ဧရာဝတီနှင့် သံလွင်မြစ်များပေါ်တွင် တည်ဆောက်လျက်ရှိသော ရေကာတာ စီမံကိန်းကြီးများ ရပ်ဆိုင်းရေးလှုပ်ရှားမှုကို ယနေ့ ကျရောက်သော နိုင်ငံတကာ မြစ်ချောင်းများ ဆိုင်ရာ လှုပ်ရှားမှု အထိမ်းအမှတ်နေ့တွင် သဘာဝ ပတ်ဝန်းကျင် အဖွဲ့များနှင့် သက်ဆိုင် ရာ ဒေသခံများက ကျင်းပကြကြောင်း စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် မြစ်ဆုံဒေသတွင် ဒေသခံ ၁၀၀ ခန့်နှင့် ကချင်ပြည်နယ် အခြေစိုက် လူထုအခြေပြု ဖွံဖြိုးရေးအဖွဲ့(MRJ) တို့ ပူးပေါင်း ၍ ဧရာဝတီ မြစ်ဆုံစီမံကိန်း အပါအဝင် မေခနှင့် မေလိခ မြစ်ပေါ်တွင်တည်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၇ ခုအား ရပ်တန့်ရေး၊ ယင်းမြစ်ချောင်းများပေါ်က ရွှေတူးဖော်ရေး လုပ်ငန်းများ ရပ်တန့်ရေးနှင့် စီမံကိန်းကြောင့် ရွှေ့ပြောင်းခံထားရသော ဒေသခံများကို၎င်း တို့၏ ရွာနှင့် လယ်ယာမြေများတွင် ပြန်လည်နေထိုင် လုပ်ကိုင်ခွင့်ရရေးအတွက် လူထုတွေ့ဆုံ ဆွေးနွေးပွဲ ပြုလုပ်သည်။
မြစ်ဆုံစီမံကိန်းအား သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ရပ်ဆိုင်းထားသော်လည်း တရုတ်နိုင်ငံ စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း (CPI)အနေဖြင့် ဆက်လက်လုပ်ကိုင်မည့် ပြောဆိုမှုများရှိနေသဖြင့် စိုးရိမ်နေကြပြီး ၎င်းတို့၏ လက်ရှိကြုံတွေ့နေရသည့် အခက် အခဲများ၊ လိုအပ်ချက်များနှင့် စီမံကိန်းကြောင့် ဖြစ်လာမည့်ဆိုးကျိုးများကို လူထုတွေ့ဆုံပွဲတွင် အဓိကထား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
“ဒီဆွေးနွေးချက်တွေကို ကျနော်တို့က အစည်းအဝေးပြန်လုပ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ မြန်မာအစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး၊ လူမှုရေး အသင်း၊ အဖွဲ့အစည်းတွေကို ကျနော်တို့ တင်ပြမှာဖြစ်တယ်”ဟု MRJအဖွဲ့ပြောရေး ဆိုခွင့်ရှိသူ ဦးရှဂေါင်တန်ဂွန်း က ဧရာဝတီသို့ ပြောသည်။
လတ်တလောအခြေအနေတွင် မြစ်ဆုံစီမံကိန်းလည်ပတ်မှုမရှိကြောင်း၊ ထို့အတူ စီမံကိန်းတွင် အသုံးပြုသော စက်ပစ္စည်းအများစု ကိုလည်း သယ်ထုတ်သွားပြီဖြစ်ကြောင်း၊ သို့သော်လည်း ပိတ်သိမ်းထားချိန်တွင် ရွှေ့ပြောင်းခံထားရသည့် ဒေသခံ ရွာသားများ အား နေရပ်ရင်းပြန်၍ နေထိုင်၊ လုပ်ကိုင်ခွင့် မရရှိကြောင်း မြစ်ဆုံဒေသခံ ဘာသာရေးခေါင်းဆောင် တဦးက ဧရာဝတီသို့ ပြော သည်။
