မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကို မြန်မာအစိုးရဘက်မှ လုံခြုံရေး ပိုမို ဂရုစိုက်လာသည်ကို ယခုလ ဒုတိယ အပတ်ခန့်မှစပြီး တွေ့လာရကြောင်း ဒေသခံများက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မောင်တောမြို့ မြောက်ပိုင်းတလျှောက်ရှိ ကျေးရွာများတွင် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွက်ကဲမှု အဖွဲ့(နစက) များက လုံခြုံရေး တာဝန်ယူလျက်ရှိပြီး တပ်မတော် စစ်ကြောင်းများကလည်း မကြာခဏ လှည့်လည် စစ်ဆေး လျက်ရှိကြောင်း ငခူရ ကျေးရွာမှ ဦးမောင်စိန်က ပြောပြသည်။
“ရွာသားတွေကလည်း ပဋိပက္ခ နောက်တခေါက် ထပ်ဖြစ်မှာကို ကြောက်ကြတယ်။ ရွာကလူတွေကို အကာအကွယ်ပေးဖို့ လုံခြုံရေး ချထားပေးဖို့ တောင်းဆိုတာတွေ ရှိတယ်။ အခုဆို တရွာကို နစက ၅ ယောက်၊ ၆ ယောက် တဖွဲ့စီ ထားပေးပါတယ်။ စစ်တပ် က တော့ တခါတလေ လာပါတယ်”ဟု ဦးမောင်စိန်က ဧရာဝတီသို့ ပြောသည်။
ကျေးရွာပြည်သူများအတွက် လုံခြုံရေး အပြည့်အဝယူထား၍ မစိုးရိမ်ကြရန် နံံ့သာတောင် ကျေးရွာသို့ရောက်ရှိလာသော ဗျူဟာမှူးက ပြောကြောင်း ရွာခံ တဦးက ပြောသည်။
ယခုကဲ့သို့ လုံခြုံရေး တိုးမြှင့်လာခြင်းမှာ နယ်စပ်ရေးရာ ဝန်ကြီးသစ် ဒု ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို လာရောက် လေ့လာပြီးနောက်ပိုင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်တွင် ဝန်ကြီးက နယ်စပ်လုံခြုံရေးနှင့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး အစီစဉ်များကို တိုးချဲ့လုပ်ဆောင်ရန် ပြောကြားခဲ့ကြောင်း ဝန်ကြီး၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မောင်တောမြို့နယ် တောင်ပြို့မြို့နယ်ခွဲမှ အစိုးရဝန်ထမ်း တဦးက ပြောဆိုသည်။
“နယ်စပ်ဝန်ကြီး ရောက်လာတော့ ဒီမှာ ရပ်မိရပ်ဖတွေကိုခေါ်ပြီး စည်းဝေးလုပ်တယ်။ အဲ့ဒီလို လုပ်တဲ့ အချိန်မှာ နယ်စပ်ခြံစည်း ခိုင်ခံ့ကောင်းမွန်ဖို့၊ လုံခြုံရေးကို သတိရှိရှိနဲ့ တာဝန်ထမ်းဆောင်ကြဖို့ ပြောသွားတယ်”ဟု ယင်း အစိုးရဝန်ထမ်းက ပြောသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ဘက် နယ်စပ်တလျှောက်တွင် မောင်တောမြို့ မြောက်ဘက် ကီလိုမီတာ ၁၇၀ အကွာရှိ နယ်စပ် မှတ်တိုင် ၅၀ နှင့် ၅၂ တွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က ခြံစည်းရိုး တည်ဆောက် နေ သည့် တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၃ ဦးကို အမည်မသိအဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရပြီး ယခုချိန်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
ထို့အပြင် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း တပ်မတော် စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှ တပ်ဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခံခဲ့ရပြီး ၎င်းတို့စီးနင်းလာသည့် ကားကို မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်း၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကလည်း မောင်တောမြို့နယ် ရွာသစ်ရွာကို ဓားပြအဖွဲ့တဖွဲ့ ဝင်ရောက်ပစ်ခတ်ခဲ့သည့်အတွက် တဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ယခုအခါ ဘူးသီးတောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေး ကွက်ကဲမှု ဌာနချုပ်မှ တပ်ရင်း ၃ ရင်းဦး ဦးဆောင်သည့် တပ်ဖွဲ့သည် မောင်တောမြို့မြောက်ပိုင်း တောင်ပြိုမြို့နယ်ခွဲတွင် အခြေစိုက်ပြီး ၎င်းဗျူးဟာအောက်မှ စစ်ကြောင်းများက ဒေသတွင်း လုံခြုံရေးကို လှုပ်ရှားတာဝန်ယူနေကြောင်း တောင်ပြို အခြေစိုက် အမှတ် ၃ နစက နယ်မြေမှ တပ်သားတဦးက ပြောဆိုသည်။
“အဓိက ဗျူဟာမှူးကတော့ တောင်ပြိုမှာထိုင်တယ်။ စစ်ကြောင်းတွေကတော့ လှုပ်ရှားထွက်ရင်း နီးစပ်ရာရွာတွေမှာ ဝင်နားကြ တယ်။ သူတို့ အချိန် ဘယ်လောက်ကြာကြာ တာဝန်ယူမယ် ဆိုတာတော့ မသိဘူး”ဟု ယင်းတပ်သားက ပြောသည်။
နယ်စပ်ခြံစည်းရိုး အနီးတလျှောက် မောင်တောမှ မောင်တောမြို့မြောက်ဘက် မိုင် ၆၀ ခန့် အကွာရှိ ဗန္ဓုလကျေးရွာ တလျှောက် ကားလမ်း ဖောက်လုပ်ပြီးဖြစ်ကြောင်းလည်း သွားရောက်ခဲ့ဖူးသည့် မောင်တောမြို့နယ် ငခူရကျေးရွာမှ ဆရာတော်တပါးက မိန့်ဆိုသည်။
ရခိုင်ပြည်နယ်၌ ၂၀၁၂ ခုနှစ် ဇွန်၊ ဇူလိုင် နှင့် အောက်တိုဘာလ အတွင်း ရခိုင်တိုင်းရင်းသားများနှင့် မွတ်စလင်များ အကြား ပဋိပက္ခ ဖြစ်ပွားမှုကြောင့် ထောင်နှင်ချီ၍ အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး လူ အသေအပျောက်များလည်း ရှိခဲ့သည်။