သတင်း

တန်ဖိုးနည်း ဖုန်းကတ်ကြောင့် ဖုန်းဈေးကွက်လှုပ်ရှား

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

အစိုးရတာဝန်ရှိသူများက ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငွေကျပ်ထောင်ဂဏန်းဖြင့် တန်ဖိုးနည်းဖုန်းကတ်များ ရောင်းချမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ရာ ပြည်သူအများစုက ကြိတ်ကြိတ်တိုး ဝယ်ယူကြမည့် အခြေအနေများ ဖြစ်ထွန်းနေသောကြောင့် ဖုန်းဈေးကွက်လှုပ်လှုပ်ရှားရှားဖြစ်လာကြောင်း သတင်းရရှိသည်။

ဂျီအက်စ်အမ်ဖုန်းကတ်တကတ်လျှင် ငွေကျပ် ၂၀၀၀ နှင့်  WCDMA ဖုန်းကတ်တကတ်လျှင် ကျပ် ၅၀၀၀ ဖြင့် ရောင်းချမည် ဆိုသော သတင်းများက အပတ်စဉ်ထုတ်ပုဂ္ဂလိကသတင်းဂျာနယ်များတွင် ဖော်ပြထားရာ ပြည်သူအများစုမှာ မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များသို့ ကြိုတင်စာရင်းပေးသွင်းမှုများ ရှိနေကြောင်း မိုဘိုင်းလ်ဖုန်းဟန်းဆက်အရောင်းဆိုင်များထံမှ သိရှိရသည်။

ရန်ကုန်-အင်းစိန်လမ်းမကြီးဘေး၊ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော NES ဖုန်းဟန်းအရောင်းဆိုင်ပိုင်ရှင် ဒေါ်မျိုးမျိုးက ဖုန်းကတ်များထွက်ရှိမည့် ဧပြီလ ၁ ရက်နေ့မတိုင်မီ လာရောက်ကြိုတင်စာရင်းပေးသွင်းနေသူ ရာချီရှိကြောင်း ဧရာဝတီသို့ ပြောသည်။

“ငွေကျပ်ထောင်ဂဏန်းလောက်နဲ့ ဖုန်းကတ်ရမယ်ဆိုတော့ လူတွေက တော်တော်လာမေးကြတယ်။ စာရင်းပေးတဲ့လူတွေလည်းရှိတယ်။ ကျမတို့ကလည်း သတင်းတွေမှာသာဖတ်နေရတာ၊ ဘယ်လိုပေးမလဲ၊ ဘယ်လိုရောင်းမလဲဆိုတာ သေသေချာချာမသိတော့ လာမေးတဲ့သူတိုင်းကို စာရင်းယူထားလိုက်တယ်။ ထောင်ဂဏန်းဆိုတော့ တကယ်ဖုန်းကတ်တွေထွက်လာရင် ဈေးကွက်က ရုတ်တရက် ဝယ်လိုအား တအားထိုးတက်ဖို့ပဲ သေချာနေပြီ” ဟု ဒေါ်မျိုးမျိုးက ဆိုသည်။

ဧပြီလ ၁ ရက်နေ့ ငွေကျပ် ထောင်ဂဏန်းသာရှိသည့် ဖုန်းကတ်များအမှန်တကယ် ထွက်ပေါ်လာပါက ဈေးပေါပြီးသက်သာသည့် တရုတ်နိုင်ငံလုပ် ဖုန်းဟန်းဆက်များ ဝယ်လိုအား ထိုးတက်လာနိုင်သည်ဟု လူကြီးမင်း ဖုန်းဆိုင်မှ တာဝန်ရှိသူတဦးဖြစ်သူ ကိုဝေယံ ကပြောသည်။

”တရုတ်က လာတဲ့ ဟန်းဆက်ဈေးပေါပေါလေး တွေရောင်းရဖို့များတယ်။ ငွေသောင်းဂဏန်းလောက်နဲ့ ဖုန်း ပြောနိုင်မယ့် ဖုန်းလေးတွေရောင်းရမယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်လူငယ်အများစုမှာ လည်း ငွေကျပ်ထောင်ဂဏန်းဖြင့် ရောင်းချမည့် ဖုန်းကတ်များအပေါ် ရင်ခုန်စွာ စောင့်ဆိုင်း နေကြသည်ဟု သိရှိရသည်။

“ကျနော်က ဖုန်းကတ်ထွက်လာရင် ကိုင်ဖို့ ဟန်းဆက်လှလှလေးတွေ လိုက်ကြည့်နေတယ်။ ၂ သိန်းနဲ့ ရောင်းတုန်းက အိမ်က ဝယ်မပေးနိုင်ဘူးလို့ပြောတယ်။ ထောင်ဂဏန်းဆိုတော့ ဝယ်ပေးမယ်။ ဒါပေမယ့် ဟန်းဆက် ကိုတော့ ဈေးပေါပေါလေးပဲ ဝယ်ပေးမယ်ပြောလို့ ဈေးလည်းပေါ ကင်မရာလေးဘာလေး ရိုက်လို့ရတဲ့ ဖုန်းဟန်းဆက်လေးတွေ လိုက်ရှာနေတာ။ ကျနော်တို့သူငယ်ချင်းတွေလည်း အားလုံး ဖုန်းကတ်ဝယ်ဖို့ လုပ်နေကြပြီ” ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြား နေသော Grade 9 ကျောင်းသားတဦးက ဧရာဝတီသို့ ပြောသည်။

နယ်ဒေသများတွင် လည်း ထောင်ဂဏန်းမျှဖြင့် ဖုန်းကတ်များ ဝယ်ယူအသုံးပြုနိုင်မည်ဆိုသော သတင်း များပျံ့နှံ့နေသည့်အတွက် လယ်သမားအပါအဝင် ကျေးလက်နေ လူတန်းစား အများစုစိတ်ဝင်စား လျက်ရှိ ကြောင်း မအူပင်ဒေသခံ တဦးက ဆိုသည်။

“ဖုန်းကတ် တကတ်ကို ထောင်ဂဏန်းနဲ့ရမယ်ဆိုတဲ့ သတင်းကြားရတယ်။ မအူပင်ဘက်က လယ်သမား တွေလည်း တကယ်ဖုန်းထွက်ရင် မြို့တက်ဝယ်မယ်ဆိုပြီး ပြောကြ၊ ဆိုကြ တိုင်ပင်နေကြတယ်။ မအူပင်မြို့ပေါ်မှာလည်း ဖုန်းဟန်းဆက်အရောင်းဆိုင်တွေရှိပေမယ့် စောစောသုံးချင်ကြလို့ ရန်ကုန် တက်ဝယ်ကြမယ်ဆိုပြီး ကျနော့်အသိ လယ်သမားတွေက မေးနေကြတယ်” ဟု မအူပင်မြို့ပေါ်မှ ဆန်စပါးကုန်သည်တဦးက ပြောသည်။

ငွေကျပ်ထောင် ဂဏန်းတန် တန်ဖိုးနည်းဖုန်းများကြောင့် ပြည်သူအများစု၏ ဆက်သွယ်ရေး အဆင်ပြေလာ မည်ဖြစ်သည့်အပြင် စိုက်ပျိုးရေးလုပ်ကိုင်နေသော လယ်သမားများ အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံတွင် လယ်သမားများသည် အခက်အခဲများနှင့် သိရှိလိုသော သတင်းအချက်အလက် များကိုသတ်မှတ်နေရာ များနှင့် ကုန်စည်ဒိုင်များတွင် မေးမြန်းနိုင်သဖြင့် လယ်ယာစီးပွားရေး လုပ်ငန်း အထူးအောင်မြင်ဖြစ်ထွန်းကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ပဲဈေး၊ နှမ်းဈေး၊ စပါးဈေး အပါအဝင် သတင်း အချက်အလက်အားလုံး မေးမြန်းနိုင်သည့် စနစ်တရပ်ပေါ်ထွန်းလျှင် ဖုန်းကိုင်မည့် လယ်သမားများ အဆင်ပြေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါက်တာ မျိုးအောင်ကျော်က ပြောသည်။

”လယ်ပြင်မယ်။ ပိုးသတ်ဆေးဖြန်းမယ်။ သီးနှံစိုက်မယ် ဆိုရင် မိုဘိုင်းလ်ဖုန်း တစ်လုံးရှိတာနဲ့ Service Provider လို့ခေါ်တဲ့ဒေသတွင်း သတင်းအချက်အလက်စင်တာတွေနဲ့ လှမ်းချိတ်ပြီးတော့ အချိန်နဲ့ တပြေးညီ အကုန်လုံး လုပ်လို့ရသွားတာပေါ့။ အချင်းချင်းလည်း ဒေသအလိုက်ပေါက်ဈေး တွေညှိုလို့ ရလာမယ်။ မိုဘိုင်းလ်ဖုန်း လုပ်ငန်းဆိုတာ ပွင့်ပွင့်လင်းလင်းပြောရရင် အစိုးရအနေနဲ့အမြတ် ထုတ်ရမယ့် လုပ်ငန်း မဟုတ်ဘူး။ အရင်က လုပ်စားတဲ့ခွင်ကြီးတစ်ခုဖြစ်ခဲ့တာ။ အဲဒီအတွက် တိုင်းပြည်က အများကြီး နိမ့်ကျ ကျန်ခဲ့တယ်။ အခုမှဖြစ်လာပေမယ့် ဝမ်းသာပါတယ်”ဟု ၎င်းက ဆိုသည်။

တန်ဖိုးနည်းဖုန်းများအမှန်တကယ်ထွက်ရှိလာပါက လူထုကို မှန်ကန်စွာ အသုံးပြုစေနိုင်ရန်အတွက် ပညာပေးမှုများ ဆောင်ရွက်သင့်ကြောင်း ဘလော့ဂါကိုနေဘုန်းလတ်က ဧရာဝတီသို့ ပြောသည်။

”တော်တော်များများက ဖုန်းကို ဆက်သွယ်စကားပြောဖို့လောက်ပဲ သုံးကြတာများတယ်။ အင်တာနက်သုံးလို့ရတယ်။ သတင်း တွေကြည့်မယ်။ ဖုန်းကိုဆက်သွယ် ပြောဆိုတာထက် အကျိုးရှိရှိသုံးနိုင်အောင် ပညာပေးလေးတွေတော့များများလုပ်ဖို့လိုမယ်”ဟု အိုင်တီကျွမ်းကျင်သူ ကိုနေဘုန်းလတ် က ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းတယ်လီဖုန်းသန်းချီ တိုးခဲ့ျ တပ်ဆင်မည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် မိုဘိုင်းလ်ဖုန်းအလုံးရေ ၁၀ သန်း၊ ၂၀၁၄-၂၀၁၅ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ၁၄ သန်း၊ ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်တွင်  ၁၅ ဒသမ ၅ သန်း စုစုပေါင်း၃၉ ဒသမ ၅ သန်းအထိ ချထား ပေး မည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ လူဦးရေ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့်ရလာ ဖြစ် ကြောင်း၊ အနာဂတ် တွင် ဆက်သွယ်ရေးလုပ်ငန်းများကို အစိုးရဘက်ဂျက်ငွေကို မှီခိုအသုံးမပြုသည့် အများပိုင်ကုမ္ပဏီ အဖြစ်  ပြောင်းလဲဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading