ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံတွင် အဆင်မပြေမှုများ ကြုံတွေ့ရသဖြင့် ဆန္ဒပြခဲ့ကြသော မြန်မာအလုပ်သမား ၁၀၀၀ ကျော် ကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ရေးမှာ အလုပ်ရှင်နှင့်အလုပ်သမားချုပ်ဆိုထားသော စာချုပ်ပေါ် မူတည် သည့်အတွက် ပြန်လည်ခေါ်ယူနိုင်ရေး မသေချာသေးကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။
အစိုးရအနေဖြင့် ဂျော်ဒန်ရောက် မြန်မာအလုပ်သမားအရေး တတ်စွမ်းသမျှဖြေရှင်းပေးနေပြီး မြန်မာ အစိုးရ အရာရှိ ၂ ဦး ကို ဂျော်ဒန်နိုင်ငံစေလွှတ်မည်ဖြစ်ကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံတွင် ဂျော်ဒန်သံရုံးမရှိသည့်အတွက် ဗီဇာကို အိန္ဒိယနိုင်ငံရှိ ဂျော်ဒန်သံရုံးတွင် ဗီဇာလျှောက်ထားဆဲ ဖြစ်ကြောင်း၊ဂျော်ဒန်နိုင်ငံသို့ မြန်မာအလုပ်သမား ၁၀၀၀ ကျော် တရားမဝင် စေလွှတ်ခဲ့သော New Shan ကုမ္ပဏီသည် အစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်း မရှိဘဲ ထို ကုမ္ပဏီ ကို စိစစ်ရန်မှာ ဂျော်ဒန်နိုင်ငံသို့ မြန်မာအရာရှိကိုယ်စားလှယ်များ ရောက်ရှိမှသာ စစ်ဆေးနိုင်မည် ဖြစ်ကြောင်း ဦးမျိုးအောင်က ဆိုသည်။
အစ္စရေးရှိ မြန်မာသံရုံး၏ ညှိုနှိုင်းပေးမှုဖြင့် CMJစက်ရုံက မြန်မာအလုပ်သမားများကို လစာနှင့်အပိုဆုကြေးတိုးမြှင့်ပေးမည်ဟု တရားဝင်ပြောဆိုထားပြီးဖြစ်ကြောင်း၊ သို့ရာတွင် လစာတိုးပေးခြင်းမရှိဟု အလုပ်သမားများထံမှ ပြန်လည်ကြားသိရကြောင်း၊ ဂျော်ဒန်ရှိ မြန်မာအလုပ်သမားအရေးကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်ပူးပေါင်းဖြေရှင်းလျက်ရှိကြောင်း သိရှိရသည်။
“နိုင်ငံတကာမှာ အလုပ်လုပ်နေတဲ့ကုမ္ပဏီက လစာတိုးပေးမယ်ပြောပြီး မတိုးပေးဘူးဆိုရင် သူ ဘယ်လို ရပ်တည် မလဲ။ ကလိမ်ကကျစ် ကျလို့ မရဘူး။ အဲဒီစက်ရုံမှာ နိုင်ငံခြားသားလူမျိုး ၇ မျိုး အလုပ်လုပ်နေတယ်။ မြန်မာအလုပ်သမားကိုပဲ တိုးပေးလို့ မရဘူး။ ကျန်တဲ့ လူတွေက ထကန့်ကွက်မှာ ပေါ့။ တိုးပေးချင်လို့ လည်း တိုးတာမဟုတ်ဘူး။ လစာတိုးပေးတယ်ဆိုတာ သူ့ဟာသူကာကွယ်ဖို့ လုပ်တာ ။ ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်) ဘက်က ပါလုပ်ပေးနေတာပါ”ဟု ဦးမျိုးအောင်က ရှင်းပြသည်။
ဂျော်ဒန်နိုင်ငံ၊ Century Miracle (CMJ) အထည်ချုပ်စက်ရုံတွင် အခက်အခဲများကြုံတွေ့နေရသဖြင့် ဆန္ဒပြခဲ့ကြသော မြန်မာအလုပ်သမားများအရေးကို အစိုးရက တာဝန်ယူဖြေရှင်းပေးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်မှာ မဟုတ်မှန်ဘဲ လက်တွေ့ ဖြစ်ရပ်နှင့် ကွဲလွဲနေကြောင်း ဂျော်ဒန်မှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများက ပြောသည်။
မတ်လ ၁၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဟင်္သာတမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ဂျော်ဒန်နိုင်ငံ Ramthat မြို့ CMJ အထည်ချုပ်စက်ရုံတွင် သွားရောက်လုပ်ကိုင်နေသော မြန်မာ အလုပ်သမားများ၏ အခွင့်အရေးဆုံးရှုံးနစ်နာမှုမရှိစေရန် ဆောင်ရွက်ထားမှုကို မေးမြန်းရာ အလုပ်သမား၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက မြန်မာအလုပ်သမားများ၏အရေးကို မြန်မာသံရုံးက ဖြေရှင်းပေး လျက်ရှိပြီး အခြေခံလစာ ၆ ရာခိုင်နှုန်းတိုးမြှင့်ပေးရန် နှစ်ဦးနှစ်ဖက် သဘောတူညီခဲ့သည့် အပြင် ချုပ်လုပ်သည့်အထည်အပေါ် အပိုဆုကြေး ၅ ရာခိုင်နှုန်းထပ်တိုးမြှင့်ပေးရန်လည်း သဘောတူညီခဲ့ကြောင်း၊ သဘောတူညှိုနှိုင်း ပြီးနောက် မတ်လ ၉ ရက်နေ့တွင် အလုပ်သမား ၃၀၀ ကျော်၊ မတ် ၁၀ ရက်နေ့တွင် အလုပ်သမား ၈၀၀ ခန့် အလုပ်ပြန်ဝင်ကြပြီး မတ်လ ၁၁ ရက်နေ့တွင် မြန်မာအလုပ်သမား ၁၀၀၀ ခန့်အလုပ် ပြန်ဝင် နေကြပြီဖြစ်ကြောင်း၊ မိခင်နိုင်ငံပြန်လိုသော အလုပ်သမားများလည်းရှိကြောင်း ဖြေကြားခဲ့သည်။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဒုဝန်ကြီးဒေါ်ဝင်းမော်ထွန်း၏ ပြောဆိုချက်မှာ လက်တွေ့ ဖြစ်ရပ်များ နှင့် ကွဲလွဲနေပြီး မြန်မာအလုပ်သမားများ အားလုံး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နေပြီဆိုသည်မှာ မဟုတ်ကြောင်း၊ လစာတိုးမြှင့် ပေးသည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ဆိုသည်။
“ဒုဝန်ကြီးက မတ်လ ၉ ရက်နေ့မှာ အလုပ်သမား ၃၀၀ ကျော် အလုပ်ပြန်ဝင်နေပြီ။ ၁၀ ရက်နေ့မှာ အလုပ်သမား ၈၀၀ ခန့် အလုပ် ပြန်ဝင်တယ် လို့ ပြောတယ်။ အဲဒါမဟုတ်ဘူး။ နောက် တာဝန်ရှိသူတွေ လာညှိုနှိုင်းပေးတယ် ဆိုတာလည်း မဟုတ်ပါဘူး။ ဒီနေ့ထိ ဘယ်သူမှလာတာမရှိသေးပါဘူး။ နောက် ဆက်မနေချင်ရင် အလုပ်ရှင်က လေယာဉ်လက်မှတ် စီစဉ် ပေးမယ် ပြောတယ်။ အဲဒါကလည်း မဟုတ်ပါဘူး။ အားလုံးက ပြန်ချင်သူတွေချည်းပဲ။ ဒါပေမဲ့ ပြန်ရင် လျှော်ရမယ့် ငွေမရှိလို့ မပြန်ကြရတာပါ” ဟု ဂျော်ဒန်CMJ အထည်ချုပ်စက်ရုံတွင် မီးပူတိုက်အလုပ်လုပ်ကိုင်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိလာသူ မြန်မာအလုပ်သမား ကိုထွန်းထွန်းစိုးက ပြောသည်။
ထို့အပြင် မြန်မာအစိုးရတာဝန်ရှိသူများ၏ ညှိုနှိုင်းပေးမှုအရ အလုပ်ရှင်နှင့်အလုပ်သမားပြေလည်ပြီး အခြေခံလစာနှင့် အပိုဆုကြေး တိုးမြှင့်ပေးသည်ဆိုသော ပြောဆိုချက်မှာလည်း မဟုတ်မှန်ကြောင်း၊ CMJ စက်ရုံတွင် နိုင်ငံခြားသား အလုပ်သမား အမြောက်အမြား အလုပ်လုပ်နေကြပြီး မြန်မာအလုပ်သမားများမှာ မည်သည့် ခံစားခွင့်မှ မရရှိသည့် အပြင် အလုပ်ရှင်၏ နှိမ်ချဆက်ဆံခရမှုများကိုလည်း ကြုံတွေ့ရကြောင်း CMJ စက်ရုံတွင် အလုပ်လုပ်ခဲ့သူ မဇာနည်ဝင်းရွှေက ပြောသည်။
“ကျမက အရင်ထဲက ထွက်စာ တင်ထားလို့ ကိုယ့်နိုင်ငံကိုယ် ပြန်လာရတာပါ။ ၂ နှစ်ပဲ လုပ်ခဲ့တာပါ။ အမှန်က ၂ နှစ်လောက် လုပ်ပြီးရင် အလုပ်ရှင်က ပြန်ဖို့ လေယာဉ်လက်မှတ် စီစဉ်ပေးရမှာပါ။ ဒါပေမယ့် မစီစဉ်ပေးတဲ့ အပြင် မိခင်နိုင်ငံ ပြန်သွားလို့ဆိုပြီး လူမှုဖူလုံရေးကြေးနဲ့ အသက်အာမခံကြေး တို့ဖြတ်ပါတယ်။ အမှန်က ကျမပြန်ရင် ဒေါ်လာ ၅၂၂ ကျော် ရရမှာဖြစ်ပေမယ့် အလုပ်ရှင်ကဖြတ်တောက်တော့ ဒေါ်လာ ၁၀၀ ပဲ ရခဲ့တယ်” ဟု မဇာနည်ဝင်းရွှေက ဆိုသည်။
ဂျော်ဒန်နိုင်ငံ၌ ကျန်ရှိနေသေးသော မြန်မာအလုပ်သမားများမှာ အလုပ်ရှင်နှင့် လာရောက် ညှိနှိုင်းပေးမည်ဆိုသော မြန်မာအစိုးရ အရာရှိများ စောင့်ဆိုင်းနေကြောင်း၊ အလုပ်သမား ဝန်ကြီးဌာနမှ အရာရှိ ၂ ဦး လာရောက်ညှိုနှိုင်း ပေး မည်ဆိုသော်လည်း မတ် ၁၃ ရက်နေ့ထိ မည်သူမှ မလာရောက်သေးကြောင်း၊ လက်ရှိတွင် မြန်မာအလုပ်သမား ၄၀၀ ကျော်မှာ လုပ်ငန်းခွင် ဝင်ရောက်ခြင်း မပြုဘဲ ဆန္ဒထုတ်ဖော်နေဆဲဖြစ်ကြောင်း သိရှိရသည်။
“အလုပ်ပြန်ဆင်းသူတွေက ပြန်မယ်ဆိုရင် အလုပ်ရှင်ကို ပေးရမယ့် လျော်ကြေးပေးဖို့ မရှိလို့ ပြန်ဆင်းကြတာ။ ဘယ်သူမှ အလုပ်ပြန်မဆင်းချင်ကြဘူး” ဟု ၎င်းက ပြောသည်။
အချို့သော မြန်မာ အလုပ်သမားများက မိမိတို့၏ ကိုယ်ပိုင်စရိတ်နှင့် မြန်မာနိုင်ငံ ပြန်လာနေကြပြီး လုပ်ငန်းခွင် ဝင်ရောက်ခြင်း မရှိသေးသော အလုပ်သမား ၄၀၀ ကျော်မှာလည်း ပြသနာ ဖြေရှင်းပေးမည့် မြန်မာအစိုးရ အရာရှိများ မတ် ၁၆ ရက်နေ့ ထိ ဂျော်ဒန်နိုင်ငံ မရောက်ရှိပါက လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ကြရမည်ဖြစ်ကြောင်း၊ ဂျော်ဒန် ဥပဒေ အရ ရက်ရှည်ဆန္ဒပြ ပါကဆန္ဒပြသော အလုပ်သမားများ အရေးယူခံရမည်ဖြစ်ကြောင်း သိရှိရသည်။
ဂျော်ဒန်နိုင်ငံ CMJ စက်ရုံသို့ မြန်မာအလုပ်သမား ၁၀၀၀ တာဝန်ခံခေါ်ယူခဲ့သူများမှာ ကိုစိုင်းထွန်း၊ မဇင်မင်းဝင်း၊ မနန်းတို့ သုံးဦးဖြစ်ပြီး ၎င်းတို့ ၃ ဦးသည် CMJ စက်ရုံတွင် မြန်မာစကားပြန် အလုပ်လုပ်နေကြသူများဖြစ်သည်ဟု သိရှိရသည်။
CMJ အထည်ချုပ်စက်ရုံမှာ ဂျော်ဒန် နိုင်ငံတွင် လာရောက် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံ တခု ဖြစ်ပြီး ဂျော်ဒန်နိုင်ငံသားပိုင် ကုမ္ပဏီ မဟုတ်သော်လည်း ဂျော်ဒန် အလုပ်သမား ဥပဒေအရ အလုပ်ရှင်ကိုသာ အသာစီး ပေးထားသောသဖြင့် အလုပ်သမားများမှာ အထိနာရကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောသည်။