Politics

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တကယ်ပြင်တော့မလား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

စစ်အစိုးရ ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်လေ့လာရေး အရေးကြီး အဆိုတရပ်ကို အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက  ယနေ့ ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်ရာ အဆိုကို ကန့်ကွက်သူမရှိဘဲ အတည်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဝက်လက်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်သူရဦးအေးမြင့်က ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်ရေး အရေးကြီးအဆိုတရပ် ကို တင်သွင်းရာ မြစ်ကြီးနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းဇော်က ထောက်ခံခဲ့ပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် အရပ်သားလွှတ်တော်ကိုယ်စားလှယ် ၄၆၂ ဦးတို့က ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြ ကြောင်း၊ ယင်း အတည်ပြု မှုကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး လမ်းစတခု ပေါ်ထွန်းလာပြီဟု ဆိုကာ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များက ကြိုဆိုလိုက်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကသတင်းစာဆရာကြီးဦးဝင်းတင်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မည် ဆိုသော သတင်းကို ကြိုဆိုကြောင်း၊ နိုင်ငံရေးကစားခြင်းနှင့်အမြတ်ထုတ်ခြင်းမဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကောင်းစားရေး အတွက် စေတနာသန့်သန့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် အလွန်ကျေးဇူးတင်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဘာပဲပြောပြော ဦးအေးမြင့်တို့  ဦးသိန်းဇော်တို့ကိုတောင်မှ ချီးကျူးစကားပြောချင်ပါတယ်ဗျာ။ စတိလုပ်မယ့်ဟာမျိုး ဖြစ်မှာ စိုးရိမ်တယ်။ ပြင်မယ်ဆိုတာက ထိထိရောက်ရောက်ပြင်ဖို့ လုပ်မယ်၊ တကယ်ကိုစေတနာကောင်းနဲ့ပြင်မယ်၊ တိုင်းပြည်ကို ဒုက္ခပေး နေတဲ့ အခြေခံဥပဒေပါနေတဲ့ အချက်တွေကို တကယ်ကို စေတနာကောင်းနဲ့ပြင်တာဆိုရင်တော့ ဒီပုဂ္ဂိုလ်များကို ချီးကျူးတယ်။ ကျနော်တို့သဘောအရဆိုရင်တော့ ဒီဥပဒေက အသစ်တောင်ပြန်ရေးဆွဲဖို့ကောင်းတယ်။ ဒါ ကျနော်အသက်သာဆုံးပြောတာပါ။ အရင်တုန်းကဆိုရင် ဒီအခြေခံဥပဒေကို စုတ်ဖြဲပစ်သင့်တယ်လို့တောင် ကျနော်ပြောခဲ့တယ်” ဟု ဦးဝင်းတင်ကဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ဆောင်မည်ဆိုပါက မြန်မာ့ဒီမိုကရေစီလူ့ဘောင်နှင့်မကိုက်ညီသော၊ ပြည်သူတွေ လိုလားတောင့်တမှုများကို ဦးစားပေးပြင်ဆင်သင့်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရာတွင်လည်း လွှတ်တော်ကိုယ်စားလှယ်များတင်မဟုတ်ဘဲ အားလုံးပါဝင်သော ပြုပြင်မှုမျိုးဖြစ်သင့်ပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်သင့်ကြောင်း ဦးဝင်းတင်က ရှင်းပြသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူတွေရဲ့ အပြောင်းအလဲကို လိုလားတဲ့ဆန္ဒတွေ၊ မြန်မာ့လူဘောင်မှာ လိုအပ်တဲ့ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့လည်း မကိုက်ညီတော့ဘူး။ အဲဒါကြောင့် အဆိုတင်တယ်။ စေတနာ သန့်သန့်နဲ့တင်တယ်။ အမျှော်အမြင်ရှိရှိတင်တယ်။ အမြင်ကျယ်ကျယ်နဲ့တင်တယ်။ တကယ်ကို ပြင်သင့်တာမှန်ရင် ပြင်ကိုပြင်မယ်ဆိုတဲ့ ပုံစံနဲ့လုပ်တယ်ဆိုရင် ကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်။ နောက်တချက်ပြောချင်တာက ဒီဟာကို ပြင်တဲ့အခါမှာ လွှတ်တော်ထဲက လူတစုနဲ့ သနပ်ခါးလိမ်းတဲ့ဟာမျိုးပေါ့။ မတတ်သာလို့ ဝါးရင်းတုတ်နဲ့ ရိုက်ရမှာကို ကြက်မွှေးနဲ့သပ်တာမျိုး မဖြစ်စေချင်ဘူး။ အခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြင်ပမှာလုပ်ရမယ်။ အခုချိန်ကစပြီး လုပ်ရမယ်။ပြင်ဖို့ အသံတွေကို နီးလာတာက အလွန်ကောင်းတယ်။ ဘာတွေပြင်မလဲ။ ဘယ်လိုပြင်မလဲ၊ ဘယ်အတိုင်းအတာထိပြင်မလဲဆိုတဲ့ဟာတွေကတော့ အများကြီးဆွေးနွေးကြရမယ့်ကိစ္စတွေဖြစ်တယ်။ ကျနော်ကတော့ ကြိုဆိုတယ်။ ဖြစ်အောင်လုပ်ကြပါ။ ထိထိရောက်ရောက်နဲ့ တိုင်းပြည်အတွက် လုပ်ကြပါ”ဟု ဦးဝင်းတင်က ဆက်ပြောသည်။

ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွှန့်လွင်က ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဆိုပါက တိုင်းရင်းသားအခွင့်အရေးအပြည့်အ၀ အာမခံသော ဥပဒေဖြစ်စေရန် ပြင်ဆင်ရမည်ဖြစ်ပြီး  ဥပဒေပြင်ဆင်ရေးတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ ဖိတ်ခေါ်သင့်ကြောင်း ပြောသည်။

”ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးပါ။တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးပါ။ ကျနော်တို့လည်း ညီလာခံမှာဒီကိစ္စတွေကိုပဲ ဆွေးနွေးမှာပါ။ဗမာတွေရတဲ့ အခွင့်အရေးလဲ နယ်စွန်နယ်ဖျား မှာရှိတဲ့ တိုင်းရင်းသားတွေကိုလည်း ရစေချင်တယ်။ ဖွဲ့စည်းပုံ ဆွဲတဲ့အခါမှာ စေတနာမှန်ဖို့။ ကိုယ့်ဘက်ကို ကိုယ် မယက်ဖို့  တိုက်တွန်းချင်တယ်။ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ဆွဲရင် ကြာမှာမဟုတ်ပေမဲ့
ကိုယ်လိုချင်တာ ဆွဲထည့်ဖို့ကြိုးစားရင်တော့ ကြာလိမ့်မယ်”ဟု ဦးစိုင်းညွှန့်လွင်က ဆိုသည်။

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုမြအေးကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းထက် တိုင်းရင်းသားပေါင်းစုံပါဝင်သော ညီလာခံတခုခေါ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြန်လည်ရေးဆွဲသင့်ကြောင်း၊ ထိုသို့ အသစ်မရေးဆွဲနိုင်ပါကလည်း တဆင့်ချင်းပြန်လည်ပြုပြင်မှုကို သဘောတူကြောင်း၊ တပ်မတော်ကိုလည်း ပစ်ပစ်ခါခါ မလုပ် ဆောင်သင့်ဟု ဆိုသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို ခိုင်ခန့်ပါတယ်လို့ ပြောနေရာကနေ လိုအပ်လို့ရှိရင် ပြင်ဆင်ဖို့နဲ့ အသစ်ပြန်ရေးဆွဲ ဖို့အသိ တွေရှိလာတာကောင်းပါတယ်။ ပြင်တဲ့နေရာမှာ တိုင်းရင်းသား တွေရဲ့ တန်းတူအခွင့်အရေးကို ပုံဖော်ပေးနိုင် တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် လိုအပ်တာပဲ။ ပြည်ထောင်စုစစ်စစ်ကိုပုံဖော်ပေး နိုင်တဲ့ ဥပဒေတစ်ရပ်တော့ လိုတယ်။ အပစ် အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော၊အပစ်အခတ်ရပ်စဲရေးအတွက်ဆွေးနွေး နေတဲ့ သဘောထားကိုပါ ကောက်ယူပြီးပြင်သွားရင် ပိုကောင်းမယ်။ စစ်တပ်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးမူအရ ပစ်ပစ်ခါခါ
မဆက်ဆံသင့်ဘူး”ဟု ကိုမြအေးက ဆိုသည်။