၂၀၁၁ ခုနှစ်တွင် စီမံကိန်းအတွင်းကျရောက်နေသည့် တန်ဖဲ၊ မလိယန်၊ တောင်ဘန်၊ မဇွပ်နှင့် ဖလဲ့ ကျေးရွာများကို အစိုးရနှင့် CPI ကုမ္ပဏီတို့ စီမံတည်ဆောက်ထားသော ကျေးရွာအသစ်များကိုပြောင်းရွှေ့စေခဲ့သည်။
ယင်းကျေးရွာများသည် ကျောက်တုံးများနှင့် ကြပ်မြေများပေါ်တွင် တည်ဆောက်ထားခြင်းကြောင့် စိုက်ပျိုးရေးလုပ်ကိုင်ရန်အခက် အခဲဖြင့် ရင်ဆိုင် နေရကြောင်း အောင်မြင်သာ စံပြကြေးရွာတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ရသူ ကချင် အမျိုးသမီးတဦးက ပြောသည်။
“ကျမတို့ တန်ဖဲရွာမှာဆိုရင် တောင်ယာလုပ်ကိုင်စားသောက်ရတာ အဆင်ပြေတယ်၊ ဒီကမြေတွေက ဘာမှလုပ်စားလို့မရတော့ ကျမတို့ အနာဂတ်က ဘာလဲဆိုတာမသိဘူးဖြစ်နေတယ်၊ ဆန်ကိုတော့ CPI ကုမ္ပဏီက ချပေးပေမယ့် တခြားဘာမှ လုပ်ကိုင် စားလို့ မရဘူး၊ အခုနေရာဟောင်းက ကျမတို့တောင်ယာတွေကလည်း သူတို့ စက်တွေနဲ့ ထိုးထားတာ မရှိတော့ဘူး၊ ကျမတို့လည်း လူတွေပဲ၊ အစိုးရက ကျမတို့ကို ဒီအတိုင်း ပစ်မထားသင့်ဘူး”ဟု သူက ဧရာဝတီသို့ ပြောသည်။
တချိန်တည်းတွင်ပင် သံလွင်မြစ်ပေါ်ရှိ ဟတ်ကြီး အပါအဝင် ရေကာတာ စီမံကိန်း ၆ ခုကိုလည်း ရပ်ဆိုင်း ထားပေးရန် မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ရက်အဖွဲ့ (BRN)က တောင်းဆိုလိုက်ပြီး ထိုင်း-မြန်မာနယ်စပ် သံလွင်နှင့် သောင်းရင်းမြစ်ဆုံတွင် ဒေသခံ ထိုင်းနိုင်ငံသားများနှင့် မြန်မာတိုင်းရင်းသားများက သံလွင်မြစ်ကြောင်း သဘာဝ အတိုင်း စီးဆင်းနိုင်ရန် ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြ ကြောင်း သိရသည်။
“အစိုးရအနေနဲ့ အခုရှိနေတဲ့ ဒီစီမံကိန်းတွေကို ရပ်ဆိုင်းပြီး ပြန်လည်သုံးသပ်သင့်တယ်၊ သုံးသပ်ပြီးမှ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးတွေကို လူ ထုကနေ တဆင့် ပြန်လည်တင်ပို့ပေးပြီးတော့မှ ဆက်လက်လုပ်သင့်တယ်ဆိုရင်လည်း အခြားနိုင်ငံတွေမှာ ခံစားခဲ့ရတဲ့ ဆိုးကျိုး၊ ကောင်းကျိုး တွေကို နမူနာယူပြီး နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ပွင့်လင်းမြင်သာမှုရှိရှိလုပ်ဖို့လိုတယ်”ဟု BRN ၏ ပြောရေးဆိုခွင့် ရှိသူ ကိုစိုင်းစိုင်း က ဧရာဝတီ သို့ ပြောသည်။
သံလွင်မြစ်ပေါ်ရှိ စီမံကိန်းများမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင်(မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ရွာ သစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး စသည့် ရေအားလျှပ်စစ် စီမံကိန်းများ ဖြစ်သည်။