သတင်း

မီးခိုးဗုံး တာဝန်ခံ ဖော်ထုတ်ရေး လွှတ်တော်တင်မည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖော့စရပ်မီးခိုးဗုံးအသုံးပြုရန် ညွန်ကြားခဲ့သည့် တာဝန်ရှိသူကို ဖော်ထုတ်အရေးယူပေးရန် လွှွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရက်တစ်ပါတီ ဥက္ကဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဧရာဝတီသို့ ပြောသည်။

အဓိကရုဏ်းဖြစ်ပွားရာတွင် ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သံဃာတော်များ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ရှေ့လျှောက် သင်တန်းပို့ချရုံဖြင့် မပြီးဘဲ မီးခိုးဗုံးများသုံးရန် ညွှန်ကြားခဲ့သည့် တာဝန်ရှိသူကို ဖော်ထုတ် အရေးယူသင့်ကြောင်း ဆိုသည်။

“ ဥပဒေစိုးမိုးရေးအတွက် ဆိုရင်တော့ သင်တန်းပေး၊ တရားဟော၊ မေတ္တာရပ်ခံတာနဲ့တော့ ရမှာမဟုတ်ဘူး။ သံဃာတော်တွေ ထိခိုက်ခဲ့တဲ့ အဓိကရုဏ်းအပေါ် ဆောင်ရွက်ခဲ့တဲ့ တာဝန်ရှိသူကို ဖော်ထုတ်အရေးယူဖို့ လိုတယ် ”ဟု ဦးသိန်းညွှန့်က ပြောသည်။

မတ် ၁၂ရက်က ထုတ်ပြန်ကြေညာခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စရပ် ဓာတ်ပါဝင်သော မီးခိုးဗုံးကို စမ်းသပ်သုံးစွဲခဲ့ခြင်းမရှိသဖြင့် အာနိသင်ကို မသိခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား အဓိကရုဏ်းဖြိုခွင်းမှုအပါအဝင် လိုအပ်သည့်လေ့ကျင့်မှုများကို နိုင်ငံတကာအကူအညီ ယူ၍  ပြုလုပ်ပေးသင့်ကြောင်း အကြံပြုဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအနေဖြင့်လည်း အစီရင်ခံစာက ဖော်ပြခဲ့သော ဆန္ဒပြသံဃာတော်များကို နှိမ်နင်းရာတွင် ရဲက ဖော့စဖရက် မီးစုန်းသုံးစွဲမှုအပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း သိရှိရသည်။

လက်ပန်းတောင်းတောင် ပဋိပက္ခစုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မနက် ၁၁ နာရီခန့် ကုမုံရွာမြို့သို့ရောက်ရှိကာ ယနေ့တွင်လည်း လက်ပန်တောင်းတောင် အနီးတဝိုက်ရှိ အုန်းတောကျေးရွာ၊ ဝက်မှေးကျေးရွာ၊ တုံကျေးရွာ၊ ဖောင်းသကာကျေးရွာ၊ ဆည်တည်းကျေးရွာ ဒေသခံများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း အုန်းတောနှင့် ဝက်မှေးကျေးရွာမှ ဒေသခံများကသာ ကြေးနီစီမံကိန်း ဆက်လက် လုပ်ကိုင်မည့်အပေါ် သဘောတူပြီး ကျန်ရှိသည့် ရွာများက ညှိနှိုင်းမှုကို လုံးဝလက်မခံဘဲ ဆက်လက်ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

လက်ပံတောင်းအစီရင်ခံစာနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်နေကြသည်။ “ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒေသခံတွေရဲ့ဆန္ဒ သဘောထားနဲ့တတ်နိုင်သမျှ ညီညွှတ်အောင် လုပ်ဖို့တော့ လိုမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

၈၈ မျိုးဆက်ကျောင်းသား ကိုမြအေးက ကော်မရှင်၏ အစီရင်ခံစာအပေါ် ပြောဆိုရန် သိပ်မရှိသော်လည်း အဓိကရုဏ်းများဖြစ်ပေါ်လာခြင်းသည် အရပ်ဖက် လူ့အဖွဲ့အစည်းများကြောင့် ဖြစ်သည်ဟု ပြောဆိုချက်သည် အပြစ်တင်သည့်သဘော သက်ရောက်နေကြောင်း သုံးသပ်သည်။

“ဒီလို မသေမချာရှိနေတဲ့ စီမံကိန်းမှာ မပြီး မပြည့်စုံတဲ့ လေ့လာသုံးသပ်မှုတွေနဲ့ အဖြေထုတ်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ အမိမဲ့သား ရေနည်းငါးလိုပဲ တကယ့်ကို ခိုကိုးရာမဲ့ ဖြစ်ရပါတယ်။ အယုံကြည်ဆုံး၊ အမျှော်လင့်ဆုံး လူတွေကမှ တွေ့ကြုံနေရတဲ့ ပြသနာတွေကို အတတ်နိုင်ဆုံး ကာကွယ် မဆောင်ရွက်ပေးဘူးဆိုရင် ဘယ်သူတွေက အနာဂတ်မှာ ဆောင်ရွက် ပေးကြမှာလဲ”ဟုလည်း EcoDev သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့မှ ဦးဝင်းမျိုးသူက ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင်  ရေးသားထားသည်။

၁၉၈၈ခုနှစ် တက္ကသိုလ်သပိတ်များ ကာလက ကျောင်းသားများ သေဆုံးခဲ့ရသည်ကို စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြည်ထဲရေးဝန်ကြီးဌာနတွင် တာဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းခေါင် က ရာထူးနှုတ်ထွက်ခဲ့ဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading