သတင်း

ထိုင်း-မြန်မာ နယ်စပ် ကလေးသူငယ် ကုန်ကူးမှု နှစ်စဉ် ၁၀၀ ကျော်ရှိ

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ်တွင် မြန်မာကလေးသူငယ်များ ရောင်းစားခံရမှုနှုန်းမှာ မှတ်တမ်းတင်နိုင်သည့် စာရင်းများအရ တနှစ်လျှင် ၁၀၀ ကျော် ရှိနေဆဲဖြစ်ကြောင်း ကလေး လူကုန်ကူးမှု တားဆီးရေးအဖွဲ့ ဖြစ်သည့် Burma Anti Child Trafficking (Burma ACT) အဖွဲ့မှ သိရသည်။

ထိုင်းအခြေစိုက် Burma ACT ဒုတိယ တာဝန်ခံ ဦးစောနေဦးက “ရောင်းစားခံရတဲ့ ကလေးတွေမှာ မိန်းကလေးက များတယ်။ တချို့ကလေးတွေကို မိဘတွေ ကိုယ်တိုင်က ရောင်းစားတာ။ တချို့က ကလေး ဗိုက်ထဲမှာကတည်းက ကြိုရောင်းထားတာမျိုးလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကွန်ရက် အဖွဲ့ဝင်ပေါင်း ၁၂ ခုဖြင့် ဖွဲ့စည်းထားသည့် Burma ACT မှ ရရှိသော ကိန်းဂဏန်းများအရ ၂၀၁၂-၁၃ ခုနှစ်အတွင်း ရောင်းစားခံရသည့် ကလေးသူငယ် စုစုပေါင်း ၁၂၂ မှုကို ကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဖွဲ့ကို စတင်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ ယခုချိန်အထိ လူကုန်ကူးခံရသည့် ကလေးငယ်ပေါင်း ၁ ထောင်ကျော်ကို ကူညီပေးနိုင်ခဲ့ကြောင်းလည်း ယင်းအဖွဲ့မှ သိရသည်။

ရောင်းစားခံရသည့် ကလေးငယ်များမှာ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းတို့မှ အများဆုံးဖြစ်ပြီး အငယ်ဆုံး ၁၀ နှစ်မှ ၁၈ နှစ်အတွင်းရှိကာ၊ ထိုင်းနိုင်ငံသားများက ကလေးတဦးလျှင် ထိုင်းဘတ် ၅ ထောင် (အမေရိကန် ဒေါ်လာ ၁၇၀ ကျော်) မှ ၅ သောင်း (အမေရိကန် ဒေါ်လာ ၁၇၀၀ ကျော်) အထိ ပေးကာ ဝယ်ယူကြောင်း Burma ACT အဖွဲ့မှ သိရသည်။

“ကလေးတွေကို ထိုင်းနိုင်ငံထဲမှာ ပန်းရောင်းခိုင်းတာ၊ သတင်းစာ ရောင်းခိုင်းတာတွေ လုပ်တယ်။ တချို့မိန်းကလေးတွေဆိုရင် ပြည့်တန်ဆာလုပ်ငန်းတွေမှာ ခိုင်းစေခံနေရတာမျိုး ရှိတယ်။ ရောင်းစားတဲ့ ပွဲစားတွေက ဗမာတွေများတယ်” ဟု ဦးစောနေဦးက ပြောသည်။

ယင်းကဲ့သို့ ကလေးသူငယ် ရောင်းစားသည့် အမှုများနှင့် ပတ်သက်သော တရားခံကို ထိုင်းအာဏာပိုင်များထံ လွှဲပြောင်းပေးလေ့ရှိပြီး ၎င်းတို့အနေဖြင့် မည်သို့ ဆက်လက် အရေးယူသည်ကိုမူ အချက်အလက်များ မရရှိကြောင်း ဦးစောနေဦးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရောင်းစားခံရသည့် ကလေးငယ်များအား မဲဆောက်မြို့ရှိ ပြန်လည် ပြုစုရေးကျောင်းများသို့ ပို့ကာ အတန်းပညာ ဆက်လက်သင်ကြားပေးခြင်း၊ လက်မှုအတတ်ပညာများ ဆက်လက်သင်ကြားပေးခြင်း၊ မိဘနှင့် ပြန်လည်တွေ့ဆုံရေး လုပ်ငန်းများကို လုပ်ပေးကြောင်း Burma ACT အဖွဲ့ဝင်ဖြစ်သည့် Social Action for Women (SAW) အဖွဲ့မှ ဦးမင်းမင်းက ပြောသည်။

ထို့အပြင် ထိုင်း-မြန်မာ အစိုးရကြား အလုပ်သမားတင်သွင်းမှု သဘောတူစာချုပ် (MOU) စနစ် ပေါ်ပေါက်လာပြီးသည့် နောက်ပိုင်း စာရွက်စာတမ်းများတွင် အသက်လိမ်လည် ဖြည့်သွင်းမှုများ ရှိလာကြောင်း သိရသည်။

ဦးမင်းမင်းက “MOU တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ အဲဒါနဲ့ပတ်သက်ပြီး နောက်ဆက်တွဲတွေ အများကြီး ဖြစ်လာတယ်။ အသက် ၁၈ နှစ်မပြည့်သေးဘဲ လိမ်ပြီးလုပ်တာကတဆင့် လူကုန်ကူးမှုတွေအထိ ဖြစ်လာတယ်” ဟု ပြောသည်။

ဦးစောနေဦးက “ကျနော်တို့က အရေးယူတဲ့ အဖွဲ့မဟုတ်လို့ အရေးယူလို့မရဘူး။ ဒါကြောင့် ကလေးရောင်းစားတာနဲ့ ပတ်သက်ပြီး မိဘတွေကို ပညာပေးမှုအပိုင်းတွေ လိုက်လုပ်တယ်။ မဲဆောက်က ရွှေ့ပြောင်းလုပ်သားတွေ အများဆုံးနေတဲ့ နယ်ဘက်တွေကို ဆင်းပြီး ပြဇာတ်တွေ လိုက်ကပြတာမျိုး လုပ်တယ်” ဟု ပြောသည်။

Burma ACT အဖွဲ့မှ တာဝန်ခံ ဒေါ်ကြည်ဖြူကလည်း “ကလေးတွေ ရောင်းစားခံနေရတဲ့ အမှုတွေကို အစိုးရတခုတည်း မဟုတ်ဘဲ လူထုအခြေပြု အဖွဲ့တွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်သင့်ပါတယ်။ ဒါမှ လက်လှမ်းမမီတဲ့ နေရာတွေအထိ ရောက်နိုင်မယ်” ဟု ဆိုသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကိုလည်း ၂၀၀၉ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် လူမှုဝန်ထမ်းဦးစီးဋ္ဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရက်မှု အဖွဲ့အစည်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့တို့ ပူးပေါင်းကာ လူကုန်ကူး ခံရသူများအား ယာယီ လက်ခံစောင့်ရှောက်ရေး ဂေဟာကို ၂၀၀၉ ခုနှစ်တွင် ဖွင့်လှစ်ထားကြောင်းလည်း သိရသည်။

ကလေး ကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့ပြီး ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင် တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံက ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ်းဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ် နိုဝင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၈၈၅ မှုကို ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး လူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

Loading