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရဲထွန်းက ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်းသားများကို တန်းတူအခွင့်အရေးမပေးထားသည့်အတွက် ပြန်လည် သုံးသပ်ရေး ဆောင်ရွက်မည့်အပေါ် ကြိုဆိုသည်ဟု ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ရပိုင်ခွင့်နည်းတယ်ပေါ့။ အဲလိုဖြစ်တဲ့အခါ ကျတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည့်ပြည့်၀၀ဖြစ်စေချင်တယ်။ ပြည်နယ်တွေမှာ ဥပဒေပြုခွင့်၊ အုပ်ချုပ်ခွင့် အာဏာ ပေးထားတယ်။ ပြည်ထောင်စုစနစ်ဆိုတာတော့ ပေါ်နေတယ်။ သို့သော်လည်း သူတို့ရဲ့ ဥပဒေပြုခွင့်အာဏာနဲ့ အဝန်းအဝိုင်းက သိပ်ကျဉ်းမြောင်းတယ်လေ။ ဥပမာအားဖြင့် တိုင်းရင်းသားတွေက ကိုယ့်ဒေသရဲ့ ပြည်နယ်နေ့၊ အမျိုးသားနေ့တွေကို ရုံးပိတ်ရက် သတ်မှတ်ဖို့တောင်မှ လွှတ်တော်က အခွင့်အာဏာမရှိဘူး။ ကိုယ့်ဒေသမှာ ထွက်တဲ့ သဘာ၀ သယံဇာတတွေနဲ့ပတ်သက်လို့ စီမံခန့်ခွဲခွင့် အဲဒါလည်းမရှိဘူး။ အဲလိုဟာမျိုးတွေပေါ့။ အခု လောလောဆယ် အားဖြင့် တိုင်းဒေသကြီးတွေနဲ့ တန်းတူ ပြည်နယ်တွေမှာက ဒါကို စီမံခန့်ခွဲတခုပဲရှိတယ်။ သစ်တောတို့ ဘာတို့ပေးထား တာကလည်း အနည်းအကျဉ်းပဲ။ လမ်းတံတားတွေ အခွန်အကောက်ခံရတာကလည်း ပြည်ထောင်စု လမ်းမကြီး မဟုတ်တဲ့ ပြည်နယ်တွင်းက ခရိုင်ချင်းဆက်၊ မြို့နယ်ချင်း ဆက်လမ်းတွေပဲ” ဟု ဦးရဲထွန်းက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွင် စစ်တပ်က တရားဝင်အာဏာ သိမ်းခွင့်ရှိခြင်း၊ စစ်တပ်မှ ဗိုလ်ချုပ်များ ကိုသာ ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေး နှင့် ပြည်ထဲရေးဝန်ကြီးများအဖြစ် ခန့်အပ်နိုင်ခြင်း၊ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း လွှတ်တော်တွင် အလိုအလျောက်ပါဝင်နေခြင်း၊ ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၏ အကြီးအကဲ အဖြစ် အခွင့်အာဏာ ပေးထားခြင်း၊ သမ္မတလောင်းသည် စစ်ရေးအမြင်ရှိရမည်ဆိုသော ပြဋ္ဌာန်းချက် အပါအဝင် ပြဋ္ဌာန်းချက်အများစုသည် ဒီမိုကရေစီစနစ်နှင့် မကိုက်ညီကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေကြ သည်။

စစ်အစိုးရသည် လူပေါင်း ၂ သိန်းနီးပါးသေဆုံးခဲ့ရသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့သော ၂၀၀၈ ခုနှစ် မေလ အတွင်းတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။

(သာလွန်ဇောင်းထက်နှင့် ထက်နိုင်ဇော် ပူးတွဲရေးသားသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading