ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်ပတ်သက်၍ အရပ်ဘက်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသော စုံစမ်းရေးကော်မရှင်၏ နောက်ဆုံး အစီရင်ခံစာအား ယခုလကုန်တွင် နိုင်ငံတော် သမ္မတထံတင်ပြပြီး ပြည်သူများသိစေရန် ထုတ်ပြန်သွားမည်ဟု သိရသည်။
“ဒီလကုန်ရင် သမ္မတဆီ အစီရင်ခံစာတင်ပြီးမှပဲ အသေးစိတ်ကို ထုတ်ပြန် ပြောဆိုလို့ရမှာပါ”ဟု စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင် အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ က ဧရာဝတီကို ပြောသည်။
ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်သည် ၎င်းတို့၏ စုံစမ်းတွေ့ရှိချက် များနှင့်ပတ်သက်၍ အောက်တိုဘာလ နှင့်နိုဝင်ဘာလတို့တွင် ထုတ်ပြန်ချက် ၂ ခု ထုတ်ပြန်ခဲ့ပြီး နိုဝင်ဘာလ ၁၆ ရက်နေ့တွင်လည်း ကြားဖြတ်အစီရင်ခံစာ တခုကိုတင်ပြခဲ့သေးသည်။
ကြားဖြတ်အစီရင်ခံစာ၌ ရခိုင်ပြည်နယ်၏ နောက်ခံသမိုင်းအကျဉ်း၊ ရခိုင်ဒေသတွင်း လူ့အဖွဲ့အစည်းနှစ်ခု အကြား ဖြစ်ပွားရသည့် ပဋိပက္ခဖြစ်စဉ်များ၊ ပဋိပက္ခကြောင့် နစ်နာဆုံးရှှုံးမှုများ၊ ရခိုင်ပြည်နယ်၏ လက်ရှိ လူမှုရေး၊ စီးပွားရေး အခြေအနေများနှင့်၎င်းတို့ အပေါ်အခြေခံ၍ ပဋိပက္ခ ချုပ်ငြိမ်းရေး အကြံပြုချက်၊ နိုင်ငံတော် အစိုးရ အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် ၂၆ ချက်နှင့် အတူယဉ်တွဲနေထိုင်ရေး အကြံပြုချက် ၉ ချက်တို့လည်း ပါဝင်သည်။
ထိုအချက်များတွင် တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ ကျန်းမာရေး၊ စားနပ် ရိက္ခာ ဖူလုံရေး၊ သတင်းမှန်များကို မြန်ဆန်စွာ ထုတ်ပြန်ပေးနိုင်ရေး၊ ဘာသာရေး အစွန်းရောက်မှု အတွေး အခေါ်များ ဝင်ရောက် မလာရေးနှင့်တရားမဝင် ခိုးဝင်လာသူများ မရှိစေ ရေးအတွက် ထိရောက်စွာ ကာကွယ်ပေးရေး၊ လာဘ်ပေး လာဘ်ယူမှု ကင်းရှင်း ရေး၊ လှှုံ့ဆော်သူများကို ဖော်ထုတ်၍ ထိရောက်စွာအရေးယူရေးနှင့်နိုင်ငံသား ဖြစ်မှုကိစ္စများ စသည်တို့ကို ကြားဖြတ် အစီရင်ခံစာ၌ ဖော်ပြထားသည်။
“အခု အစီရင်ခံစာမှာလည်းပဲ အရင်က ကွင်းဆင်းလေ့လာတွေ့ရှိချက်၊ စုံစမ်းမေးမြန်းချက်တွေကို အခြေခံ ပြီးတော့ ဆွေးနွေး သုံးသပ်ထားတာတွေပါမယ်၊ ကော်မတီအလိုက် ဆွေးနွေး သုံးသပ်မှုတွေကို စုပေါင်းပြီး နောက်ဆုံးအဆင့်အနေနဲ့ ဒီလကုန်ရင် သမ္မတဆီ တင်မှာပေါ့”ဟု ရခိုင်ပဋိပက္ခ စုံစမ်းရေး ကော်မရှင်အဖွဲ့ ဝင်တဦးဖြစ်သူ ဒီမိုကရက်တစ် ပါတီ(မြန်မာ) အထွေထွေ အတွင်းရေး မှူး ဒေါ်သန်းသန်းနု ကလည်း ဧရာဝတီ ကို ပြောသည်။
ထိုကော်မရှင်သည် ပဋိပက္ခနှင့်ပတ်သက်၍ အသေးစိတ် လေ့လာစစ်ဆေးနိုင်ရန် ဆပ်ကော်မတီ ၈ ခု ထပ်မံဖွဲ့ စည်းပြီး မိမိတို့ တာ ဝန် ယူထားသည့် ကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေး၍ စစ်ဆေးချက်များကို စုပေါင်း သုံးသပ်ဆွေးနွေး၍ အစီရင်ခံစာ တင်ပြကြမည်ဖြစ်သည်။
အရပ်ဘက် စုံစမ်းရေးကော်မရှင်၌ သတင်းစာဆရာ မောင်ဝံသ၊ အနုပညာရှင် ဇာဂနာ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီး ၊ ဦးအေးသာအောင်၊ ဒေါက်တာအေးမောင်၊ ဒေါက်တာ ကျော်ရင်လှိုင် (Myanmar Egress)၊ ဗဟုဖွံ့ ဖြိုးရေးအဖွဲ့မှ ဦးအောင်နိုင်ဦး၊ အစ္စလမ်၊ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင် များ၊ နိုင်ငံရေးပါတီ ခေါင်း ဆောင်များ၊ ပညာရှင်များ စသည့် ၂၇ ဦးဖြင့် ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့ တွင် သမ္မတ က တာဝန်ပေးဖွဲ့စည်း ထားခြင်းဖြစ်သည်။
အလားတူ တောင်ကုတ်မြို့၌ လူ ၁၀ ယောက် အသတ်ခံရမှုနှင့်ပတ်သက်၍လည်း ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့် ဦးဆောင်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဒု ရဲချုပ်၊ ရခိုင်ပြည်နယ် ဥပဒေ အရာရှိ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အထူးစုံစမ်းရေးအဖွဲ့ အကြီး အကဲ စသည့် ဌာနဆိုင်ရာ အကြီးအကဲ ၁၆ ဦး ပါဝင်သည်။
ထိုအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များကိုမူ ပြည်သူများသိရန် တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
ရခိုင်ပြည်၌ ဇွန်လနှင့်အောက်တိုဘာလ တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့ပြီး လူဦးရေ တသိန်း ဝန်းကျင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ရသည်။
အိုးမဲ့အိမ်မဲ့ ဖြစ်သူများ အနက် လက်ရှိတွင် ဒုက္ခသည် ၆၀၀၀၀ ကျော်၏ မိုးရာသီတွင် လုံခြုံစွာ နေထိုင်နိုင်ရေး တို့ အတွက် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အစိုးရ အာဏာပိုင်တို့ ပူးပေါင်းကာ မိုးရာသီမရောက်မီ နေအိမ်များ ဆောက်လုပ်ပေးရန် စီစဉ်နေကြောင်း သိရသည်။