မြန်မာနိုင်ငံ အလုပ်သမား ၁၀ ရာခိုင်နှုန်းသည် နိုင်ငံခြားတွင် အလုပ်လုပ်နေကြသောကြောင့် မြန်မာအစိုးရ၏ ရွှေ့ပြောင်းမှုဆိုင်ရာ ပေါ်လစီကို တိုးတက်စေရန် ပြုပြင်ပေးခြင်းသည် ရွှေ့ပြောင်း အလုပ်သမားများ အတွက် ပိုမို ကာကွယ်ပေးရာ ရောက်သည်ဟု ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးအတွက် ဦးဆောင်နေသည့် ထိုင်းနိုင်ငံ ဘန်ကောက် မဟီဒေါ တက္ကသိုလ်မှ ဗြိတိန်ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ ပညာရှင် Andy Hall ယခင်ပတ် ရန်ကုန်မြို့သို့ လာရောက်စဉ် ဧရာဝတီသို့ ပြောသည်။
မြန်မာအလုပ်သမား အများစုသည် နိုင်ငံခြားတွင် အလုပ်လုပ်ကာ အခွင့်အရေး ချိုးဖောက်ခံရမှု များနေသည့်အတွက် မြန်မာရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အခွင့်အရေးများကို မြန်မာ အစိုးရ အနေဖြင့် ကာကွယ်ရန် ပထမဦးစားပေး လုပ်သင့်သည်ဟု Andy Hall က ဆိုသည်။
“ဒါဟာ မြန်မာမှာ အကြီးဆုံး အရေးကိစ္စပါပဲ၊ ၁၀ ရာခိုင်နှုန်းလောက် ရှိတဲ့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေအတွက် အရေးကြီးပါတယ်။ အစိုးရက အဲဒီရွှေ့ပြောင်း အလုပ်သမား ကိစ္စကို ကိုင်တွယ်ရာမှာ သိပ်ခက်ခဲနေပုံပဲ၊ ကျနော်ထင်တော့ အစိုးရဟာ ရွှေ့ပြောင်းအလုပ်သမား ဆိုင်ရာ ကိစ္စတွေ ကိုင်တွယ်ဖို့ ကြိုးစားနေမယ် ထင်ပါတယ်။ ဒါပေမယ့် ဒီကိစ္စက အခုထိ အရမ်း ဝေးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။
Andy Hall သည် ထိုင်းနိုင်ငံ ပတ်ရ်ပူရီမြို့ရှိ ငါးဖမ်းလုပ်ငန်း အတွင်းရှိ မြန်မာအလုပ်သမားများအား အမြတ်ထုတ်မှုကို မီဒီယာများသို့ ထုတ်ဖော်ခဲ့မှုကြောင့် ကုမ္ပဏီက လတ်တလော အသရေဖျက်မှုဖြင့် တရားစွဲဆို ခံရထားသူ ဖြစ်သည်။
၂၀၁၂ ခုနစ် ဧပြီမှ စ၍ မြန်မာနိုင်ငံမှ အီလက်ထရွန်းနစ် ယာယီ နိုင်ငံကူးလက်မှတ်များ စတင်ထုတ်ပေးကာ မြန်မာမှ ထိုင်းနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးရုံး ၆ ရုံး ဖွင့်လှစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေး၊ ကာကွယ် စောင့်ရှောက်ရေးနှင့် ငွေလွှဲလုပ်ငန်းများတွင် အာရုံစိုက်လာကြောင်း၊ ၂၀၁၃ မတ်လ ၁ ရက်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်သစ်များကို တနေရာတည်း အပြီး ဆောင်ရွက်နိုင်သည့်ဌာန ၁၁ ခုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ဥပဒေ၊ မူဝါဒများထက် လူ့စွမ်းအား အရင်းအမြစ်နှင့် ကျွမ်းကျင်မှုသည် ပိုလိုအပ်ကြောင်း၊ ထိုင်းအစိုးရ အနေနှင့်လည်း မြန်မာအလုပ်သမားများကို ပိုမို ကာကွယ်ပေးသင့်ကြောင်း အလုပ်အကိုင်နှင့် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်မှူး ဦးမျိုးအောင်က ဆိုသည်။
