ကရင်အဖွဲ့အစည်းများ ဘားအံတွင် တွေ့မည်
This article has been converted from Zawgyi One to Unicode
ကရင် တိုင်းရင်းသားများ အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးတခုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်တွင် ယခုလ ၂၉ နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU ) အဖွဲ့ဝင် ၂၀ နှင့်အတူ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် ကရင်လူထု အခြေပြု အဖွဲများမှ ကိုယ်စားလှယ် ၅၀ ခန့် တက်ရောက်မည် ဖြစ်ကြောင်း အစည်းအဝေး ဖြစ်မြောက်ရေး လုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူ တဦးဖြစ်သည့် စောလှထွန်းက ပြောသည်။ ယင်းအစည်းအဝေးကြီး ကျင်းပနိုင်ရေး အတွက် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းက စီစဉ်ပေးကြောင်း သိရသည်။ ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ ကရင်နယ်ခြားစောင့်တပ် (BGF) အဖွဲ့ ခေါင်းဆောင်များလည်း တက်ရောက်မည်ဟု သိရသည်။