သြစတြေးလျနိုင်ငံက မြန်မာ့တပ်မတော်အပေါ် ကန့်သတ်ထားသည့် ပိတ်ဆို့မှုများကို ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် မစ္စ ဂျူလီယာ ဂျီလတ်က ယနေ့ ပြောကြားလိုက်သည်။
မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အာဏာကို ၂၀၁၁ ခုနှစ်အထိ ချုပ်ကိုင်ထားရာမှ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးများ လုပ်ဆောင်လာသောကြောင့် သြစတြေးလျ ဝန်ကြီးချုပ် မစ္စ ဂျူလီယာ ဂျီလတ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ကြောင်း ရိုက်တာ သတင်းတပုဒ်တွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ နိုင်ငံသို့ ၄ ရက်ကြာ ခရီးစဉ်သွားရောက်ရာ ကင်ဘာရာမြို့တော်သို့ မတ်လ ၁၇ ရက် နေ့ ညနေပိုင်းက ရောက်ရှိသွားခြင်းဖြစ်သည်။ မြန်မာခေါင်းဆောင် တဦးအနေဖြင့် ၁၉၇၄ ခုနှစ်နောက်ပိုင်း သြစတြေးလျနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်ခြင်းလည်း ဖြစ်သည်။
ခရီးစဉ်အတွင်း စစ်ဘက်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု အကူအညီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ကန့်သတ်ချက်များကို သြစတြေးလျနိုင်ငံဘက်က ရုပ်သိမ်းသွားမည်ဖြစ်သော်လည်း စစ်လက်နက် ပစ္စည်း ရောင်းချမှုဆိုင်ရာ ဒဏ် ခတ်ပိတ်ဆို့မှုကို ဆက်လက် ထားရှိမည်ဖြစ်ကြောင်း မစ္စ ဂျီလတ်က ပြောကြားသည်။
“၂ နိုင်ငံ ဆက်ဆံရေးမှာ ကာကွယ်ရေးဆိုင်ရာနဲ့ပတ်သက်တဲ့ ပထမဆုံး ခြေလှမ်းတခုကို ဒီကနေ့ ကျမတို့ လုပ်ဆောင် လိုက် တာဖြစ်တယ်။ ဒါပေမယ့် ဒါဟာ ကာကွယ်ရေးနဲ့ပတ်သက်တဲ့ ဆက်ဆံရေးတွေကို အပြည့်အ၀ ပုံမှန်အခြေအနေကို လုပ်ဆောင် တာတော့ မဟုတ်ဘူး” ဟု မစ္စ ဂျီလတ်က သြစတြေးလျ ပါလီမန်၌ ဦးသိန်းစိန်နှင့်အတူ ပြုလုပ်သည့် ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မစ္စ ဂျီလတ်က ပြောရာတွင် မြန်မာအစိုးရကို လူ့အခွင့်အရေး နှင့်ပတ်သက်၍ အမေရိကန်ဒေါ်လာ သန်း ၂၀ ထပ်မံ ကူညီ ထောက်ပံ့သွားရန် ရှိကြောင်းလည်း ပါဝင်သည်။
ပြုပြင်ပြောင်းလဲရေးသမားဟု အများက ချီးမွမ်းနေကြသည့် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ကလည်း သြစတြေးလျ နိုင်ငံ၏ ရင်းနှီးမြှုပ်နှံရေးနှင့် ကျွမ်းကျင်ပညာရှင်းများ ဆိုင်ရာ ကူညီထောက်ပံမှုများ အတွက်လည်း ကမ်းလှမ်းခဲ့သည်။
ထို့အပြင် သြစတြေးလျနိုင်ငံက မြန်မာအစိုးရ ဝန်ကြီးများကို သတ္တုမိုင်းတူးဖော်ရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ဗဟုသုတ ဖလှယ်ရေးအတွက်လည်း ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
“သြစတြေးလျနှင့် မြန်မာ ၂ နိုင်ငံ မိတ်ဆွေတွေအဖြစ် ရည်ရွယ်ထားပါတယ်”ဟု သမ္မတ ဦးသိန်းစိန်က ပြောသည်။
မြန်မာနိုင်ငံသည် အာရှတိုက်တွင် အဆင်းရဲဆုံး နိုင်ငံတခုလည်းဖြစ်ပြီး ဆယ်စုနှစ်များစွာကြာ မြန်မာအား အမေရိကန် အပါအဝင် ကမ္ဘာ့နိုင်ငံ များစွာက ပိတ်ဆို့မှုများပြုလုပ်၍ ဒဏ်ခတ် ခဲ့ကြသည်။
