စွမ်းအင်ဝန်ကြီးဌာနက ကားဟောင်းအပ်နှံပြီး အစားထိုးတင်သွားလာသော မြို့တွင်းခရီးသည်တင် လိုင်းကားသစ်များကို သဘာဝဓာတ်ငွေ့(CNG)ပမာဏ လျှော့ချပေးမှုကြောင့် ယာဉ်ပိုင်ရှင်များ အခက်တွေ့နေပြီး ယာဉ်ပိုင်ရှင်များစုပေါင်းပြီး သမ္မတဦးသိန်းစိန်ထံ အသနားခံစာ တင်ပြထားကြောင်း သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာနက ကားဟောင်း အပ်နှံတင်သွင်းလာသော ခရီးသည်တင် လိုင်းကားသစ်များကို CNG ဓာတ်ငွေ့ လီတာ ၆၀၀ ပမာဏ ခွင့်ပြုပေးနေရာမှာ ဖေဖော်ဝါရီမှလမှစတင်ပြီး CNG လီတာ ၃၀၀ ပမာဏသာ ပေးတော့ကြောင်း၊ ယင်းသို့ CNG လျှော့ချပေးမှုကြောင့် ခရီးသည်တင် လိုင်းကားပိုင်ရှင်များ အခက်အခဲဖြစ်နေသဖြင့် နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ အသနားခံစာတင်ပြထားကြောင်း သိရှိရသည်။
“သမ္မတဆီ အသနားခံစာ တင်တာကလည်း အဆင်မပြေတော့တဲ့ အခြေအနေမို့ ဆန္ဒပြတာမျိုးမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ ပုံစံနဲ့ အကူအညီတောင်းတာပါ။ ဘယ်လိုအဖြေထွက်လာမယ်တော့ မသိသေးဘူး။ ထွက်လာတဲ့အဖြေပေါ် မူတည်ပြီး လုပ်သင့်လုပ်ထိုက်တာတခုတော့ လုပ်မှာပါ”ဟု မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းတခုဖြစ်သော မေတ္တာလှိုင်း ယာဉ်လိုင်း ပိုင်ရှင် ဦးကျော်သီဟက ဧရာဝတီသို့ ပြောသည်။
စွမ်းအင်ဝန်ကြီးဌာနက လိုင်းကားသစ်များကို CNG လျော့ချရာတွင် မည်သည့်အကြောင်းကြောင့် လျှော့ချရသည်ဆိုသော အကြောင်းပြချက်မပေးဘဲ လျော့ချခဲ့ခြင်းဖြစ်သည့်အပြင် ရေရှည်လျော့ချခြင်း (သို့မဟုတ်) ခဏတာယာယီ လျော့ချခြင်း ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိကြောင်း ယာဉ်လိုင်းပိုင်ရှင်များက ဆိုသည်။
“တနိုင်ငံလုံး လျှပ်စစ်မီးပေးနိုင်ဖို့ ခဏ ယာယီသဘောမျိုးနဲ့ အခုလိုလျှော့ပေးတာဆိုရင် ကျနော်တို့ လက်ခံပါတယ်။ အဲလိုလည်း ရှင်းမပြဘူး။ ခဏတာလား၊ ရေရှည် လျော့ချတာလားလည်း သေသေချာချာ မပြောဘူး။ ကျနော်တို့ကို ဘာမှ ရေရေရာရာ မပြောထားတော့ ဘာမှန်းကိုမသိဘူး။ အကြောင်းပြချက်မရှိ လျော့ချခံရသလိုဖြစ်နေတယ်”ဟု ဘက်စုံမြင်ကွင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်သီဟက ဆိုသည်။
