သတင်း

ပုံနှိပ်ဥပဒေကြမ်း ထောက်ခံချက် ထုတ်ဝေသူများ ကန့်ကွက်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို အတည်ပြုပြဋ္ဌာန်းရေး ထောက်ခံချက်သည် စာပေထုတ်ဝေရေး လုပ်ငန်းရှင်များကို ကိုယ်စားပြုသော သဘောထား မဟုတ်သဖြင့် ကန့်ကွက်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့ရှိ စာပေထုတ်ဝေရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်ကြသည်။

ယနေ့အစိုးရပိုင်သတင်းစာများတွင် မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်းက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာအုပ်ထုတ်ဝေရေးလောက၏ ရပ်တည်ရေးကို ဥပဒေကြောင်းအရ အထောက်အကူပြုကြောင်း၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေနှင့် ၁၉၃၁ ခုနှစ် ပုံနှိပ်သူများ(အရေးပေါ်အာဏာ) ဥပဒေများနှင့် နှိုင်းယှဉ်ကြည့်ပါက ထုတ်ဝေသူများအနေဖြင့်လည်း ပိုမို လွတ်လပ် ပျော့ပျောင်းစွာ လုပ်ကိုင်နိုင်ခွင့်များ ရရှိကြောင်း၊ ထို့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၏ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို အတည်ပြုပေးသင့်ကြောင်း သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော ရန်ကုန်နှင့်မန္တလေးမြို့ရှိ နာမည်ကျော် စာပေတိုက်များ၊ စာအုပ်ထုတ် ဝေရေးလုပ်ငန်းရှင်များ၊ ဖြန့်ချိသူများကမူ  ယင်းသဘောထားထုတ်ပြန်ချက်ကို မသိရှိကြောင်းနှင့် ၎င်းတို့ကို ကိုယ်စားပြုခြင်း မရှိကြောင်း ပြောဆိုသည်။

မန္တလေးမြို့မှ နာမည်ကျော် စာပေထုတ်ဝေရေး၊ ဖြန့်ချိရေးများဖြစ်ကြသည့် ဥတ္တရလွင်ပြင်စာပေတိုက်၊ လူထုစာပေတိုက်၊ မန္တလေးထွန်းဦးစာပေတိုက်အပါအဝင် စာပေတိုက်များက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် စာပေလွတ်လပ်ခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားသဖြင့် သဘောမတူကြောင်း ပြောဆိုကြသည်။

မြန်မာနိုင်င ံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းဝင်လည်းဖြစ်၊ မန္တလေး ဥတ္တရလွင်ပြင်စာပေတိုက်မှ ထုတ်ဝေသူလည်းဖြစ်သူ ဦးသန်းေဋ္ဌးက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းသည် ၁၉၆၂ ခုနှစ် ဥပဒေကို ပြန်လည်အသက်သွင်း၍ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်ကို ထိန်းချုပ်ရန်ကြိုးစားသည့်
ဥပဒေဖြစ်သောကြောင့် လုံးဝလက်မခံနိုင်ကြောင်း ပြောသည်။

“စာပေစိစစ်ကို ဖျက်သိမ်းပြီးတော့ ဒီဥပဒေနဲ့ ပြန်ချုပ်တဲ့ သဘောပဲ။ ပုံနှိပ်ဥပဒေဆိုပြီး ပုံနှိပ်သမားနဲ့ ပြန်လှည့်ချုပ်တာ။ ရေးချင်တာရေးလေ။ ပုံနှိပ်လို့မရဘူးဆို ဘာလုပ်မလဲ။အဲဒါကြောင့် မကြိုက်ဘူး လုံးဝလက်မခံဘူး” ဦးသန်းေဋ္ဌးက ဆိုသည်။

မန္တလေးထွန်းဦးစာပေမှ ဦးထွန်းဦးကလည်း စာပေထုတ်ဝေခွင့်ကို ပြန်ကြားရေးဝန်ကြီးဌာနက ထိန်းချုပ်ထားခြင်းမျိုး မလိုချင်ဘဲ အပြစ်ရှိပါက တရားဥပဒေကြောင်းအရ တရားရုံး၏ ဆုံးဖြတ်ချက်ဖြင့်သာ လုပ်ကိုင်ဖြေရှင်းဆောင်ရွက် လိုကြောင်း ပြောသည်။

