မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနှင့် ပိုမို ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဘက် နိုင်ငံ ၁၀ နိုင်ငံရှိ သံရုံးများတွင် ကုန်သွယ်ရေးနှင့်ဆိုင်သော စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (စီးပွား/ ကူးသန်း) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင်က မီဒီယာများသို့ ပြောကြားသည်။
“ကျနော်တို့ နိုင်ငံရဲ့ သတင်းတွေကို ပြည်ပက သိဖို့နဲ့ ကုန်သွယ်မှု မြှင့်တင်ရေးကို အထောက်အကူပြုဖို့ အတွက်ပါ” ဟု သူက ဆိုသည်။
စေလွှတ်လိုက်သော စီးပွားရေးသံမှူးများက နိုင်ငံအတွက် ဈေးကွက်ရှာဖွေပေးခြင်း၊ နိုင်ငံတခုနှင့် တခုအကြား ညှိနှိုင်း ထောက်ပံ့ပေးခြင်း၊ မြန်မာနိုင်ငံ အကြောင်း သေသေချာချာ မသိသေးသူများကို နိုင်ငံအကြောင်း ရှင်းပြခြင်း၊ မြန်မာနိုင်ငံ၏ ထုတ်ကုန်များ ထုတ်လုပ်ရောင်းချ တင်ပို့နိုင်မှုအခြေအနေ၊ တင်သွင်းလိုသော ကုန်ပစ္စည်း၏ သတင်းအချက်အလက်များကို ထောက်ပံ့ပေးခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ဦးတင့်သွင်က ပြောကြားသည်။
စီးပွားရေးဆိုင်ရာ ကိုယ်စားလှယ်ဟုခေါ်သော စီးပွားရေးသံမှူးများကို ပြည်တွင်း စီးပွားရေးနှင့် သက်ဆိုင်သော ဝန်ကြီးဋ္ဌာန အသီးသီးမှ စိစစ်ရွှေးချယ်ကာ နှစ်ပတ်အကြာ ရက်တိုသင်တန်းတခု ပေးထားပြီးဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်အတွင်း သက်ဆိုင်ရာနိုင်ငံများသို့ စေလွှတ်မည် ဖြစ်ပြီး သက်ဆိုင်ရာ နိုင်ငံရှိ သံအမတ်ကြီး အောက်တွင် တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဘက်နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ အိန္ဒိယ၊ ကိုးရီးယား၊ မလေးရှား၊ ဗီယက်နမ်နှင့် ဂျာမနီအပါအဝင် ဘရာဇီး နိုင်ငံတို့ ဖြစ်ပြီး ၎င်းနိုင်ငံများတွင် စီးပွားရေးသံမှူးများ ခန့်အပ်သွားမည် ဖြစ်သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် ကုန်သွယ်မှုမြှင့်တင်ရာတွင် အမျိုးသားပို့ကုန် မဟာဗျူဟာ တရပ်ကို ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ၅ နှစ်စီမံကိန်း တခု လုပ်ဆောင်ကာ အနာဂတ်မြန်မာ့ပို့ကုန်များကို စနစ်တကျ ပို့ဆောင်တော့မည် ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဋ္ဌာနမှ သိရသည်။
ကုန်သွယ်ရေး လုပ်ငန်းများကို ပုဂ္ဂလိကနှင့် ပူးပေါင်း ဆောင်ရွက်ရာတွင်လည်း လွယ်ကူချောမွေ့စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဋ္ဌာနက စက်မှုလက်မှု လုပ်ငန်းရှင်ကြီးများ အသင်းချုပ် (RUMFCCI) နှင့် ပူးပေါင်းကာ Private Public Partnership ဟုခေါ်သော အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့ကို ထူထောင်မည် ဟုလည်း စီးပွား/ ကူးသန်းက ဆိုသည်။
မြန်မာနိုင်ငံကို Asia Trade Promotion Forum က ၂၄ ခုမြောက် နိုင်ငံအဖြစ် လက်ခံလိုက်သောကြောင့် အာဆီယံ နိုင်ငံများအကြား ဈေးကွက်ရှာဖွေခြင်း၊ အသေးစားလုပ်ငန်းများ တိုးတက်လာစေရန် အကူအညီများရယူခြင်း၊ နိုင်ငံတကာ စီးပွားရေး အချိတ်အဆက်များ ပိုမိုရရှိလာခြင်းနှင့် ကုန်စည်ပြပွဲများ တိုးချဲ့ပြသခြင်းတို့ကို ဆောင်ရွက်တော့မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ နိုင်ငံတကာ သံရုံးများတွင်လည်း စီးပွားရေးနှင့်ဆိုင်သော စီးပွားရေးကောင်စစ်ဝန်၊ စီးပွားရေးသံမှူးနှင့် စီးပွားရေးဆိုင်ရာ တာဝန်ရှိသူများကို သက်ဆိုင်ရာ နိုင်ငံများက ခန့်အပ်ထားသည်။