများမှ ကော်မရှင်က တင်ပြထားသည့်အတိုင်း စီမံကိန်း ဆက်လက် အကောင်အထည်ဖော်မည့်အပေါ် သဘောတူညီကြောင်း၊ အစီရင်ခံစာအပေါ် ကန့်ကွက်လိုခြင်း မရှိကြောင်း၊ ကျေးရွာများ အဆင့်မြင့် တိုးတက်လာရေးကိုသာ လိုလားကြောင်း ဒေါ်အောင်ဆန်းစုကြည်သို့ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီမှ ဆက်သွယ်ရရှိသည့် ဝက်မှေးကျေးရွာဒေသခံတဦးက စီမံကိန်းအပေါ် ကန့်ကွက်လိုခြင်း မရှိကြောင်း၊ ယနေ့ ရွာ ၁၅ ရွာ ဆန္ဒထုတ်ဖော်သည်ဟု ဆိုသော်လည်း ဝက်မှေးရွာ က ပါဝင်လှုပ်ရှားမည်မဟုတ်ကြောင်း ဖြေဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကော်မရှင်အဖွဲွ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ ဆာလဖျူရစ် အက်စစ်စက်ရုံသို့ သွားရောက်ပြီး စက်ရုံတွင်းလေ့လာမှုများပြုလုပ်ခဲ့ပြီး ဝက်မှေးကျေးရွာသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့သည် မတ်လ ၁၄ရက် တွင် မုံရွွာမှ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။

နောက်ဆုံးရရှိသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြနေသူများနှင့် တွေ့ဆုံရန် ကမ်းလှမ်းချက်ကို ဆန္ဒပြသူများက ပယ်ချခဲ့ကြောင်း သိရသည်။

လက်ပံတောင်းအစီရင်ခံစာကို လေ့လာစောင့်ကြည့်သူများကမူ ဘုန်းတော်ကြီးများကို ရဲတပ်ဖွဲ့၏ အကြမ်းဖက် နှိမ်နင်းမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာက မည်သို့ အရေးယူဆောင်ရွက်သင့်ကြောင်း မဖော်ပြခဲ့သဖြင့် တရားမျှတမှု မရှိဟု သုံးသပ်နေကြသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့်လည်း လက်ပံတောင်း အစီရင်ခံစာက ဖော်ပြခဲ့သော ဆန္ဒပြသံဃာတော်များကို နှိမ်နင်းရာတွင် ရဲက ဖော့စဖရက် မီးစုန်းသုံးစွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း သိရှိရသည်။

ဝါရှင်တန်ပို့စ် သတင်းစာ၏ သတင်းတပုဒ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာဆရာကြီး ဦးဝင်းတင်က ဒေါ်အောင်ဆန်းစုကြည်သည် ရင်ကြားစေ့ရန်သာ ဆန္ဒပြင်းလွန်းနေသည်ဟု အတိုက်အခံခေါင်းဆောင်အပေါ် ဝေဖန်ထားသည်။

ရန်ကုန်မြို့ အခြေစိုက် နိုင်ငံရေးဝေဖန်သုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းကမူ လက်ပံတောင်း အစီရင်ခံစာနှင့် ပတ်သတ်ပြီး ကိုယ်ပိုင်ဖေ့ဘွတ်အကောင့်တွင် “စုံစမ်းရေးကော်မရှင်သည် အကယ်စင်စစ် နိုင်ငံရေးသတ်ကွင်း၊ နိုင်ငံရေးထောင်ချောက်ဖြစ်သည်။ အဆိုပါသတ်ကွင်း၊ ထောင်ချောက်ကို တိုင်းပြည်နှင့်ပြည်သူအကျိုးအတွက် ဖြတ်လျှောက်ဝံ့သူမှာ ဒေါ်စု တဦးတည်းသာရှိသည်။ ဒေါ်စု ကော်မရှင်တွင် ပါဝင်လာသဖြင့် ဝမ်ပေါင်ရော၊ ဦးပိုင်ရော အလျော့ပေးမှုတွေ လုပ်လာရသည်မှာ မငြင်းနိုင်သောအချက်
ဖြစ်သည်” ဟု ရေးသားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading