ရခိုင်ပြည်နယ် အတွင်း မလိုလားအပ်သည့် ပြဿနာများ မပေါ်ပေါက်စေရန် အတွက်ဟု ဆိုကာ ၁၀ တန်းစာမေးပွဲကို ရခိုင်နှင့် မွတ်စလင် သီးခြားစီ ဖြေဆိုကြရကြောင်း သတင်းရရှိသည်။
ယခုကဲ့သို့ သီးခြားစီ စာမေးပွဲဖြေဆိုခြင်းသည် လုံခြုံစိတ်ချရကြောင်း မောင်တောမြို့နယ် တောင်ပြိုမြို့နယ်ခွဲ တွဲဖက် အထကမှ ကျောင်းဆရာ ဦးသန်းဝင်းက ပြောသည်။
“ကျောင်းတကျောင်းတည်းမှာပဲ ဖြေကြရတာပါ။ ဒါပေမယ့် မွတ်စလင် ကျောင်းသားတွေနဲ့ ရခိုင်ကျောင်းသားတွေကို အခန်းသီးခြား စီခွဲပြီးတော့ စာဖြေခိုင်းပါတယ်။ ဒါက မြို့နယ် ပညာရေးမှူးက စီစဉ်ပေးတာပါ။ အခုလို စီစဉ်လိုက်တော့ သိပ်ပြီး စိုးရိမ်စရာမရှိတော့ ဘူး”ဟု ၎င်းက ပြောပြသည်။
ထို့အပြင် ရမ်းဗြဲမြို့နယ်တွင်လည်း ရခိုင်နှင့်မွတ်စလင် ၁၀ တန်း ကျောင်းသားများကို သီးခြားစီ စာမေးပွဲဆိုနိုင်ရန် စီစဉ်ထားကြောင်း မြို့နယ် ပညာရေး ဌာန အရာရှိတဦးက ပြောသည်။
“ပြဿနာကို မဖြစ်ခင်ကကြိုတင် ကာကွယ်တဲ့အနေနဲ့ အခုလို စီစဉ်တာ”ဟု ယင်းအရာရှိက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် မြေပုံမြို့နယ်များတွင် ရခိုင်နှင့် မွတ်စလင်များကို သီးခြား စီ စားမေးပွဲ ဖြေဆိုခွင့်ပြုခြင်းဖြစ်သည်။
မတ်လ ၁၃ ရက်က စတင်သည့် ယခုနှစ် ၁၀ တန်းစာမေးပွဲ မတိုင်ခင် ရက်အနည်းကတည်းက ဒေသတွင်း လုံခြုံရေးကို ပိုမိုတင်းကြပ်ထားပြီး ရဲ၊ စစ်တပ်နှင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် စစ်ဆေးရေး ကွပ်ကဲမှု ဌာန(နစက) တပ်ဖွဲ့ဝင်များက စောင့်ကြပ်နေကြောင်း မောင်တော မြို့နယ် နံ့သာတောင်ကျေးရွာ ပညာဒါန ပရဟိတ ကျောင်း ဆရာတော် ဦးစာရဏ က မိန့်သည်။
“ဦးပဉ္ဇင်းတို့ နယ်တဝိုက်မှာတော့ စာမေးပွဲနီးလာကတည်းက နစကနဲ့ ရဲကတော့ အမြဲတမ်းစောင့်ပေးကြပါတယ်။ ကျောင်းမှာ ရော၊ ရွာမှာရောပေါ့။ စစ်တပ်ကတော့ တခါတခါ လာကြည့်တယ်။ ခုလောလောဆယ် လုံခြုံရေးကတော့ အေးဆေးတဲ့ အခြေအနေမှာရှိနေတယ်”ဟုလည်း ဆရာတော်က မိန့်ဆိုသည်။
ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင် နှင့် အောက်တိုဘာလ အတွင်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ထောင်နှင်ချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး လူ အသေအပျောက်များလည်း ရှိခဲ့သည်။