မြန်မာနိုင်ငံ အစိုးရ၏ အခြေခံပညာရေးစနစ်မှာ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီဖြစ်ကြောင်း ကျောင်းသားမိဘများနှင့် ပညာရေးလုပ်ငန်း လုပ်ကိုင်နေကြသူများက ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ အခြေခံ ပညာရေးစနစ်သည် ကလေးများ၏ ဘဝအာမခံချက်ကို မပေးနိုင်ဘဲ စာမေးပွဲအောင်ရန်သာ သင်ကြား ပေးနိုင်သော အခြေအနေ ဖြစ်နေပြီး လက်တွေ့အသုံးကျသော အမှန်တကယ် တက်မြောက်စေရန် သင်ကြားမှုကို မပေးနိုင်ကြောင်း ရန်ကုန်မြို့ခံ ကျောင်းသားမိဘများက ပြောသည်။
အစိုးရအခြေခံ ပညာကျောင်းများတွင် ကျောင်းမှ ဆရာသင်ကြားသော စာကိုပင် ပြန်၍ အလွတ် ကျက်မှတ်ပြီး စားမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျူရှင်များကိုသာ အားကိုးနေရကြောင်း၊ အစိုးရ တက္ကသိုလ်တခုမှ ဘွဲ့ရသော်လည်း အလုပ်အကိုင် အခွင့်အလမ်းရရှိရန် မသေချာသောကြောင့် အစိုးရပညာရေးကို စိတ်မဝင်စားတော့ကြောင်း သိရသည်။
အစိုးရ ကျောင်းများတွင် ဆရာများ၏ သင်ကြားမှုပုံစံကို မကြိုက်ခြင်း၊ အချိန်ပို ကျူရှင်ယူရခြင်းတို့ကြောင့် ဘ၀ အာမခံချက် မပေးနိုင်သော အစိုးရပညာရေးကို အားကိုးရန် ကျောင်းသားမိဘများက တွန့်ဆုတ်လျက် ရှိသည်။
“မိဘတွေကတော့ ကိုယ့်ကလေးကို ကျောင်းကောင်းကောင်းပဲ ထားချင်တယ်။ TTCတို့လို၊ ဒဂုံတို့လို ကျောင်းတွေကလည်း ထားချင်တိုင်း ထားလို့ မရဘူး။ သူ့မှာ ကန့်သတ်ချက်တွေရှိတယ်။ အစိုးရကျောင်းတွေရဲ့ သင်ကြားမှုပုံစံက Frame တခုထဲမှာပဲ သင်တာ။ ကလေးကို ပုံစံချပြီးတော့ အတန်းမှန်မှန်တက်ရင် အမှတ်ကောင်းမယ် ဆိုတဲ့ ပုံစံနဲ့ သင်ကြား ပေးတာလေ။ ဒီပညာကို လက်တွေ့ ပြန်အသုံးချနိုင်လားဆိုတာ ဘေးချိတ်။ အမှတ်ကောင်းကောင်းရမှ လိုင်းကောင်းကောင်းရမယ် ဆိုတဲ့ပုံစံပဲ” ဟု ကျောင်းသားမိဘ တဦးဖြစ်သူ ဦးသိန်းနိုင်က မှတ်ချက်ပြုသည်။
ပုဂ္ဂလိကကျောင်း တကျောင်းဖြစ်သည့် ILBC ကျောင်းတွင် ဒုတိယတန်း ကလေး ရှိသော ဦးသိန်းနိုင်က “ILBC ဆိုရင်
Primary မှာ တလ သုံးသိန်းလောက် ကုန်တယ်။ ဒါပေမယ့် ကလေးက International Language အရမ်းကောင်းတယ်။မြန်မာစာ ပိုင်းမှာတော့ အားနည်းတယ်။ အားနည်းတဲ့ မြန်မာစာပိုင်းကိုတော့ ဆရာငှားပြီး ပြန်သင်ရတာရှိတယ်။ ကလေးက Activity တွေဆိုရင် မကြောက်မလန့် ပွဲတိုးတယ်။ ကလေးက ရဲရဲတင်းတင်း ပြောရဲဆိုရဲ ရှိတယ်။ကလေးရဲ့ စဉ်းစား တီထွင်မှု ပိုင်းမှာ လွတ်လွတ်လပ်လပ် မြှင့်တင်ပေးနိုင်မယ့် သင်ကြားရေးပုံစံက အရမ်းကောင်းတယ်။ အဲဒီလိုပုံစံလေးတွေ တွေ့ရတော့ ပိုက်ဆံကုန်ရကျိုးနပ်တယ်” ဟု သူက ဆိုသည်။
ပုဂ္ဂလိက ကျောင်းများတွင် စာသင်ချိန်နည်းပါးပြီး ကလေးများကို လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဖန်တီးခွင့်၊ မိမိ ဝါသနာပါရာ ကြိုက်နှစ်သက်ရာကို အချိန်ပေး၍ လုပ်ကိုင်ခွင့် ပေးထားခြင်း၊ စည်းကမ်းကောင်းမွန်ခြင်း၊ အင်္ဂလိပ်စာ အရည်အချင်း ကောင်းမွန်ခြင်းစသည့် အားသာချက်များကြောင့် ငွေကြေးကုန်ကျ ခံနိုင်သော မိဘများက ပုဂ္ဂလိကကျောင်းများကို အားကိုးလာကြသည်ဟု သိရသည်။
“အစိုးရရဲ့ သင်ရိုးကို မကြိုက်တာ။ ကျမတို့ ငယ်ငယ်တုန်းကလည်း က ကညစ် ပေမှာခြစ်နဲ့ ကြီးလာတာ။ အခု “က ကလေးငယ် ချစ်စဖွယ်” ဆိုလည်း ဘာမှမဖြစ်ပါဘူး။ မကြိုက်တာက သင်ကြားမှု ပုံစံ စနစ်ပဲ။ ဥပမာ – ကျောင်းမှာ သိပ္ပံ သင်တယ် ဆိုပါစို့၊ သံလိုက်ဆွဲငင်နိုင်တဲ့ ပစ္စည်းသုံးမျိုးကို ပြောပါဆိုရင် ကလေးက သံလိုက်ဆွဲငင်နိုင်တဲ့ ပစ္စည်းသုံးမျိုးစလုံးကို သိတယ်။ ဒါပေမယ့် ဆရာမ သင်တဲ့အတိုင်းပဲ၊ တစ်က သံမှိုဆိုရင် သံမှိုပဲ ရေးခွင့်ရှိတယ်။ တစ်နဲ့ သုံးနဲ့ လွဲလို့မရဘူး၊ ကလေးကို တွေးခွင့်မပေးဘူး၊ သူတို့ သင်တဲ့အတိုင်း အလွတ်ကျက်ဖြေ။ အလွတ်ကျက် ပညာရေးစနစ်ပေါ့” ဟု သန်လျင်မြို့နယ်မှ ကျောင်းသားမိဘ တဦးက ပြောသည်။
