မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် လာရောက် ဆေးကုသပေးသော နိုင်ငံခြားသား ဆရာဝန်များ အနေဖြင့် မြန်မာနိုင်ငံ ဆေးကောင်စီတွင် မှတ်ပုံတင်ပြီး မကုသပါက ထောင်ဒဏ် ၅ နှစ်နှင့် ငွေဒဏ်များချမှတ်နိုင်ကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ကြေညာချက် ထုတ်ပြန်ထားသည်။
မတ်လ ၁၁ ရက်နေ့ထုတ် သတင်းစာများတွင် ပါရှိသော ထိုကြေညာချက်တွင် ဆေးကောင်စီမှ ၂၀၀၀ ပြည့်နှစ်တွင် ပြဌာန်းထားသည့် ဥပဒေဖြစ်သော ကန့်သတ် ဆေးကုသခွင့် လိုင်စင် လျှောက်ထားကြရန်နှင့် မည်သည့် အဖွဲ့အစည်းမှဖြစ်စေ လိုင်စင်မဲ့ ဆေးကုသသော နိုင်ငံခြားသား ဆရာဝန်များအား ဥပဒေကြောင်းအရ ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။
ကန့်သတ် ဆေးကုသခွင့် လိုင်စင်ဆိုသည်မှာ နိုင်ငံခြားသား ဆရာဝန်အား ဆေးကုသခွင့်ရှိသော ဆေးပညာ ဘာသာရပ် အမျိုးအစား ကုသခွင့် ရှိသော နေရာဒေသနှင့် အချိန်ကာလများကို ကန့်သတ်၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုတ်ပေးသည့် ခွင့်ပြုချက်လက်မှတ် ဖြစ်သည်။

ဆေးကုသမှုဟု ဆိုရာတွင် ဝေဒနာရှင်နှင့် ဆွေးနွေးခြင်း၊ ရောဂါကြိုတင် ကာကွယ်ခြင်းအတွက် လုပ်ဆောင်ခြင်း၊ရောဂါစစ်ဆေးခြင်း၊ ရောဂါကုသခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြုခြင်း စသည်တို့ပါဝင်ပြီး နိုင်ငံခြားသား ဆရာဝန်များ အနေဖြင့် မြန်မာနိုင်ငံ ဆေးကောင်စီမှ ထုတ်ပေးသော လိုင်စင်ရှိမှသာ ထိုအချက်များကို လုပ်ဆောင်နိုင်မည်ဟု မြန်မာနိုင်ငံ ဆေးကောင်စီဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
၎င်းက “အရင်တုန်းကဆိုရင် ပြည်တွင်းကိုလာတဲ့ နိုင်ငံခြားသား ဆရာဝန်တွေက ဂျီတူဂျီလို့ခေါ်တဲ့ အစိုးရချင်း ချိတ်ဆက်ပြီးမှ လာကြတာပါ။ အရေအတွက်လည်း နည်းပါတယ်။လွန်ခဲ့တဲ့ ၂ နှစ်လောက်က စပြီး ပုဂ္ဂလိက အဖွဲ့အစည်းတွေ ဝင်လာတော့ နိုင်ငံခြားသား ဆရာဝန်တွေ များလာပါတယ်။ ကုသတဲ့ လူနာတွေ လုံခြုံစိတ်ချရမှုအတွက် နိုင်ငံခြားသား ဆရာဝန်တွေရဲ့ဘွဲ့၊ဒီဂရီနဲ့ ကျွမ်းကျင်မှုတွေကို ဆေးကောင်စီက စစ်ဆေးတာပါ” ဟု ဆိုသည်။
ယခုအချိန်ထိ နိုင်ငံခြားသား ဆရာဝန်များနှင့် ပတ်သတ်၍ တရားဝင် တိုင်ကြားသော ပြဿနာများ မရှိသေးကြောင်းနှင့် လိုင်စင်မဲ့ နိုင်ငံခြားသား ဆရာဝန်များကို အရေးယူခြင်းမှာလည်း မြန်မာနိုင်ငံ ဆေးကောင်စီနှင့် မသက်ဆိုင်ဘဲ ပြည်ထဲရေး ဝန်ကြီးဌာနနှင့်သာ သက်ဆိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