မြို့တွင်းခရီးသည်တင် လိုင်းကားများသည် CNG လီတာ ၆၀၀ ပမာဏရရှိမှသာခရီးစဉ်အစ၊ အဆုံး ၄ကြိမ် ပြေးဆွဲနိုင်သော်လည်း CNG လီတာ ၃၀၀ ပမာဏဖြင့် ခရီးစဉ်အစ၊ အဆုံး တကြိမ်သာ ပြေးဆွဲနိုင်တော့သောကြောင့် အခက်တွေ့ရကြောင်း၊ ယာဉ်ပိုင်ရှင်များအနေဖြင့် ယခင်ကဲ့သို့ပင် CNG ၆၀၀ လီတာ ပမာဏ ပြန်လည်ခွင့်ပြုပါဟု အတင်းအကျပ် မတောင်းဆိုချင်သော်လည်း ယာဉ်ပိုင်ရှင်များအတွက် အဆင်ပြေနိုင်မည့် အတိုင်းအတာပမာဏတခုထိ တိုးမြှင့်ပေးစေလိုကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။
“ခရီးသည်တင်လိုင်းကားက တရက်ကို ၄ ခေါက်လောက် ဆွဲနိုင်မှ ကိုက်တယ်။ အခုတော့ CNG လီတာ ၃၀၀ နဲ့ဆိုရင် ခရီးစဉ်လျော့ဆွဲရတော့ ကျနော်တို့အတွက် တွက်ခြေမကိုက်ဘူး။ CNG ဆိုတာက လိုတဲ့အချိန်မှာ ဂါလန်ပုံးနဲ့ ပြေးဝယ်လို့ရတာ လည်း မဟုတ်ဘူးလေ”ဟု မထသ ၃၈ သီးသန့်ယာဉ်လိုင်းမှ ယာဉ်ပိုင်ရှင်တာဝန်ရှိသူတဦးက ဆိုသည်။
CNG လီတာ ပမာဏ လျှော့ချပေးခြင်းအပေါ် အချို့သော ယာဉ်လိုင်းပိုင်ရှင်များက ကန့်ကွက်သည့်အနေဖြင့် ယာဉ်လိုင်းမပြေးဆွဲတော့ဘဲ ရပ်နားထားမည်ဆိုသော သတင်းများထွက်ပေါ်နေသော်လည်း ယင်းသတင်းများမှာ မဟုတ်မှန်ကြောင်း မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီဗဟို (မ.ထ.သ) မှ အတွင်းရေးမှူး ဦးဘမြင့်က ဧရာဝတီသို့ ပြောသည်။
“အမှန်ကတော့ CNG လျှော့ပေးတာမဟုတ်ပါဘူး။ အိုးနည်းသွားတာပဲရှိတာလေ။ ကုန်သွားရင် ကြိုက်တဲ့အချိန် ဆန့်သလောက် ထည့်လို့ရတယ်။ ဒါကို ယာဉ်ပိုင်ရှင်တွေက မကြိုက်ကြတာယာဉ်ပိုင်ရှင်တွေအနေနဲ့ ကိုယ့်သဘောနဲ့ကိုယ် ယာဉ်ရပ်နားလို့မရပါဘူး။ နားမယ်ဆိုရင် ကျနော်တို့ကို အသိပေးရမှာပါ။ အပြင်မှာ ပြောနေသလို တချို့ယာဉ်လိုင်းတွေ နားထားတယ်ဆိုတာ သတင်းအမှားပါ”ဟု ၎င်းကရှင်းပြသည်။
နေပြည်တော်စွမ်းအင်ဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ရုံးအဖွဲ့မှူး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဌေးအောင်ကမူ ခရီးသည်တင်လိုင်းကားသစ်များ CNG ပမာဏ လျှော့ချပေးခြင်းကြောင့် ပေးခြင်းကြောင့် ဖြစ်ပေါ်လာသည့် ပြသနာရပ်များအား ဖြေရှင်းပေးနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စွမ်းအင်ဝန်ကြီးဌာနတို့အကြား ဆွေးနွေးညှိုနှိုင်းခြင်းများ ပြုလုပ်နေလျက်ရှိပြီး CNG ပမာဏ တိုးမြှင့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်နေကြောင်း ရှင်းပြသည်။
ရန်ကုန်မြို့တွင် CNG သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ်စုစုပေါင်း ၂၇၄၇၂ စီးရှိပြီး တရက်လျှင် CNGသဘာဓာတ်ငွေ့ ပမာဏ ကုဗပေ ၁၈ သန်းမှ သန်း ၂၀ အထိ သုံးစွဲလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားသော သတင်းအချက်အလက်များအရ သိရှိရသည်။