“ထိုင်းနိုင်ငံမှာ အလုပ်သမား ညှဉ်းပန်းနှိပ်စက်မှုတွေ ဖြစ်နေတဲ့အတွက် အလုပ်သမားတွေကို အလုပ်ပါမစ် ၁ နှစ်ပဲ ပေးသင့်တယ်” ဟု အင်းလျားလိတ် ဟိုတယ်တွင် ကျင်းပသည့် ရွှေ့ပြောင်း အလုပ်သမား လူမှုရေးနှင့် လုံခြုံရေး ပြဿနာ ဖြေရှင်းသည့် ဆွေးနွေးပွဲတွင် ဦးမျိုးအောင်က ပြောသည်။
မြန်မာနိုင်ငံမှ အလုပ်သမား ၂ သန်းမှ ၃ သန်းကြားသည် ထိုင်းနိုင်ငံတွင် ရှိကြောင်း၊ တရားမဝင်မှတ်ပုံတင် အလုပ်သမား များစွာ ရှိနေကြောင်း၊ စင်ကာပူနှင့် မလေးရှား နိုင်ငံတွင် မြန်မာလုပ်သား အနည်းငယ်သာရှိပြီး မြန်မာနှင့်ထိုင်း တရားဝင် အလုပ်သမား မှတ်ပုံတင်ရန် ကိစ္စအတွက် ညှိနှိုင်းရေးအတွက် ကြိုးစားရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ထိုင်းဘက်က
တွန့်ဆုတ် နေကြောင်း ၎င်းက ဆိုသည်။
အင်းလျားလိတ်တွင် ကျင်းပသည့် ရွှေ့ပြောင်း အလုပ်သမားအရေး ဆွေးနွေးပွဲသည် အလုပ်သမားပေါ်လစီ၊ ကွပ်ကဲမှုနှင့် ဝန်ထမ်း အသိပညာ ဖွံ့ဖြိုးရေး အတွက် ဝန်ကြီးဌာနကို အသိပေးလိုက် သကဲ့သို့ ဖြစ်သောကြောင့် အစိုးရနှင့် အလုပ်သမား အကြား အဖုအထစ် ဖြစ်စေကြောင်း၊ ထိုကိစ္စသည် အလုပ်သမားများအတွက် သော့ချက်ဖြစ်ပြီး အစိုးရ အနေဖြင့် သဘောမတူခဲ့လျှင် ရွှေ့ပြောင်းမှုဆိုင်ရာ မူဝါဒလည်း ရှိလာမည်မဟုတ်ကြောင်း Andy Hall က ဧရာဝတီသို့ ပြောသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် ယာယီ နိုင်ငံသားကတ် ရှိသော်လည်း ဖမ်းဆီးခံရမှု ၄၂ ရာခိုင်နှုန်း ရှိနေပြီး တရားမဝင် ဝင်ရောက်မှုကြောင့် ၅၈ ရာခိုင်နှုန်းကျော် ဖမ်းဆီး ခံနေရကြောင်း၊ ထို့အပြင် နေရပ်သို့ ပြန်လည် အပို့ခံရသည့် အလုပ်သမား အများစုမှာ လမ်းခရီးတွင် လုံခြုံရေးစနစ် အားနည်းခြင်း၊ ကျန်းမာရေး၊ စားသောက်ရေး တို့တွင်လည်း
အားနည်းသည့် အတွက် သေဆုံးမှု၊ နာမကျန်းမှု များစွာ ဖြစ်နေကြောင်း မဲခေါင် ဒေသဆိုင်ရာ ရွှေ့ပြောင်းအလုပ် သမားကွန်ရက်က ဆိုသည်။
ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများကို ခွဲခြားဆက်ဆံမှုများ ရှိနေကြောင်း၊ ထိုင်းနိုင်ငံ၏ အလုပ်သမား ဥပဒေသည် တခြားနိုင်ငံများထက် ကောင်းမွန်သော်လည်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေက ထိန်းချုပ်ထားကြောင်း၊ ရွှေ့ပြောင်း အလုပ်သမားများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း ဂရုစိုက်ဖြေရှင်းပေးမှု အားနည်းကြောင်း၊ အမျိုးသမီးများသည်လည်း အိမ်တွင်း အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ခံနေရကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ရွှေ့ပြောင်းသွားလာသူများသည် အများအားဖြင့် ထိုင်းနိုင်ငံ၊ မလေးရှား၊ UAE အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံ တချို့၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုးရီးယား၊ တရုတ်၊ အိန္ဒိယ၊ ပင်လယ်ကွေ့နိုင်ငံများနှင့် အင်ဒိုနီးရှား စသည့် နိုင်ငံများသို့ သွားရောက် အလုပ် လုပ်ကိုင်နေကြသည်။