နယ်စပ်ဒေသနှင့် တိုင်းရင်းသား ဒေသများတွင် လုပ်ကိုင်နေသည့် ကျန်းမာရေး အဖွဲ့အစည်းများနှင့် အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနတို့ ကျန်မာရေး စောင့်ရှောက်မှု စနစ်များ အပြန်အလှန် တွေ့ဆုံဆွေးနွေးမည့် ကျန်းမာရေး အစီအစဉ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (Health Program Convergence Seminar) ကို ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံ နယ်စပ်အခြေစိုက် မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း (BMA) မှ အတွင်းရေးမှူး ဦးနိုင်အေးလွင်က “တိုင်းပြည်ထဲမှာ နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေး ဆွေးနွေးနေတယ်။ အဲဒီလိုပဲ ကျန်းမာရေးအဖွဲ့တွေကလည်း တိုင်းပြည်ရဲ့ ကျန်းမာရေးစနစ်ကို ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာကို ဆွေးနွေးသွားမယ်။ ဒီတကြိမ် ဆွေးနွေးပွဲက ပထမခြေလှမ်းပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို ထိုင်း-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၊ နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု ကျန်းမာရေးအဖွဲ့များနှင့် ကရင်ပြည်နယ်အဆင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယခုလ ၁၅ နှင့် ၁၆ ရက်များတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်စဉ်နှင့်အတူ တိုင်းရင်းသားဒေသများ၏ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကိုလည်း ထည့်သွင်း ဆွေးနွေးသွားရန် လိုအပ်ကြောင်း ဦးနိုင်အေးလွင်က ပြောသည်။
ယင်းဆွေးနွေးပွဲသို့ နယ်စပ်ဒေသတိုင်းရင်းသား နယ်မြေများတွင် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေသည့် မယ်တော်ဆေးခန်း၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအသင်း၊ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့၊ ကရင် ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာန၊ ကရင်နီ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှု ကော်မတီ၊ မွန်အမျိုးသား ကျန်းမာရေး ကော်မတီ၊ အမျိုးသားကျန်းမာရေးနှင့် ပညာရေးကော်မတီနှင့် ရှမ်းကျန်းမာရေး ကော်မတီတို့ တက်ရောက်ကြမည်ဖြစ်ပြီး ကရင်ပြည်နယ် အစိုးရ ကျန်းမာရေးဌာကိုလည်း ဖိတ်ကြားထားပြီး ဖြစ်ကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များ၊ နယ်စပ်ဒေသအခြေစိုက် လူထုအခြေပြု ကျန်းမာရေး အဖွဲ့များသည် ပြည်တွင်းစစ်များကြောင့် အစိုးရ ကျန်းမာရေးဌာနက လက်လှမ်းမမှီသည့် ဒေသများတွင် လှည့်လည်သွားလာကာ လူထုကျန်းမာရေး ဝန်ဆောင်မှု ပေးလျက်ရှိသည့် အဖွဲ့များ ဖြစ်သည်။
ယခုလအတွင်း ပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနှင့် မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အဓိက ဆွေးနွေးမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ကျန်းမာရေး အာမခံစနစ်နှင့် စီမံခန့်ခွဲမှု စနစ်တခု ပေါ်ပေါက်ရေးအတွက် မည်သို့လုပ်ဆောင်ကြမည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောသည်။
“ပြည်တွင်းမှာက ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှုက ဗဟိုချုပ်ကိုင်မှုစနစ် ဖြစ်နေတယ်။ တိုင်းရင်းသား ဒေသတွေမှာဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေကို အထက်က အမိန့်မရမချင်း ဘာမှလုပ်လို့ မရတာမျိုးတွေကြောင့် လက်တွေ့ ရင်ဆိုင်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ အခက်အခဲတွေ ရှိနေတယ်” ဟု ဒေါက်တာ စင်သီယာမောင်က ဧရာဝတီသို့ ပြောသည်။
ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဋ္ဌာနမှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးအက်ဖို့ကလည်း “ငှက်ဖျားဆေး ယဉ်ပါးမှုအတွက် ဆေးဝယ်ရတာ ခက်လာတာတွေအတွက် ရေရှည်မှာ ဘယ်လိုလုပ်သွားမယ်၊ ရန်ပုံငွေရရှိမှု လျှော့လာတာတွေကို ဘယ်လို ဝိုင်းလုပ်ကြမယ် ဆိုတာတွေ ထည့်ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟု ဆိုသည်။
၂ ရက်တာ ဆွေးနွေးမှုရလဒ်နှင့် အချက်အလက်များကို ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သို့ ပေးပို့သွားမည်ဖြစ်ပြီး နိုင်ငံရေးဖြစ်စဉ်နှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှု စနစ်များအား မည်သို့ လိုက်လျှောညီထွေ လုပ်ဆောင်သွားမည်ကို တင်ပြသွားမည်ဖြစ်ကြောင်း ဦးနိုင်အေးလွင်က ပြောသည်။
UNFC တွင် ပအို့ဝ် အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO)၊ ကချင် အမျိုးသားအစည်းအရုံး (KNO)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ ပါဝင်သည်။
အတွင်းရေးမှူး ဦးနိုင်အေးလွင်က “တိုင်းရင်းသား ပြည်သူတွေနဲ့ ကျနော်တို့ကြားမှာ နှစ်ပေါင်း ၂၀ လောက်ကတည်းက တည်ဆောက်ထားတဲ့ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ယုံကြည်မှုတွေရှိခဲ့တယ်။ ဒါတွေကို အစိုးရက ဘယ်လို အသိအမှတ် ပြုပေးမလဲဆိုတာ သိရဖို့လိုပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ တိုင်းရင်းသားဒေသများတွင် ပြည်တွင်းစစ်များကြောင့် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်စုစုပေါင်း ၄ သိန်းခန့်ရှိကြောင်း ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီစောင့် ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ထုတ်ပြန်ချက်အရ သိရသည်။