မစ္စ ဂျီလတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံအား စစ်ရေးအကူအညီမပါသော ခရီးသွားလာခွင့်နှင့် ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ် ထား စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ယမန်နှစ်က ဖယ်ရှားပေးခဲ့သည်။ ထို့နောက် လာမည့် ၂၀၁၅ ခုနှစ်ထိ တနှစ်လျှင် အမေရိကန် ဒေါ်လာ သန်း ၁၀၀ အကူအညီပေးမှုများကို ၂ ဆတိုး ထောက်ပံ့သွားမည်လည်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျ ပါလီမန်သို့ ယနေ့ ရောက်ရှိချိန်တွင် အတိုက်အခံ ခေါင်းဆောင် မစ္စတာ တိုနီအက်ဘော့နှင့်လည်း တွေ့ဆုံခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ၂၀၁၁ ခုနှစ်တွင် အရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်လာခဲ့ရာ အနောက်နိုင်ငံ အစိုးရများကလည်း မြန်မာအပေါ် ဒဏ်ခတ်ထားသည့် စီးပွားရေး ပိတ် ဆို့မှုများကို ဖြေလျှော့ ပလပ်ပေးမှုများ လုပ်ဆောင်ခဲ့ကြသည်။
သို့သော် မြန်မာအစိုးရအနေဖြင့် ယခင်က စစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှွတ် တော်တွင် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဆက်လက် ထားရှိဆဲဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စတာ သောမတ်စ်အိုဟေး ကင်တာနာ သည် ယခင်သီတင်းပတ်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့စဉ်က မြန်မာနိုင်ငံတွင်း တိုးတက်မှုများကို အသိအမှတ် ပြုပြော သော် လည်း နိုင်ငံရေးအကျဉ်းသား ၂၅၀ ဝန်းကျင်သည် အကျဉ်းကျနေဆဲဖြစ်ကြောင်း၊ ပြည်တွင်း နေရပ် စွန့်ခွာထွက်ပြေးနေ ရသူ လူပေါင်း ၁ သိန်း ၂ သောင်းခန့် ရှိနေသေးကြောင်းလည်း ထောက်ပြထားသည်။
ယခု ဒုတိယမြောက် ဥရာပခရီးစဉ်အဖြစ် မတ်လ ၁၄ ရက်နေ့က နယူးဇီလန် နိုင်ငံသို့လည်း သမ္မတ ဦးသိန်းစိန် သွားရောက် ခဲ့ပြီး နယူးဇီလန် ဘုရင်ခံချုပ် Sir Jerry Mateparae က ကြိုဆိုခဲ့သည်။ ထို့နောက် လွန်ခဲ့သည့်နှစ် နိုဝင်ဘာလ က မြန်မာနိုင်ငံသို့ ပထမဆုံး အလည်လာခဲ့သည့် နယူးဇီလန် ဝန်ကြီးချုပ် မစ္စတာ ဂျွန်ကေးနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။
သမ္မတ ဦးသိန်းစိန်၏ ပထမဆုံး ဥရောပ ခရီးစဉ် အဖြစ် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ အီတလီ ၅ နိုင်ငံသို့ ဖေဖော် ဝါရီလ ၂၆ ရက်နေ့မှ မတ်လ ၈ ရက်နေ့ထိ အလည်အပတ် သွားရောက်ခဲ့ပြီး မြန်မာအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အ ရေး ယူမှုများဖယ်ရှားရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးများနှင့် အထောက်အပံ့ အကူအညီများပေးရေးအတွက် တိုက်တွန်း ပြောကြားမှုများ လုပ်ဆောင်ခဲ့ရာ အောင်မြင်သည့် ခရီးစဉ်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းစာများက ဖော်ပြသည်။