မန္တလေး၏ နာမည်ကျော် လူထုစာပေတိုက်ပိုင်ရှင် ဦးညီပုလေးက “ကျနော်အနေနဲ့ သဘောမတူဘူးဗျ။ ဒီကိစ္စက အန္တရာယ်ကြီးပါတယ်။ ပြန်ကြားရေးက ထုတ်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်တယ်ဆိုတာထက် ထုတ်ဝေဖြန့်ချိ အသင်းရဲ့လုပ်နည်းလုပ်ဟန်ကို မကြိုက်ဘူး။ လက်မခံနိုင်တဲ့အချက်ကတော့ ဥပဒေကြမ်းမှာပါတဲ့ ပြန်ကြားရေးဝန်ကြီးဌာန၊ မှတ်ပုံတင်အရာရှိရဲ့ လုပ်ပိုင်ခွင့်က လိုသလို လုပ်နိုင်တဲ့ပုံစံဖြစ်နေတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်မြို့အခြေစိုက် စာပေထုတ်ဝေရေးနှင့် ဖြန့်ချိရေးလုပ်ငန်းများ ဖြစ်ကြသည့် ငါတို့စာပေ၊ ရန်အောင်စာပေတိုက်၊ မျိုးဆက်သစ်စာပေ၊ ဖေမြင့်စာပေ၊ AZ စာပေအပါအဝင် စာပေတိုက်များကလည်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းတွင် အငြင်းပွားဖွယ် နောက်ကြောင်းပြန်လှည့်စေနိုင်သော ပြဋ္ဌာန်း ချက်များပါဝင်သဖြင့် ကန့်ကွက်ကြောင်း ပြောဆိုကြသည်။

“ငါတို့” စာပေတိုက်ပိုင်ရှင် ကိုဆန်းမွန်အောင်(စာရေးဆရာမြေမှုန်လွင်)က ပုံနှိပ်ဥပဒေကြမ်းတွင် စာပေစိစစ်ကဲ့သို့ အာဏာရှိသောအဖွဲ့ သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးက စာပေထုတ်ဝေခွင့်ကို ထိန်းချုပ်နိုင်၍ လိုသလိုခြယ်လှယ်နိုင်သည့် လုပ်ပိုင်ခွင့်ရှိ နေသောကြောင့် ဖြစ်ကြောင်း၊ ထုတ်ဝေသူများ လိုလားသည်မှာ စာပေထုတ်ဝေခွင့် ကို ပြန်ကြားရေးဝန်ကြီးဌာနမှ ထိန်းချုပ်ခြင်းမရှိဘဲ ပြသနာဖြစ်ပွားပါက တရားရုံးတွင်သာ ရင်ဆိုင်ဖြေရှင်းလိုကြောင်း ၎င်းက ဆိုသည်။

”ပုံနှိပ်ထုတ်ဝေလုပ်ငန်း ဥပဒေဆိုတော့ ပုံနှိပ်နဲ့ထုတ်ဝေသူတွေ လက်ခံရင်ရပြီလို့ ပြန်ကြားရေးဝန်ကြီးက ယူဆပုံရတယ်။ ဥပဒေကြမ်း မထုတ်ပြန်ခင်မှာ ပုံနှိပ်နဲ့ထုတ်ဝေသူအချို့ကို ပြန်ကြားရေးဝန်ကြီးက လက်သိပ်ထိုးခေါ်တွေ့ လိုက်တာ ထုတ်ဝေသူ တော်တော်များများ မသိလိုက်ဘူး။ အသင်းက ဦးစီးသူတွေက သွားတွေ့ပြီးတော့ ဝန်ကြီးသဘောကျအောင် လက်ခံခဲ့တယ်။ ပြီးမှ မနေ့(မတ်လ ၁၂ ရက်)က ကျနော်တို့ထုတ်ဝေသူတွေကိုခေါ်ရှင်းပြတယ်။ သူတို့ လက်ခံလာပြီးမှ ခေါ်ရှင်းပြတာ။ ပြန်ကြားရေးဝန်ကြီး ကျေနပ်လောက်တဲ့ အဖြေကိုပေးပြီးတော့မှ ကျနော်တို့ကို ပြန်ရှင်းပြတာ။ ပြီးတော့ ထုတ်ဝေသူအသင်းက လက်ခံတယ်လို့ ထုတ်ပြန်လိုက်တယ်။ စာပေထုတ်ဝေသူအသင်းမှာပါနေတဲ့ ခေါင်းဆောင် လေးငါးယောက်ရဲ့ဆုံးဖြတ်ချက်က ထုတ်ဝေသူ အားလုံးကို ကိုယ်စားမပြုပါဘူး။ သူတို့ သဘောတူပေမယ့် သဘောမတူတဲ့သူတွေ အများကြီးရှိသေးတယ်”ဟု ကိုစန်းမွန်အောင် (စာရေးဆရာမြေမှုန်လွင်) က ပြောသည်။

ပုံနှိပ်ဥပဒေကြမ်းသည် ပုံနှိပ်နှင့်ထုတ်ဝေခြင်း လုပ်ငန်းများအတွက် အကျိုးရှိသောကြောင့် ပုံနှိပ်ထုတ်ဝေသူတစ်ဦးအနေဖြင့် ထောက်ခံသော်လည်း တိုင်းပြည်အတွက်အကျိုးမရှိသောကြောင့် မထောက်ခံနိုင်ကြောင်း၊ တိုင်းပြည်နှင့်လူမျိုး အကျိုးရှိမှသာထောက်ခံမည်ဖြစ်ကြောင်း ရန်ကုန်မြို့ ၃၅လမ်းမှ
AZ စာပေတိုက်ပိုင်ရှင် ဦးမြင့်ဝင်းမောင်က ပြောသည်။

”သူတို့ခွင့်ပြုမှ အင်တာနက်တင်ရမယ်ဆိုရင် လူငယ်တွေ စာတပုဒ်၊ ကဗျာတပုဒ် တင်ချင်ရင် မှတ်ပုံတင်ရမယ်ဆိုတော့ လူငယ်တွေ အသိဉာဏ်ဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ်စေတယ်။ ထုတ်ဝေသူတွေ ဘာကြောင့်ကြိုက်လဲဆိုတော့ ပြစ်ဒဏ် သိန်း၅၀ ပေးလိုက်ရင် လုပ်ချင်တာ လုပ်လို့ရတယ်။ အခု ညစ်ညမ်းစာပေ ထုတ်မယ်ဆိုပါဆို့။ အုပ်ရေ တသိန်းထုတ်ရင် ကုန်မှာပဲ။ တအုပ် ငွေတထောင်ပဲမြတ်တယ်ထားဦး သိန်းတထောင်မြတ်တယ်။ ငွေဒဏ် သိန်း ၅၀ ကိုကြိုတောင် ပေးထားဦးမယ်။ ဒီဥပဒေကြီးရှိလာရင် တိုင်းပြည်မှာ မဟုတ်တာလုပ်ချင်တဲ့ကောင်တွေ သိန်း ၅၀ ကိုင်ပြီး မဟုတ်တာ လုပ်မယ်။ ဟုတ်တာလုပ်ချင်တဲ့ကောင် လုပ်လို့မရတော့ဘူး” ဟု ဦးမြင့်ဝင်းမောင်က ဆိုသည်။

မြန်မာနိုင်ငံ စာပေထုတ်ဝေရေးနှင့် ဖြန့်ချိရေးအသင်း၏ ပုံနှိပ်ဥပဒေကြမ်း အတည်ပြုရေး ထောက်ခံချက်ကို  သတင်းစာတွင် ပါမှ သိရှိရကြောင်း၊ အသင်းအစည်းအဝေး ခေါ်ယူမှုကိုလည်း မသိရှိ ကြောင်း၊ ယခု ဥပဒေကြမ်းတွင် ပြစ်ဒဏ်များ ပါရှိသောအချက်ကို သဘောမကျသောကြောင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ကရေးဆွဲလျက် ရှိသော မီဒီယာဥပဒေကိုသာ စောင်ကြည့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့အခြေစိုက် ရန်အောင်စာပေ ၂ မှ ဒေါ်နီနီအောင်ကလည်း ပြောသည်။

မျိုးဆက်သစ်စာပေမှ ဒေါ်တင်မာဦးကလည်း စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၏ ဆောင်ရွက်ချက် များသည် ပွင့်လင်းမြင်သာမှု မရှိသည့်အပြင် ယခုဥပဒေသည် ပုံနှိပ်နှင့်ထုတ်ဝေသူများကို အမှန်တကယ် အကျိုးရှိစေရန် အသင်းတာဝန်ရှိသူများက လုပ်ဆောင် မပေးနိုင်ကြောင်း ပြောဆိုသည်။

ပုံနှိပ်ဥပဒေကြမ်းတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ မှတ်ပုံတင်အရာရှိသည် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်ခွင့်၊ သက်တမ်းတိုးခွင့်၊ ရုပ်သိမ်းခွင့်များ လုပ်ပိုင်ခွင့်ရှိသဖြင့် အထူးအာဏာပေးအပ်ထားသကဲ့ သို့ ဖြစ်နေသောကြောင့် လုံး၀ ကန့်ကွက်ကြောင်း ဖေမြင့်စာပေတိုက်မှ သတင်းစာဆရာ ဦးဖေမြင့်က ပြောသည်။

ရန်ကုန်မြို့၏ နာမည်ကျော် အင်းဝစာပေတိုက်မှ မန်နေဂျာဦးမောင်မောင်လွင်ကမူ ” အရင်က စာပေစိစစ် လက်အောက်မှာ လုပ်ငန်းလုပ်ရတာ တော်တော်ဆိုးတယ်။ အချို့စာအုပ်တွေဆိုရင် လုံး၀ ထုတ်လို့မရဘူး။ နိုင်ငံခြားက စာအုပ်တွေသွင်းလာပြီးမှ ဒီမှာပြန်ပြီး ထုတ်လို့မရတာတွေ အများကြီးပဲ။ အခုဥပဒေကြမ်းက အဲဒီ အခက်အခဲတွေထက်စာရင် အများကြီး ပိုကောင်းလာတယ်။ အချက်အလက်တွေက ပိုပျော့ပျောင်း လာတယ်။ အလုံးစုံတော့ သဘောမတူဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပုံနှိပ်ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသဖြင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာသတင်းသမဂ္ဂ၊ မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်၊ သတင်းလွတ်လပ်ခွင့်ကော်မတီ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ပြန်လည်ရုပ်သိမ်းပေးရန် မတ်လ ၁၂ ရက်နေ့က တောင်းဆိုကြသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading