Human Rights

ခရီးသွားဧည့်သည်နဲ့ ကြေးကွင်းစွပ် ပဒေါင်တို့ရဲ့ဘဝ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နိုင်ငံခြားသား လေးငါးဦး ရွာထဲဝင်လာတာကို တွေ့တာနဲ့ မချမ်လို့ ခေါ်တဲ့ ကယန်း (ပဒေါင်) အမျိုးသမီး ဟာ ဂစ်တာကို အပြေး အလွှားကောက်ကိုင်လိုက်ပြီး ကျွမ်းကျင်စွာတီးခတ်လို့ ကယန်းသီချင်းကို အားပါးတရ သီဆိုရင်း ဓာတ်ပုံ တဖျတ်ဖျတ် အရိုက်ခံ ပါတော့တယ်။ နိုင်ငံခြားသား ခရီးသွားဧည့်သည် အလာကျဲလို့ ဧည့်သည်မျှော်နေချိန်မှာပဲ အခုလို ရောက်လာတာနဲ့ ကြုံကြိုက်သွားတာပါ။

ဓာတ်ပုံ အရိုက်ခံပြီး သီချင်းတပုဒ် ဆုံးချိန်မှာတော့ ကလေး ၄ ယောက် မိခင်ဖြစ်သူ မချမ်က “ဧည့်သည်လာမှ ဆန်ဖိုးရတယ်၊ ဈေးလည်း နည်းနည်းပါးပါး ရောင်းရတော့ ကလေးတွေအတွက်လည်း မုန့်ဖိုးရတာဆိုတော့ ဧည့်သည်လာမယ့်အချိန်ကိုပဲ နေ့တိုင်းမျှော်နေရတာပေါ့”လို့ သူတို့ရဲ့ စားဝတ်နေရေး အခက်အခဲတွေကို ရှင်းပြပါတယ်။ မချမ်ဟာ ဗမာစကား အတန်အသင့်ပြောတတ်ပြီး ပစ္စည်းတွေရဲ့ တန်ဖိုးတွေကိုလည်း အင်္ဂလိပ်လို အနည်းငယ် ပြောဆို ရှင်းပြတတ်ပါတယ်။

မချမ်တို့ရွာကို လာလည်ကြတဲ့ နိုင်ငံခြားသားတွေဟာ အရင်တုန်းက တလမှာ ထောင်ချီရှိခဲ့ ပေမယ့် လက်ရှိမှာတော့ တလ ၁၀၀ ၊ ၂၀၀ ဝန်းကျင်ပဲလာတော့တယ်လို့ ရွာခံတွေက ပြောကြတယ်။ လာလည်တဲ့ ဧည့်သည်တွေကို ထိုင်းအာဏာပိုင်တွေက အခွန် ကောက်ခံကာ ဧည့်သည်ဦးရေ အပေါ်မှာ မူတည်ပြီးတော့ မချမ် လို ကြေးကွင်းစွပ် အမျိုးသမီးတွေကို ဆန်ဖိုးနဲ့ငွေသား တလမှာ ဘတ် ၂ ထောင်စီ ပေးလေ့ရှိပါတယ်။ လက်ရှိမှာတော့ ၂ လမှ တကြိမ်ပဲ ပေးတော့တယ်။

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ထဲမှာရှိတဲ့ ဟွေ့ပူးကဲ ကျေးရွာမှာ လက်ရှိ အိမ်ခြေ ၄၀ ရှိပြီး ကြေးကွင်းစွပ် လည်ပင်းရှည် ကယန်း ပဒေါင်လူမျိုးတွေ နေထိုင်ကြတဲ့ ကျေးရွာတခုဖြစ်လို့ နိုင်ငံခြားသားတွေ အတွက် အထူး အဆန်းသဖွယ် စိတ်ဝင်စားစရာ၊ ဓာတ်ပုံရိုက်ချင်စရာ၊ လည်ပတ်စရာ နေရာတခုအဖြစ် နာမည် ကျော်လာခဲ့တာဟာ နှစ် ၂၀ ကျော်ပါပြီ။ ဧည့်သည်တွေကို ရာသီ အလိုက်ပွဲတော်တွေနဲ့ ဖျော်ဖြေကြတာလည်း ရှိပါတယ်။