နိုင်ငံခြားသား ဆရာဝန်များကို ဖိတ်ခေါ်၍ ဆေးကုသမှု ဝန်ဆောင်မှုများ ပေးလျှက်ရှိသော ရန်ကုန် ပန်းလှိုင်ဆေးရုံမှ HR မန်နေဂျာ မနိုင်ထက်မြင့်က “ဒီကြေညာချက် မထုတ်ခင် ဟိုအရင်ကတည်းက ကျွန်မတို့ရဲ့ နိုင်ငံခြားသား ဆရာဝန်တွေကို ဆေးကောင်စီမှာ အမြဲ မှတ်ပုံတင်ရပါတယ်” ဟု ရှင်းပြသည်။
ကန့်သတ် ဆေးကုသခွင့် လိုင်စင်လျှောက်ထားမည် ဆိုပါက ၂ လ ကြိုတင် လျှောက်ထားရမည် ဖြစ်ပြီး လိုင်စင်သက်တမ်းမှာ ၃ လ ဖြစ်သည်။ လိုင်စင်လျှောက်ထားပါက မှတ်ပုံတင်ကြေးမှာ အမေရိကန် ဒေါ်လာ ၁၅၀၀ ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ သိရသည်။
NGO အကြံပေး အတိုင်ပင်ခံ ဦးကျော်ကျော်သွင်က “NGO အများစုမှာတော့ နိုင်ငံခြားသားဆရာဝန်တွေကကုသမှု ပေးတာထက် ဆွေးနွေးတာ ပိုများတယ်။ ကုသတာကိုတော့ ပြည်တွင်းက ဆရာဝန်တွေပဲ လုပ်တယ်။ လူနာနဲ့ ဆွေးနွေးတာကိုပါ လိုင်စင်လုပ်ဖို့ ဆိုရင်တော့ နည်းနည်း ရှုပ်ထွေးတယ်။ ဒါပေမယ့် ဘယ်တိုင်းပြည်မှာပဲ ဖြစ်ဖြစ် သူတို့ထုတ်ပြန်ထားတဲ့ စည်းမျဉ်းအတိုင်း လုပ်ရမှာပဲ” ဟု ဆိုသည်။
နိုင်ငံခြားသား ဆရာဝန်များ ဆေးကောင်စီ၌ လိုင်စင် လျှောက်ထားရာတွင် ပြသရမည့် အထောက်အထား များနှင့် လိုင်စင်ရရန် လျှောက်ထားရသည့် အချိန် ကြန့်ကြာမှုတို့ကြောင့် လျှောက်ထားရမည့် တချို့ လူမှုအဖွဲ့အစည်းများ အနေဖြင့် အခက်အခဲ ရှိကြောင်း သိရသည်။
မျိုးဆက်ပွား ကျန်းမာရေး စောင့်ရှောက်မှုနှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့ဖြစ်သော MARIE STOPES INTERNATIONAL မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်က “နိုင်ငံခြားသား ဆရာဝန်တွေ ဆေးကုသဖို့ မှတ်ပုံတင်တာက အရင်ကတည်းက ရှိတာပါ။ဒါပေမယ့် အဲဒီလမ်းကြောင်းက နည်းနည်းခက်တော့ ကျနော်တို့ အဖွဲ့အစည်းမှာ ဆေးကုသဖို့အတွက် ပြည်တွင်းက ပညာရှင်တွေနဲ့ပဲ ဆောင်ရွက်ပါတယ်။ နိုင်ငံခြားသားကတော့ စီမံခန့်ခွဲရေး အပိုင်းမှာပဲ ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရဝန်ကြီးဌာနများ၊ အာဏာပိုင် အဖွဲ့အစည်းများ အပါအဝင် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ဘာသာရေးနှင့် လူမှုရေး အဖွဲ့အစည်းများ၊ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများသည် နိုင်ငံခြားသား ဆရာဝန်များနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ မည်သည့် နေရာတွင်မဆို ဆေးကုသခြင်း ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံ ဆေးကောင်စီတွင် ကန့်သတ် ဆေးကုသခွင့် လိုင်စင် လျှောက်ထားရမည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။