ရခိုင်ပြည်နယ် အတွင်း နှစ်အတန်ကြာ လူမှုကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည့် ဒိန်းမတ် ဒုက္ခသည်ဆိုင်ရာ ကောင်စီ (Danish Refugee Council – DRC) သည် မတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ဒေသခံ လူမှုရေး အဖွဲ့စည်းများ၊ သတင်းထောက်များနှင့် တွေ့ဆုံကာ ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများ ဖြစ်ပွားပြီးနောက် NGO များ၊ နိုင်ငံတကာ NGO များသည် ပွင့်လင်းမြင်သာမှု မရှိဟု ရခိုင်ဒေသခံများက ဝေဖန်မှုများ ရှိခြင်းကြောင်း DRC အနေဖြင့် ယခုကဲ့သို့ တွေ့ဆုံရှင်းလင်းရခြင်း ဖြစ်ကြောင်း DRC အဖွဲ့မှ အကြီးအကဲ Mr. Bwder Beachlsdgard Chants က ပြောကြားကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်း သတင်းထောက် ဘအောင်စံက “သူက ပြောတာက NGO တွေအနဲ့ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာ တခြား အဖွဲ့အစည်းတွေ ရှိနိုင်ပေမဲ့ အဲဒီအဖွဲ့တွေထဲမှာ မိမိတို့အဖွဲ့ မပါဝင်ကြောင်းနဲ့ ရခိုင်နှင့် ဘင်္ဂါလီ နှစ်ဘက်စလုံးကို မျှမျှတတ ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ ပြောတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မြေပုံမြို့များတွင် ရုံးခွဲများ ဖွင့်ထားသည့် DRC အဖွဲ့သည် ရခိုင်ပြည်နယ် အတွင်း ၂၀၁၀ အောက်တိုဘာလက တိုက်ခိုက်ခဲ့သည့် ဂီရိ မုန်တိုင်း ဒုက္ခသည်များကို ကူညီခဲ့ပြီး ယမန်နှစ်က ဖြစ်ပွားသည့် ရခိုင်ပြည်နယ် ပဋိပက္ခတွင် ဒုက္ခရောက်သူများကိုလည်း အကူအညီပေးနေသည်။
ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် စာရင်းမဝင်သေးသော ရခိုင်နှင့် ရခိုင်မျိုးနွယ်စုဝင် တိုင်းရင်းသားတွေ ရှိနေသေးသည်ဟု တင်ပြခဲ့ကြောင်း ယင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် ရခိုင် အမျိုးသမီးကွန်ရက် အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။
“ဒုက္ခသည် စာရင်းမဝင်တဲ့ မိသားစုတွေ အများကြီး ရှိနေသေးတယ်ဆိုတာ တင်ပြတယ်။ ဥပမာ – စစ်တွေထဲ၊ လေးမြို့ချောင်းဘက်မှာ၊ မောင်တော မြောက်ပိုင်းမှာ ရှိတယ်ဆိုတာတွေကို တင်ပြတဲ့ အခါကျတော့ သူတို့ဆီကို အဲဒီစာရင်းတွေကို တင်ပေးပါ။ ဖြစ်အောင် ကူညီပေးမယ်လို့ ပြောသွားပါတယ်” လို့ ဒေါ်ညိုအေးက ဆိုသည်။
ရခိုင်ပြည်နယ် ပဋိပက္ခနောက်ပိုင်းတွင် NGO များသည် ပွင့်လင်းမြင်သာမှု မရှိဘဲ ဘက်လိုက်ကူညီသည်ဟု ဒေသခံများက စွပ်စွဲပြီး NGO များ၏ လှုပ်ရှားမှုများကို စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် ရသေ့တောင်မြို့များတွင် ကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ လအတွင်းက စစ်တွေမြို့၊ အိုးတန်းရပ်ရှိ ဦးထွန်းအောင်ဇံအိမ်ကို NGO အဖွဲ့တခုသို့ ငှားရမ်းရာတွင် ဒေသခံများက ကန့်ကွက်သောကြောင့် အိမ်ပိုင်ရှင်က အိမ်းငှားစာချုပ်ကို ပြန်လည် ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။
စစ်တွေမြို့မှ လူမှုကွန်ရက်မှ ခေါင်းဆောင်တဦးဖြစ်သည့် ဦးကျော်ဇောဦးက “ကျနော်တို့က လူသားချင်း မစာနာလို့ ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ NGO တွေအနေနဲ့ အစိုးရနဲ့ သဘောတူထားတဲ့ အတိုင်း စည်းကမ်းတကျ လုပ်လား မလုပ်ဘူးလား ဆိုတာကို စောင့်ကြည့်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြေးသည်။