ဟွေ့ပူးကဲချောင်းဘေးမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က တည်ဆောက်ထားတဲ့အတွက် ဟွေ့ပူးကဲရွာလို့ အမည်ပေးထားပြီး ရွာသား အားလုံး နီးပါးဟာ ကယား(ကရင်နီ)ပြည်နယ်၊ ဒီမောဆို့ မြို့နယ်အတွင်းက ကယန်းလူမျိုးတွေနဲ့ ကယောလူမျိုး တချို့တို့ ဖြစ်ပါတယ်။

သူတို့ အားလုံးနီးပါးဟာ မြန်မာနိုင်ငံရဲ့ ၁၉၈၈ အရေးအခင်း နောက်ပိုင်းနှင့် တိုင်းရင်းသား ဒေသတွေက စစ်ပွဲတွေကြောင့် ထွက်ပြေး လာကြတာလို့ ရွာခံတွေက ပြောပါတယ်။ ထွက်ပြေးလာသူတွေကို ထိုင်းအာဏာပိုင်တွေက ရွာအဖြစ်တည်ဆောက်နေရာ ချထား ပေးပြီး နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ လည်ပတ်စရာ နေရာတခုအဖြစ် ဖန်တီး ပေးထားတာပါ။ ရွာလေးဟာ အိမ်ခြေ နည်းပေမယ့် လမ်းတဖက်တချက်က အိမ်လေးတွေဟာ အင်ဖက်မိုး၊ ဝါးထရံကာရံပြီး သေသေသပ်သပ်ဆောက်လုပ်ထားတာ တွေ့ရတယ်။

ရွာအစအဆုံးကို ၁၀ မိနစ်၊ ၁၅ မိနစ်လမ်းလျှောက်လိုက်ရုံနဲ့ ရွာဆုံးသွားပေမယ့် အိမ်တိုင်း အိမ်တိုင်းမှာ ကိုယ်တိုင်ရက်လုပ်ထားတဲ့ ရိုးရာ ချည်ထည် ခေါင်းပေါင်း၊ တံဘက်၊ လွယ်အိတ်၊ အကျႌ၊ လုံချည်တွေကို ချိတ်ဆွဲ ထားကြပြီး လက်လုပ် ပစ္စည်း အရုပ်မျိုးစုံ၊ မင်ဒလင်၊ ဂစ်တာတချို့ကို အိမ်ရှေ့တွေမှာ ခင်းကျင်းပြသရောင်းချနေကြတာဟာလည်း စိတ်ဝင်စားစရာတခု အဖြစ်တွေ့ရပါတယ်။

တရွာလုံးမှာ ကြေးကွင်းစွပ်အမျိုးသမီး ၁၉ ဦးအနက် အသက်အကြီးဆုံးက အသက် ၉၀ ရှိပြီး အငယ်ဆုံး မိန်းကလေးကတော့ ၅ နှစ်သာ ရှိပါသေးတယ်။ ကျောင်းတက်တဲ့ မိန်းကလေးတချို့ဟာ သူတို့ကို လူအများက အထူးအဆန်းသဖွယ် ကြည့်ကြလို့ ပြန်ဖြုတ် လိုက်ကြသလို မျိုးဆက်သစ် တချို့မိန်းကလေးတွေဟာလည်း ကြေးကွင်းမစွပ်ကြတော့ဘူးလို့ ရွာခံတွေက ပြောကြတယ်။