၎င်းတွင် ကလေးနှစ်ဦးရှိပြီး တဦးကို အစိုးရ အခြေခံပညာ ကျောင်းတွင်ထား၍ တဦးကို ပုဂ္ဂလိကကျောင်းတွင် ထားကြောင်း၊ အရည်အသွေး ပြည့်မီသော ပညာရေးကို ရရှိရန် ပုဂ္ဂလိက ကျောင်းတွင်သာ နှစ်ဦးစလုံးကို ထားချင်သော်လည်း နှစ်ဦးစာ ကုန်ကျစရိတ် မတတ်နိုင်သောကြောင့် အငယ်ဖြစ်သူကို အစိုးရမူလတန်း ကျောင်းတွင်သာ ထားနိုင်သေးကြောင်း သူက ဆက်ပြောသည်။
ပုဂ္ဂလိက ကျောင်းများတွင် လေ့လာသင်ယူလိုသူများ အတွက် ကုန်ကျစရိတ်များပြားခြင်း၊ အခြေခံပညာအဆင့် ပြီးဆုံးပါက အစိုးရ တက္ကသိုလ်များသို့ တက်ရောက်ခွင့် မရရှိခြင်းစသည့် အခက်အခဲများရှိကြောင်း မြန်မာနိုင်ငံ ပုဂ္ဂလိက ဆရာများ အသင်းချုပ်မှ ဒေါက်တာဘိုင်အိုက ရှင်းပြသည်။
အစိုးရ အခြေခံပညာ ကျောင်းများတွင် ခေတ်မီသော ပညာရေးစနစ်နှင့် အညီ ပြည်သူ့နီတိ၊ ကိုယ်ကျင့် သိက္ခာပိုင်း ဆိုင်ရာများကိုပါ သင်ကြားပေးရန် လိုအပ်ကြောင်း၊ အခြေခံပညာရေးအတွက် အထောက်အကူပြုမည့် ပညာရေး ဥပဒေ တခု လိုအပ်ကြောင်း ပညာရေးကျွမ်းကျင်သူ ဒေါက်တာဘိုင်အိုက ပြောသည်။
“ပုဂ္ဂလိက ကျောင်းတွေကို အစိုးရ သင်ရိုးညွှန်းတန်းနဲ့ ချပေးတာ မအောင်မြင်ပါဘူး။ ပုဂ္ဂလိက ကျောင်းတက်တာကတော့ အစိုးရကျောင်း တက်တာနဲ့စာရင် ပိုပြီးတော့ စိတ်ချမ်းသာရမယ်၊ ကျောင်းက ဆရာ၊ ဆရာမတွေရဲ့ အနိုင်ကျင့်တာကို မခံရဘူး။ အစိုးရ သင်ရိုးညွှန်းတမ်းကိုက ခေတ်မမီတဲ့အတွက် ဒီအပေါ်မှာ တည်ဆောက်ရင် ဘာမှ ထူးမှာမဟုတ်ဘူး။ ကိုယ်ပိုင် သင်ရိုးညွှန်းတမ်းပြဋ္ဌန်းခွင့် ပေးမှ ပညာရေးကတက်လာမှာ” ဟု သူကဆိုသည်။
အစိုးရကျောင်းမှ ပြောင်းရွှေ့လာသော ကလေးများမှာ အခြေခံပညာ အားနည်းလာသောကြောင့် သင်ကြားမှုတွင် စာမလိုက်နိုင်ဘဲ အခက်အခဲ တချို့ရှိနေကြောင်း သဃန်းကျွန်းမြို့နယ် M3 ကိုယ်ပိုင် အထက်တန်းကျောင်းမှ ရူပဗေဒဆရာ ဦးဝဏ္ဍသက်တင်က ပြောသည်။
“မအောင်မနေရ စနစ်နဲ့ အောင်လာကြတဲ့အခါ တော်တော်ကြီးကို လုပ်ယူရတယ်။ တချို့ဆို ၉ တန်း၊ ၁၀ တန်းသာ ရောက်လာတယ်။ Hour ဆိုတာလောက်ကို အသံမှန်အောင် မထွက်တတ်ဘူး။ Cow ကို “ကိုး” လို့ အသံထွက်နေတယ်။နှစ်တန်းလောက်က စသိလာရမယ့် အသိကို ၉ တန်းအထိ မသိသေးဘူး။ သားသမီးကို ဂရုစိုက်တဲ့ မိဘတွေကတော့ အရည်အချင်း ရှိအောင်လုပ်ပေးတာပေါ့။ အဲဒီလို ကလေးမျိုးကလည်း ရာခိုင်နှုန်း တော်တော်နည်းသွားပါပြီ။ ၈၀ ရာခိုင်နှုန်း လောက်ကတော့ တော်တော်ဆိုးသွားပြီ” ဟု သူက ဆိုသည်။
