၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် ဒီမိုကရေစီစနစ် အခြေကျရန်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် အတွက် နိုင်ငံရေး ပါတီတခု ထူထောင်ရန် မူဝါဒရှိနေပြီး ယခုနှစ်တွင် ပါတီဖွဲ့စည်းရန် မရှိသေးကြောင်း သိရသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ယခုနှစ်အတွင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ အားကောင်းစေရေးအတွက်သာ ရည်ရွယ် လုပ်ဆောင်နေပြီး လာမည့်နှစ်အနည်းငယ်အတွင်းတွင် နိုင်ငံရေးပါတီတခုအဖြစ် ဖွဲ့စည်းရန်ရှိသကဲ့သို့ အခြားတဘက်တွင်လည်း အရပ်ဘက် အဖွဲ့အစည်းကို ဆက်လက် ထားရှိပြီး ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်ဆောင်တစ်ဦးဖြစ်သည့် ကိုမင်းဇေယျက ပြောသည်။
“သေချာတာ ကတော့ ၂ လမ်းသွား မယ့် အခြေခံမူ ရှိတယ်။ လောလောဆယ်မှာက လျာထားချက်ပဲရှိသေးတယ်။ နိုင်ငံရေး ပါတီပုံစံ နဲ့ တစ်ဖက်၊ အရပ်ဘက်အဖွဲ့အစည်း NGO ပုံစံနဲ့ တဖက်လုပ်သွားမှာပါ။ အားလုံးက သဘောတူထား ပြီးသားပါ” ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် နိုင်ငံရေးပါတီထူထောင်ပြီး နိုင်ငံရေးလုပ်ဆောင်လိုသူများ ရှိနေပြီး ၂၀၁၃ ခုနှစ် ကျော်လွန်မှ သာ ပါတီထူထောင်ရေးအတွက် အစည်းအဝေးများ ပြုလုပ်ပြီး အနာဂတ်လုပ်ငန်းစဉ်များဆုံးဖြတ်မည် ဖြစ်ကြောင်း ကိုမင်းဇေယျ က ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ကို ကိုယ်စားပြုပြီး နိုင်ငံရေးပါတီတစ်ခု ယခုနှစ် အတွင်း ပေါ်ထွက်ရန်ရှိကြောင်း၊ အမေရိကန်ပြည်ထောင်စုသို့ ခေတ္တအလည်အပတ်ရောက်ရှိနေသော ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်က လန်ဒန် အခြေစိုက် ဘီဘီစီအသံလွှင့်ဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံရေးတွင် ရွေးကောက်ပွဲ၊ လွှတ်တော်ရှိရုံမျှဖြင့် ဒီမိုကရေစီရရှိပြီဟု မပြောနိုင်ကြောင်း၊ နှစ်ပေါင်းများစွာအခြေတည်လာသော ပြည်တွင်းနိုင်ငံရေးအကျပ်အတည်းများ ကြောင့် လက်နက်ကိုင်နေကြသော တိုင်းရင်းသားများနှင့် မြန်မာနိုင်ငံသားများ၊ ဒုက္ခသည်များ အဖြစ် ပြည်ပတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ အားလုံး နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ တွင် ပါဝင်စေလိုသော ဆန္ဒ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ အားလုံးတွင် ရှိနေကြောင်း၊ ပြည်ပရောက် မြန်မာ့အင်အားစုများ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင်လာစေရန် အစိုးရအနေဖြင့် လုပ်ဆောင် ပေးရန် လိုအပ်ကြောင်း ကိုဌေးကြွယ်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က နိုင်ငံရေးပါတီ ထူထောင်ရန် ဆန္ဒရှိနေသည့်အပေါ် နိုင်ငံရေး အင်အားစုများက ကြိုဆိုလိုက် ကြပြီး ကျောင်းသားခေါင်းဆောင်များ နိုင်ငံရေးသမားများအဖြစ် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်စဉ်တွင် ပါဝင် လာမှုက မြန်မာ့နိုင်ငံရေးအတွက် ပိုမိုတိုးတက်ကောင်းမွန်စေသော အလားအလာများဖြစ်ပေါ်စေမည်ဟု သုံးသပ်မှု များ ရှိနေသည်။
“ကျနော် ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းလောက် ကတည်းက ပြောဖူးပါတယ်။ သူတို့ကို နိုင်ငံရေးလောကထဲဝင်လာဖို့။ လူငယ်တွေ နိုင်ငံရေးပါဝင်လာဖို့။ NLD ပါတီ ထဲကို ဝင်ချင်ဝင်၊ မဝင်ချင်လည်း တလှေထဲမစီးနိုင်တာ တောင် တစ်ခရီး ထဲသွားဖို့ ပြောဖူးတယ်။ အခုလို နိုင်ငံရေးလောကထဲကို ထဲထဲဝင် လာကြဖို့ရှိတာ ကြိုဆိုတယ်။ ကောင်းတယ်လို့ ယူဆတယ် ” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဟံသာဝတီဦးဝင်းတင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားအဖွဲ့အနေဖြင့် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် မဟုတ်ဘဲ နိုင်ငံရေးပါတီအဖြစ် ရှင်းရှင်း လင်းလင်း ရပ်တည်မည်ဆိုပါက ပိုမို ကောင်းမွန်မည်ဖြစ်ကြောင်း ပြည်တွင်းတွင် လူ့ဘောင်သစ်ပါတီ ထူထောင်ရန် ကြိုးစားနေသူ ကိုဇေယျက ဆိုသည်။
“ကျနော် ထောင်က ထွက်လာတုန်း သူတို့နဲ့ အစည်းအဝေးတွေ လုပ်ခဲ့ဖူးတယ်။ ဒီနိုင်ငံရေးပါတီထူထောင်မယ့် မူဝါဒတော့ ရှိတယ်လို့ မသိခဲ့ရဘူး။ အခုလို ရှင်းရှင်းလင်းလင်း လုပ်တာ ပိုကောင်းတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစား လိုက်နာရင် ပြီးတာပဲ ” ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တွင် ပါတီနိုင်ငံရေးဘက်သို့ ကူးပြောင်းမည့် သူများရှိသကဲ့သို့ နိုင်ငံရေးမလုပ်ဘဲ အနုပညာ၊စာပေနှင့် လူမှုရေးလုပ်ငန်းများတွင် ဆက်လက် လုပ်ကိုင်ဆောင်ရွက်လိုသူများ လည်းရှိနေကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သည့် ကိုမင်းကိုနိုင် အနေဖြင့် နိုင်ငံရေးထက် စာပေအနုပညာနှင့် အရပ်ဘက် အဖွဲ့ အစည်းများ အား ကောင်းရေး အတွက် လူမှုရေး လုပ်ငန်းများကို လုပ်လိုသည်ဟု မကြာခဏ ပြောဆိုလေ့ရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦး ဖြစ်သည့် ကိုစိုးထွန်းက ပြောသည်။
“တဦးချင်း သဘောထားကိုတော့ မပြောချင်ပါဘူး။ ကျနော် အနေနဲ့တော့ နိုင်ငံရေးဘက်ကို လုံး၀ မကူးချင်သေးဘူး။ ခေတ်က တောင်းဆိုလာရင်တော့ တမျိုးပေါ့။ ကျနော်တို့က ကျောင်းသားဘက်ကနေ တက်လာတဲ့သူတွေဆိုတော့ သင်ယူစရာ၊ လေ့လာစရာတွေ ရှိနေသေးတယ် ” ဟု ကိုစိုးထွန်းက ဆိုသည်။