ရွာမှာရှိတဲ့ လူဦးရေ ၂၂၀ ကျော်ထဲက ၁၉ ဦးသာရှိတဲ့ ကြေးကွင်းစွပ်အမျိုးသမီးတွေကို သက်မဲ့ ရုပ်ဝတ္ထုတွေလို ပြစားနေကြတဲ့ အတွက် တချို့ကတော့“လူသားပြတိုက်”လို့တောင် တင်စားပြောဆိုလေ့ရှိကြသလို ကရင်နီ လူငယ်အများစုကတော့ သဘောမကျ ပါဘူး။

“ကိုယ့်လူမျိုးတွေကို အရုပ်တွေ၊ အကောင်တွေလိုမျိုး ပြစားထားတော့ ပထမပိုင်းမှာတော့ အတော်ကြီး စိတ်မကောင်း ဖြစ်မိတယ်၊ နောက်ပိုင်းမှာတော့ သူတို့စားဝတ်နေရေး အတွက် ဒီလိုမလုပ်ရင် ဘာလုပ်ကြမလဲဆိုပြီးတော့ စိတ်လျှော့လိုက်ရတာပေါ့”လို့ ရွာသူကြီးဟောင်းနှင့် လက်ရှိ ကျေးရွာကော်မတီအဖွဲ့ဝင် ဖြစ်သူ ဦးမောင်ပိန်က ပြောပါတယ်။

ကြေးကွင်းစွပ်ထားတဲ့ အမျိုးသမီးတွေကတော့ သူတို့ကို အခုလိုပြစားပြီး ဝင်ငွေရတာကို သဘောကျတယ် လို့သာ ပြောဆိုကြပြီး သူတို့ကိုယ်သူတို့လည်း ရုပ်ဝတ္ထုတခုလို အသုံးချခံဘ၀ ရောက်နေကြတာကို နားလည်ကြဟန်မရှိကြသလို အဲဒီအတွက် စိတ် မကောင်းဖြစ်တဲ့ ပုံစံတွေလည်း မတွေ့ရပါဘူး။

နိုင်ငံခြားသား ဧည့်သည်လာရောက်လည်ပတ်မှုဟာ ၂၀၀၅ နောက်ပိုင်းကနေ ယနေ့အထိ ကျဆင်းသွားတဲ့ အတွက် သူတို့ရဲ့စား ဝတ်နေရေး အတွက် ခြောက်သွေ့ရာသီမှာ နီးစပ်ရာ တောတောင်တွေထဲက အင်ဖက်တွေကို ကောက်ယူပြီး ပြန်လည်ရောင်းချ အသက်မွေးကြပါတယ်။ အမျိုးသားတွေကတော့ ထိုင်းအာဏာပိုင်တွေ ဆီက ခရီးသွားလက်မှတ် အထောက်အထားရယူပြီး တခြားဒေသတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ကာ မိသားစု စားဝတ်နေရေး ဖြေရှင်းနေကြပါတယ်။ မိုးတွင်းမှာတော့ တောင်ယာ လုပ် ငန်း လုပ်ကိုင်ကြတယ်လို့ ရွာခံတွေက ပြောတယ်။

ဧည့်သည်လာရောက် လည်ပတ်မှုနည်းသွားတာဟာ ချင်းမိုင်မြို့ဒေသတဝိုက်မှာ ကြေးကွင်းစွပ် ကယန်းပဒေါင် ရွာတချို့ပေါ်လာတဲ့ လို့ အဲဒီရွာတွေကိုပဲ သွားလည်ကြတဲ့အတွက်ကြောင့်လို့ ဦးမောင်ပိန်က ဆိုပါတယ်။ ချင်းမိုင်ဒေသ ပဒေါင်တွေဟာလည်း မယ် ဟောင်ဆောင်ဒေသ ကျေးရွာတွေက ပဒေါင်တွေကို စီးပွားရေးသမားတွေက ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ သိရပါတယ်။

မယ်ဟောင်ဆောင် ဒေသမှာပဲ ရှိတဲ့ ကယန်းသာယာ ပဒေါင်ရွာကိုလည်း ဧည့်သည်လာရောက်မှုဟာ ယခင်က တလမှာ ထောင် ဂဏန်းရှိပေမယ့် အခု ၂၀၀၊ ၂၅၀ လောက်ပဲ လာတယ်လို့ ရွာဝင်ဂိတ်မှာ အခွန်ကောက်ခံနေတဲ့ ရပ်မိရပ်ဘ ဦးလထန်က ပြောပါတယ်။

နိုင်ငံခြားသား တဦးကို ထိုင်းဘတ်ငွေ ၂၅၀ စီကောက် ခံရရှိတာကို ထိုင်း အာဏာပိုင်တွေနဲ့ခွဲဝေပြီး ရွာခံတွေကို မျှဝေပေးရတယ် လို့ ရှင်းပြပါတယ်။ ကယန်းသာယာ ရွာမှာ ကြေးကွင်းစွပ် အမျိုးသမီး ၆၈ ဦးပြီး အများစုက တတိယနိုင်ငံကိုထွက်ခွာသွားကြတဲ့ အတွက် လက်ရှိမှာ ၁၂ ဦးသာ ရှိပါတော့တယ်။

မယ်ဟောင်ဆောင်ဒေသမှာ ဟွေ့ပူးကဲ၊ ကယန်းသာယာ၊ ဟွေ့စူထောက် စတဲ့ ကယန်းပဒေါင်ရွာ ၃ ရွာရှိပြီး အကြီးဆုံးကတော့ ဟွေ့ပူးကဲရွာပါ။ ရွာအားလုံးဟာ ဧည့်သည်နည်းလို့ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။

ဦးမောင်ပိန်က“ဧည့်သည်လာတာ အရမ်းနည်းရင်တော့ ဆန်ရောင်းတဲ့ ဈေးဆိုင်ကို အကြွေးပေးထားဖို့ ကျနော်တို့ ရွာကော်မတီက အာမခံပေးထားတယ်၊ ၂ လစာ၊ ၃ လစာလောက်ပေါ့၊ ဧည့်သည်လာလို့ ပိုက်ဆံ ထုတ်တဲ့အခါ အကြွေး ပြန်ဆပ်ပေါ့၊ ဒီလိုနဲ့ပဲ သံသရာ လည်နေကြတယ်”လို့ ပြောပြပါတယ်။

နိုင်ငံခြားသားတွေကိုသာ မှီခိုအားထားနေတဲ့ ဟွေ့ပူးကဲရွာခံ တိုင်းရင်းသားတွေဟာ ရေရှည်စားဝတ် နေရေး အတွက် အခက်အခဲ တွေရှိနေသလို အနာဂတ် ဘဝရပ်တည်ရေး အတွက်လည်းပဲ ဘာအာမခံချက်မှ မရှိကြပါဘူး။ အများစုဟာ အခြေခံ ပညာရေး အား နည်းကြသလို မယ်ဟောင်ဆောင် ဒေသတဝိုက်သာ သွားလာပိုင်ခွင့်ရှိတဲ့ တောင်ပေါ်သားလက်မှတ်ပဲ ရှိကြပါတယ်။

အနာဂတ်ဘ၀ အတွက် အာမခံချက်မရှိကြပေမယ့် တောင်ပေါ်သား လက်မှတ်ရှိရုံနဲ့ အခမဲ့ ဆေးကုသခွင့်နဲ့ ကလေးဘယ်နှစ် ယောက် ပဲ ရှိရှိ အခမဲ့ ပညာသင်ကြားခွင့်တွေကိုတော့ ထိုင်းအစိုးရက စီစဉ်ပေးထားပါတယ်။

