သတင်း

တိုင်းရင်းသားများကို ဂျပန်က ဒေါ်လာ သန်း ၃၀၀ ကူညီမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံ အခြေစိုက် နီပွန်ဖောင်ဒေးရှင်း က မြန်မာနိုင်ငံမှ တိုင်းရင်းသား ဒေသရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်(IDP)များကို အမေရိကန် ဒေါ်လာ သန်း ၃၀၀ ကူညီ ထောက်ပံ့ပေးရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ပူးပေါင်း၍ တောင်းဆိုမှုကြောင့် အဓိက ဆန်နှင့် ဆေးဝါးတို့ကို ထောက်ပံ့ပေးမည် ဖြစ်ကြောင်း နီပွန်ဖောင်ဒေးရှင်းက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

UNFC အဖွဲ့ဝင်များ အခြေစိုက်သည့် တိုင်းရင်းသား ဒေသ တခုချင်းစီ အတွက် ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

နီပွန်ဖောင်ဒေးရှင်းအနေနှင့် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်၌ UNFC အဖွဲ့ဝင်များ အခြေ စိုက်သည့် တိုင်းရင်းသားဒေသများတွင် စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ပညာရေး ဆိုင်ရာများ ပါဝင်သည်ဟု UNFC အဖွဲ့မှ ပြောခွင့်ရ ပုဂ္ဂိုလ် ခွန် ဥက္ကာက ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် နီပွန်ဖောင်ဒေးရှင်း အနေနှင့် တိုင်းရင်းသား ဒေသများသို့ အရေးပေါ် အကူအညီငွေ ဒေါ်လာ ၃ သန်း ကူညီထောက် ပံ့ရေး အစီအစဉ်များ ဆောင်ရွက်ပြီးမှသာလျှင် ထပ်မံပေးမည့် ဒေါ်လာ သန်း၃၀၀ ကို အကောင်အထည် ဖော်ဆောင်လိမ့်မည် ဟု ၎င်းက ဆိုသည်။

“ပဏာမ အရေးပေါ် ကူညီထောက်ပံ့ပေးနေတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်၊ ဒီ အရေးပေါ် ထောက်ပံ့ပေးတဲ့ အစီအစဉ်တွေပြီးမှ ကျနော်တို့ ဒီလကုန်လောက်မှာ ပြန်လည် သုံးသပ်ပြီးတော့ နောက်ထပ် ပေးမယ့် အစီအစဉ်သစ်တွေ စမှာပါ”ဟု ခွန်ဥက္ကာက ဆက် ပြောသည်။

ဒေါ်လာ သန်း ၃၀၀ ထောက်ပံ့ပေးမည့် အစီအစဉ်ကိုလည်း မြန်မာ ငြိမ်းချမ်းရေး စင်တာနှင့် UNFC အဖွဲ့ဝင်တို့မှ တဆင့် အကူအညီ ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

ခွန်ဥက္ကာက“နယ်မြေ အခြေအနေ တည်ငြိမ်အေးချမ်းဖို့ အလုပ်ဖြစ်နိုင်တဲ့ တည်ငြိမ်မှု ရထားဖို့ လိုတယ်၊ ဒါကြောင့် အပစ်အခတ် ရပ်စဲရေး အခြေအနေတွေနဲ့လည်း တိုက်ရိုက် စပ်ဆက်နေတော့ သုံးသပ်ပြီးတော့ လုပ်ဆောင်သွားမယ့် သဘောရှိပါတယ်”ဟု ပြောသည်။

ဂျပန်နိုင်ငံတွင် UNFC နှင့် နီပွန်ဖောင်ဒေးရှင်းတို့ ယမန်နှစ် အောက်တိုဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဆွေးနွေးခဲ့ပြီး UNFC အဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် နေရာများသို့ အရေးပေါ် အကူအညီများအတွက် ဒေါ်လာ ၃ သန်း ကူညီပေးရန် သဘောတူညီခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

UNFC တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO )၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) SSA-N၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမို ကရက်တစ် သမဂ္ဂ (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ပါဝင်သည်။

UNFC အဖွဲ့ဝင် ဖြစ်သည့် ကချင်ဒေသခံများကို အကူအညီပေးနိုင်ရန် ဆွေးနွေးနေပြီး အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ထားသည်ဟု ဂျပန်နိုင်ငံ အစိုးရ၏ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ တိုင်းရင်းသားရေးရာ ဆိုင်ရာ သံအမတ်ကြီး နီပွန်ဖောင် ဒေးရှင်း ဥက္ကဌ ယောဟဲအိ ဆာဆာကာဝါက ပြောကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

ကချင်ပြည်နယ် အရေးနှင့် စပ်လျဉ်း၍ အပစ်အခတ်ရပ်ဆိုင်းထားပြီးဖြစ်ရာ နီပွန်ဖောင်ဒေးရှင်း အနေနှင့် လူသားချင်း စာနာသည့် အကူအညီများ ပေးအပ်နိုင်ရန် စနစ်တကျ ကွင်းဆင်းပြီး ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် လေ့လာလျက်ရှိကြောင်း သတင်း စာက ဆိုသည်။

နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ မှစ၍ မြန်မာနိုင်ငံသို့ ကူညီခဲ့ပြီး ၂၀၁၂ မှစတင်ကာ ကျန်းမာရေး၊ ပညာရေးကဏ္ဍများနှင့် ပြည်သူ့ ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများတွင်လည်း ကူညီလျက်ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading