မန္တလေးတိုင်း ကျောက်ဆည်ခရိုင်ရှိ ပုဂံခေတ်လက်ရာ တမုတ်ရှင်ပင်ရွှေဂူကြီးဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ထိုင်းရှေး ဟောင်း သုတေသန ပညာရှင်များက အကူအညီပေးမည်ဟု သိရသည်။
ထိုင်း ရှေးဟောင်း သုတေသန ပညာရှင်များသည် မန္တလေးမြို့ အမရပူရ တောင်သမန် အင်းစောင်းရှိ ထိုင်းဘုရင် အုတ်ဂူ အား လာ ရောက် စစ်ဆေးသူများဖြစ်ပြီး ပြီးခဲ့သည့် တနင်္ဂနွေက တမုတ်ရွှေဂူ ရှေးဟောင်းစေတီကြီးသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ထို သို့ ပြောဆိုခြင်း ဖြစ်သည်။
ထိုင်း သုတေသန ပညာရှင် မစ္စတာ မစ်ကီဟတ်က“ရှေးဟောင်း ပုဂံလက်ရာတွေ အရမ်းအံ့သြဖို့ ကောင်းတယ်၊ ဒီအတိုင်း ပစ်ထား ရင် ရေထိ ပျက်စီးကုန်မယ်၊ မှိုတွေထွက်လာမယ်၊ ဒါကြောင့် ခေတ်မီနည်းစနစ်တွေနဲ့ ထိန်းသိမ်းဖို့ စေတနာ့ဝန်ထမ်းကူညီမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
ရှားပါးသည့် ရှေးလက်ရာစေတီကြီးသည် အပူပိုင်းဒေသ ကျောက်ဆည်လွင်ပြင်၏ မိုးရေချိန်၊ အပူချိန်၊ တိုက်ခတ်သည့် လေနှင့် ရာ သီဥတုဒဏ်တို့ကြောင့် လျင်မြန်စွာပျက်စီးသွားနိုင်သည့်အတွက် အမိုးအကာများဖြင့် ထားရှိကာ ထိန်းသိမ်းရန်လိုကြောင်း၊ လာ ရောက်ဖူးမြော် သူများ စိတ်လက်ချမ်းသာစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မစ္စတာ မစ်ကီဟတ်က ဆက်ပြောသည်။
ထိုအပြင် စေတီကြီးပရဝုဏ်အတွင်းမှ တူးဖော်ရရှိသည့် ပုဂံခေတ် ပန်းတော့လက်ရာ အစိတ်ပိုင်းများစွာကိုလည်း ပြန်လည်တတ် ဆင်ရာ၌ ထိုင်းပညာရှင်များက ခေတ်မီနည်းစနစ်များဖြင့် တပ်ဆင်ပေးသွားမည်ဟု သိရသည်။
ရှေးဟောင်းသုတေသနနှင့် မြန်မာမှုဗိသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က“အစိုးရက အကူအညီမပေးလို့ ကိုယ်ထူကိုယ်ထ လုပ်နေတဲ့အချိန်မှာ ထိုင်းပညာရှင်တွေက အကူအညီပေးမယ်ဆိုတော့ ဝမ်းသာပါတယ်၊ သူတို့က ရှေးဟောင်းလက်ရာတွေ ထိန်း သိမ်းတဲ့နေရာမှာ ကျနော်တို့ထက်သာသလို ဘုရားကြီးရဲ့မူလ လက်ရာကိုလည်း သူတို့ လေးစားတယ်”ဟု ပြောသည်။
ဉာဏ်တော် ပေ ၆၀ ၊ အောက်ခြေ အုပ်ဖိနပ် အကျယ် ပေ ၉၀ ရှိ တမုတ်ရွှေဂူ စေတီကြီးကို ပုဂံခေတ် အေဒီ ၁၁ ရာစုခန့် အနော်ရထာမင်း လက်ထက်က စေတီအဖြစ်တည်ခဲ့ပြီး နရသီဟပတေ့စည်သူမင်း လက်ထက်တွင် ဂူဘုရားအဖြစ် ပြောင်းလဲခဲ့ သည်၊၊
ပုဂံခေတ်လွန် ၁၄ ရာစု ပင်းယခေတ် ဥဇနမင်းလက်ထက်တွင် မူလဂူဘုရားကို အုပ်မိုးပြီး ရွှေစည်းခုံပုံစံ စေတီသစ်တဆူ ထပ်မံ တည်ခဲ့ရာ ပုဂံခေတ်လက်ရာများ ပျောက်ပျက်ခြင်းမရှိစေရန် ကြားခံအဖြစ် ရွှံ့စေးမြေများဖြင့် ဖုံးအုပ်တည်ဆောက်ခဲ့သည်။
ထို့ကြောင့် နှစ်ပေါင်း ၁၄၀၀ ခန့်ကြာမြင့်သော်လည်း ခြင်္သေ၊ ကိန္ဒရာ၊ ဘီလူး၊ မနုသီဟ နှင့် ပန်းကနုတ် လက်ရာများမှာ အကောင်း ပကတိရှိပြီး ပုဂံယဉ်ကျေးမှုနယ်မြေရှိ ဘုရားများ ထက်ပင် ပိုမိုကောင်းမွန်သည်ဟု သိရသည်။
ဤစေတီကြီးကို ၁၉၉၃ ခုနှစ်တွင် တူးဖော်ခွင့်ရရှိခဲ့ရာ တမ္ပဝတီ ဦးဝင်းမောင်နှင့် တမုတ်ဆရာတော် အပါအဝင် တမုတ် ရွာသားများက ဝိုင်းဝန်း တူးဖော်ခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဤစေတီကြီးနှင့် အနီးဝန်းကျင်နေရာများကို ဆက်လက်တူးဖော်နေရာ အနော်ရထာ၊ နရသီဟပတေ့၊ ဥဇနာ စသည့် မင်းဆက်သုံးဆက်တည် ခဲ့သည့် ပလ္လင်တော်နှင့် ရုပ်ပွားတော်မျာ၊ အင်္ဂတေ ပန်းကနုတ်အစိတ်အပိုင်းများ၊ အုတ်ခွက်များကိုလည်း တွေ့ရှိရကြောင်း တူးဖော်နေသူများက ဆိုသည်။
ပုဂံခေတ်ယဉ်ကျေးမှုနှင့် ရှေးလက်ရာ စေတီတော်များကို စစ်အစိုးရလက်ထက် ပြုပြင်ရာတွင် ရှေးဟောင်း သုတေသန စံချိန်စံညွန်း များနှင့်အညီ ပြုပြင်ခြင်းမဟုတ်သည့်အတွက် ကမ္ဘာ့ယဉ်ကျေးမှု ဇုန်နယ်မြေအဖြစ် အသိအမှတ်ပြုခံရရန် လျှောက်ထားရာတွင် ထိခိုက် စေခဲ့သည်။
ယခု အစိုးရသစ်လက်ထက် ပျူယဉ်ကျေးမှုထွန်းကား သီရိခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးနှင့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်ဇုန်နယ် မြေ သတ်မှတ်ရန် ကြိုးစားနေသည်။