ကလေး ၆ ယောက်မိခင် မဆွေးထူးကတော့“ကိုယ့်နိုင်ငံမှာ နေတုန်းက ကျောင်းအပ်မယ်ဆိုရင် ကလေး တယောက်ကို ၆၀၀၀ ကျပ် ပေးရတယ်၊ ကျောင်းနေအရွယ် ၄ ယောက်ဆို ၂ သောင်းကျော်ပေးရတော့ ကလေးတွေ ကျောင်းမထားနိုင်ဘူး၊ အခု ဒီရွာကို ပြောင်းလာတော့မှ ကျမကလေးတွေ အကုန်လုံး ကျောင်းတက်ခွင့် ရကြတယ်”လို့ ရှင်းပြတယ်။

ကိုယ့်နိုင်ငံ ကိုယ့်ဒေသမှာပဲ နေထိုင်လိုကြပေမယ့် တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေကြောင့် နယ်မြေ ဒေသ မတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ အစိုးရ စစ်တပ်ရဲ့နယ်ချဲ့မှုကြောင့် လယ်မြေတွေ အသိမ်းခံရမှု စတဲ့ အခက်အခဲတွေဟာလည်းပဲ ပညာရေး၊ ကျန်းမာရေး ကဲ့သို့ပင် သူတို့အနာဂတ် အတွက်စိန်ခေါ်မှု တရပ် ဖြစ်နေ ပါတယ်။

ဟွေ့ပူးကဲ ကျေးရွာကို ပထမဆုံးရောက်တဲ့ ကြေးကွင်းစွပ် အမျိုးသမီးကြီး ဒေါ်မူထူးကတော့ ရွာကို ပြန်ချင်ပေမယ့် လုပ်ကိုင် စား သောက်စရာ လယ်ယာမြေတွေ မရှိတော့တဲ့အတွက် မပြန်ချင်တော့ဘူးလို့ ပြောတယ်။ ဒီရွာမှာနေပြီး ပညာသင်ခွင့်ရတဲ့အတွက် သူ့သားနဲ့သမီးတို့ဟာ ဘွဲ့တွေရပြီး အလုပ်အကိုင် အဆင်ပြေနေပြီလို့ ပြောပါတယ်။

ကျေးရွာတခုလုံး လျှပ်စစ်မီး ရရှိရေးအတွက် ဆိုလာစနစ်ကို အသုံးပြုကြကာ ရေလည်း ၂၄ နာရီ ရပါတယ်။ ရွာရဲ့ သာရေး၊ နာရေး ကိစ္စအ၀၀ကိုတော့ ကျေးရွာကော်မတီအဖွဲ့ကပဲ ဦးဆောင် ကူညီပေးလေ့ ရှိပါတယ်။

“သွားချင်တဲ့နေရာ သွားလို့ရတဲ့ ကိုယ့်မြေကိုယ့်ရေမှာပဲ နေချင်တာပေါ့၊ ဒါပေမယ့် အစိုးရခေါ်တာ ယုံကြည်ပြီးတော့ ပြန်သွားပြီးမှ စစ်ပွဲတွေ ထပ်ဖြစ်လို့ ပြန်လာလို့ ထိုင်းနိုင်ငံက လက်မခံတော့ရင် ကျနော်တို့ဘဝတွေ ဘယ်လိုရပ်တည်ကြမလဲ၊ နေစရာမရှိ ဖြစ်မှာကို အစိုးရိမ်ဆုံးပဲ ရွာသားတွေက”လို့ ရွာသူကြီးဟောင်း ဦးမောင်ပိန်က ပြောပါတယ်။