အဆိုပါ ကလေးများသည် ငယ်စဉ်ကတည်းက ကိုယ့်အသိနှင့်ကိုယ် လေ့လာသည့် အလေ့အထ မရှိခဲ့ကြောင်း၊ အရန်သင့် ဝါးပြီးခွံ့ကျွေးသည်ကိုသာ စားတတ်သည့် ကလေးများ ဖြစ်လာကြောင်း ၎င်းက မှတ်ချက်ပြုသည်။
ပညာရေးဝန်ကြီးဋ္ဌာန လက်အောက်ခံ ကိုယ်ပိုင် အထက်တန်း ကျောင်းများတွင်လည်း ပညာရေးကို လွပ်လပ်စွာ သင်ကြား၍ မရဘဲ သင်ကြားမှုပုံစံနှင့် သင်ရိုးညွှန်းတန်း များပါ ပူပေါင်းဆောင်ရွက်နေရကြောင်း ပုဂ္ဂလိကကျောင်းဆရာ ဦးဝဏ္ဏသက်တင်က ရှင်းပြသည်။
“အင်္ဂလန်က တက္ကသိုလ်ဝင် စားမေးပွဲကို အောင်ရင် ဒီကတက္ကသိုလ်တွေမှာ ပေးတက်ဖို့လိုတယ်။ အင်္ဂလန်က စာမေးပွဲ ဝင်ခွင့်အောင်ထားတာကို ဒီမှာတက္ကသိုလ်ပေးမတက်ရင် အမြင်ကျဉ်းတဲ့ အမျိုးသားရေး မူဝါဒလို့ ပြောလို့ရတယ်။ စင်ကာပူက ၁၀ တန်းပဲ အောင်အောင်၊ ဂျပန်ကပဲ အောင်အောင် တက္ကသိုလ်တက်ခွင့် ပေးရမယ်” ဟု ဒေါက်တာဘိုင်အိုက ပြောသည်။
ပြည်တွင်းရှိ နိုင်ငံတကာ ကျောင်းတချို့တွင်လည်း သင်ကြားမှုပုံစံနှင့် စည်းကမ်းပိုင်းများ ကောင်းမွန်ခဲ့သော်လည်း ယခု နောက်ပိုင်းတွင် ကျောင်းလခ အဆမတန် မြင့်တက်လာခြင်း၊ သင်ကြားမှုတွင် နိုင်ငံတကာမှ ဆရာများအစား မြန်မာဆရာများ အစားထိုးလာခြင်း၊ ကျောင်းတွင် ကလေးများ လိုအပ်သော သင်ထောက်ကူပစ္စည်း၊ အကျယ်အဝန်း စသည်ဖြင့် မပြည့်စုံခြင်း တို့ကြောင့် ကလေးများ၏ ပညာအရည်အသွေးမှာ သိသာစွာ နိမ့်ကျလာကြောင်း ကျောင်းသားမိဘများက ရင်ဖွင့်ကြသည်။
“၂၀၁၀ – ၁၁ ပညာသင်နှစ်မှာ သူတို့ မြန်မာငွေအနေနဲ့ ၄၁ သိန်း ၃ သောင်း တောင်းတယ်။ အဲဒီအချိန်က ဒေါ်လာဈေး ၁၁၀၀ နဲ့စားပြီး ဒေါ်လာ ၃၇၀၀ ပေးရတယ်။ ၂၀၁၁ – ၁၂ ပညာသင်နှစ်မှာ ၁၀ ရာခိုင်နှုန်း ဈေးချတယ် ဆိုပြီး ၅၁ သိန်း ၃သောင်း ယူပါတယ်။ အဲဒီနှစ်မှာ ဒေါ်လာဈေးကျလို့ ဒေါ်လာမယူဘူး၊ မြန်မာငွေ တောင်းတယ်။ အဲဒီအချိန်က ၈၃၀ ကျပ်ရှိတဲ့ ဒေါ်လာဈေးနဲ့တွက်ရင် ဒေါ်လာ ၆၅၀၀ လောက် ရှိပါတယ်။ လခက ၆၅ ရာခိုင်နှုန်း တက်သွားပါတယ်။နောက်နှစ် ဈေးတက် ဦးမှာလားဆိုတော့ မတက်ပါဘူးတဲ့။ ၂၀၁၂ – ၁၃ ပညာသင်နှစ်မှာ ၆၅ သိန်းယူပါတယ်။ ဒေါ်လာ ၇၅၀၀ ကျော် ဖြစ်သွားတယ်။ ၉၅ ရာခိုင်နှုန်း တက်သွားတယ်” ဟု ပြည်တွင်း နိုင်ငံတကာ ကျောင်းတကျောင်းဖြစ်သည့် Horizon ကျောင်းမှ ကျောင်းသား မိဘ တဦးဖြစ်သူ ဦးမောင်မောင်ဝင်းက ပြောသည်။
ပြည်တွင်း နိုင်ငံတကာ ကျောင်းများတွင် ကျောင်းလခ အရစ်ကျသွင်းနိုင်သည့် နှုန်းထားပေါ်မူူတည်၍ ဈေးချပေးသောကြောင့် ကျောင်းလခ ကွာဟမှုရှိနေပြီး ကျောင်းလခကို တပြေးညီနှုန်းထား တခု သတ်မှတ်ပေးစေလိုကြောင်း အဆိုပါ ကျောင်းမှ ကျောင်းသားမိဘများက တောင်းဆိုနေကြောင်း သိရသည်။
“ပထမတန်း (Grade-1) အတွက် တနှစ်စာ တခါတည်းသွင်းရင် ၅၃ သိန်း ၈ သောင်းကျမယ်။ နှစ်ရစ်သုံးရစ် ခွဲသွင်းရင် ပိုပေးရတယ်” ဟု Horizon ကျောင်းသား မိဘတဦးက ပြောသည်။
ပုဂ္ဂလိကကျောင်းမှ ကျောင်းသားများကို ကျူရှင်ပြပေးနေသော ဆရာမတဦးက “ တနှစ်လုံးမှာလုပ်ရမယ့် အလုပ်တွေကို တလပဲ အချိန်ပေးတယ်။ အဲဒီတော့ ကလေးတွေမှာ အိပ်ချိန်မရ ှိဘဲ အရမ်း ဖိအားတွေ များတယ်။ နောက်တချက်က ကလေးတွေမှာ Exam Time Table မရှိဘူး။ ဆရာက ဒီနေ့ဖြေမယ်ဆိုရင် တန်းဖြေရတယ်။ ကလေးတွေက ကြိုပြင်ဆင်ဖို့ အချိန်မရဘူး။ နောက်ဆုံးအချက်က ကျောင်းလခတိုးတာ။ ကျောင်းမှ ဘာ Facilities မှ တိုးမလာဘဲနဲ့ ကျောင်းလခပဲ တိုးနေတယ်” ဟု ဆိုသည်။
ကလေး၏ ပညာရေးအဆင့်အတန်းကို သိရှိလိုသောကြောင့် တက္ကသိုလ် ဆရာမတဦးကို အကူအညီတောင်း၍ စမ်းသပ်ခဲ့ရာ သာမန် ကျောင်းသားတဦးကဲ့သို့သာ တတ်မြောက်သည်ဟု ပြောဆိုကြောင်း ပုဂ္ဂလိက ကျောင်းတကျောင်းမှ ကျောင်းသား မိဘတဦးက ရင်ဖွင့်သည်။
“ကလေးက ဆော့ချိန်ကို မရှိဘူး။ ကျောင်းကပြန်လာတာနဲ့ ကျူရှင်ခန်းထဲကို တန်းပြေးရတယ်။ဆရာမကလည်း တယောက်တည်းလဲ မဟုတ်ဘူး။ ဆက်တိုက်သင်ရတာ ည ၉ နာရီ၊ ၁၀ နာရီအထိပဲ။ ကျနော်တို့ ဖြစ်စေချင်တာက နိုင်ငံတကာကျောင်း ဖြစ်တဲ့အတွက် နိုင်ငံတကာ ပုံစံ ဖြစ်စေချင်တယ်။ ပိုက်ဆံကိုလည်း နိုင်ငံတကာ အဆင့်မီပေးရတယ်” ဟု ကျောင်းသား မိဘတဦးဖြစ်သူ ဦးမင်းနိုင်က ပြောသည်။
ကလေး စာမလိုက်နိုင်ပါက နွေရာသီသင်တန်းတက်ရန် ခေါ်ကြောင်း၊ လစာကမူ ပုံမှန်နှုန်းအတိုင်းသာ ပေးရတာကြောင်း၊လစာအတွက် ပြဿနာမရှိသော်လည်း ကလေးများကို နွေရာသီ ကျောင်းပိတ်ရက်တွင် အင်္ဂလိပ်စာ၊ ကွန်ပျူတာ စသည့် သင်တန်းများ တက်စေချင်သော်လည်း ကျောင်းကိုသာ တနေကုန်ပို့ထားရကြောင်း နိုင်ငံတကာ ကျောင်းတကျောင်းမှ ကျောင်းသားမိဘ တဦးဖြစ်သူ ဒေါ်မိမိက ဆိုသည်။
“ကျမကတော့ ကလေးကို ပုဂ္ဂလိက ကျောင်းထားတဲ့အတွက် ကျူရင်မယူခိုင်းဘူး။ ကျူရှင်တွေ၊ စာတွေ အရမ်းပိလို့ အစိုးရ ကျောင်းမှာ မထားတာလေ။ ကလေးကို ကလေးလိုပဲ နေစေချင်တယ်။ အဲဒီတော့ သူ့မှာ အချိန်တွေ အများကြီး ပိုတယ်။ စာလည်း ပုံမှန်လိုက်နိုင်နေတာပဲ။ နွေရာသီမှာလည်း သူဝါသနာပါတဲ့ အားကစားတို့၊ ဂီတတို့ စတဲ့သင်တန်းတွေ တက်ချင်ရင် တက်ခိုင်းတယ်။ နွေရာသီ ကျောင်းပိတ်ရက်မှာ စိတ်အေးလက်အေး နားစေချင်တယ်။ စာတွေနဲ့ အချိန်ပြည့် ပိနေတာမျိုး မလိုလားဘူး” ဟု လုမ္ပနီ အကယ်ဒမီ ကျောင်းသား မိဘတဦးက ပြောသည်။
နိုင်ငံတကာကျောင်းတွင်ထားသည့် ကျောင်းသားများအား ကျူရှင်ထားခြင်းမှာ မိဘတဦးချင်းစီ၏ သဘောထားပေါ်တွင်လည်း မူတည်ကျောင်း၊ မိဘများ အနေဖြင့် ကလေးများအား ဖိအားပေးသည့် ပုံစံ မဖြစ်သင့်ကျောင်း ကလေးသူငယ်အရေး ကျွမ်းကျင်သူများက သုံးသပ်သည်။
အစိုးရကျောင်းများ အနေဖြင့် ထိရောက်သော ပညာရေးစနစ်ကို အကောင်အထည် ဖော်နိုင်ပါက အစိုးရကျောင်းတွင်သာ ထားလိုကြောင်း၊ ယခုအခါ စာကောင်းမွန်စွာ မတတ်ဘဲ ရမှတ်ပေါ်တွင်သာ မူတည် ဆုံးဖြတ်သောကြောင့် တခြား ပညာရေးလမ်းကြောင်းများကို ရွေးချယ်နေရကြောင်း ဧရာဝတီက ဆက်သွယ်မေးမြန်းသူ ကျောင်းသားမိဘများက ပြောဆိုကြသည်။