ကြေးကွင်းစွပ် ပဒေါင်အမျိုးသမီးတွေကို လာရောက်ကြည့်ရှုလေ့ရှိတဲ့ နိုင်ငံခြားသား ခရီးသွားတွေကြောင့် ထိုင်းအစိုးရဟာ ခရီးသွားတွေဆီက ဝင်ငွေရပါတယ်။ အဲဒါကြေင့်လည်းပဲ မြန်မာအစိုးရက ကြေးကွင်းစွပ် ပဒေါင်တွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးတွေ ဖြစ်တဲ့အတွက် မိမိတို့တိုင်းပြည် ပြန်ခေါ်ဖို့ ထိုင်း အစိုးရကို ကမ်းလှမ်းခဲ့ဖူးပေမယ့် ထိုင်းအာဏာပိုင်တွေက သဘောမတူလို့ အောင်မြင်မှု မရခဲ့ဘူးလို့ ရွာခံတွေကပြောပါတယ်။ ပြန်ခေါ်မယ့် အစီအစဉ်တော့ ထပ်မကြားရသေးပါဘူး။ အစိုးရက ပြန်ခေါ်ပေမယ့် အများစုကတော့ ဘ၀ အာမခံချက် မရှိလို့ မပြန်ချင်သေးဘူး။ ထိုင်းအစိုးရက မောင်းထုတ်မှပဲ ပြန်ကြမယ်လို့ ဆိုကြတယ်။

“မြန်မာအစိုးရကလည်း တကယ်စေတနာနဲ့ခေါ်တာ မဖြစ်နိုင်ဘူး၊ သူတို့လည်း လူတွေကို ပြစားပြီး ပိုက်ဆံ တောင်းဖို့အတွက်ပဲလေ၊ ဒီတော့ ဘယ်သူက ပြန်ချင်မလဲ၊ စစ်မှန်တဲ့ ဖက်ရယ်စနစ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရသေးသရွေ့မပြန်ချင်ကြသေးဘူးပေါ့”လို့ လည်း ဦးမောင်ပိန်က ဆိုတယ်။

ရေဒီယို နားထောင်လေ့ရှိသူအမျိုးသား တချို့ကလွဲရင် အများစုဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ စီးပွား ရေး၊ လူမှုရေးကိစ္စတွေကို မသိကြသလို သူတို့ရွာ ဧည့်သည်လာလည်တဲ့ ကိစ္စလောက်ကို စိတ်ဝင်စားကြတဲ့ ပုံစံမတွေ့ရပါဘူး။ မိမိတို့ဒေသက စစ်ပွဲတွေ၊ အခက်အခဲတွေကြောင့် ပြည်ပကို ထွက်ပြေးလာကြတဲ့ တိုင်းရင်းသား လူမျိုးအများစုဟာ အစိုးရ အပေါ်မှာလည်း ယုံကြည်မှုနည်း နေကြဆဲဆိုတာ တွေ့ရပါတယ်။

“မြန်မာအစိုးရ အဆက်ဆက်က လိမ်နေတာပဲ၊ ဦးနေဝင်း၊ ဦးသန်းရွှေ အစိုးရ တို့လည်း လိမ်ခဲ့ကြတာပဲ၊ ဦးသိန်းစိန် အစိုးရလည်း အတူတူပဲလေ၊ ဘာမှမထူးဘူး၊ အဲဒါကြောင့် သူတို့ပြောတာလည်း မယုံဘူး”လို့ ဟွေ့ပူးကဲ ရွာခံနဲ့ ကရင်နီ ရဲဘော်ဟောင်း တဦးဖြစ်သူ ဦးမတူးအော်က ပြောပါတယ်။

နိုင်ငံရေး၊ ပြည်တွင်းရေး ကိစ္စတွေကို နားလည်းမလည် စိတ်ဝင်စားမှုလည်း မရှိသူ မချမ်က ပြည်တော်ပြန်ရေး ကိစ္စနဲ့ပတ်သက်ပြီး ပြောရာမှာတော့“ပြီးခဲ့တဲ့နှစ်က ရွှေတိဂုံ ဘုရားသွားဖူးတာ ပိုက်ဆံ ၇ သိန်းကျော် ကုန်သွားတယ်၊ နောက် ဘယ်တော့မှ မပြန်တော့ ဘူး”လို့ ပြောဆိုပါတယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading