တချို့သော ဂျာနယ်၊ သတင်းစာတိုက်များ အနေဖြင့် တပါးသူ၏ သတင်း၊ ကဗျာ၊ ဓာတ်ပုံ စသည်တို့အား ပိုင်ရှင်ထံတွင် ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ သုံးစွဲသည့် စာနယ်ဇင်း ကျင့်ဝတ် မလိုက်နာသူများ အနေဖြင့် ရှေ့လျှောက် တရားစွဲဆို မှုများနှင့် ရင်ဆိုင်ရနိုင်သည်ဟု သိရသည်။
ထိုသို့ ခွင့်ပြုချက်မတောင်းဘဲ ယူသုံးခြင်းများအပြင်၊ မည်သည့်ဌာန၊ မည်သည့်စာစောင်မှ ဆိုသည့် ဖော်ပြချက် မထည့်သွင်းသည့် ဖြစ်ရပ်များကြောင့် တရားစွဲဆိုမှုများအပြင်၊ တခြား ပြဿနာရပ်များစွာနှင့် ရင်ဆိုင်ရနိုင်ကြောင်း သတင်းစာဆရာ အများစုက ပြောသည်။
“တော်တော်များများက ဥပဒေကို မလေးစားကြဘူး။ ကိုယ့်နိုင်ငံကတင် မဟုတ်ဘဲ သူများနိုင်ငံက ဟာကိုပါ ခွင့်ပြုချက် မတောင်းဘဲ သုံးတာတွေရှိတယ်။ ဒီလိုသာ ဆက်လုပ်နေရင် နောက်ပိုင်းမှာ တရားစွဲတာတွေက ပလူပျံလာတော့မှာ” ဟု Open News Weekly မှ အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။
တချို့သော ဂျာနယ်တိုက် ပိုင်ရှင်များသည် စာနယ်ဇင်း ကျင့်ဝတ်များအား သိလျက်နှင့် မလိုက်နာကြသကဲ့သို့၊ တချို့သော သူများမှာ ကျင့်ဝတ်ပိုင်းကို လုံးဝမသိသောကြောင့် မလိုက်နာကြကြောင်း သူက ပြောသည်။
“ကျင့်ဝတ်မလိုက်နာလည်း ဘာဖြစ်လဲ၊ ကြိုက်သလိုလုပ်မှာပဲ ဆိုတဲ့ လူတွေကြောင့် သတင်းစာဆရာတွေကို မယုံတာ၊ အထင်သေးတာ ရှိနေဦးမှာပဲ။ ကျနော်တို့ နိုင်ငံတကာစံ နိုင်ငံတကာစံလို့ ပြောကြပေမယ့် အဲဒီအတိုင်း ကျင့်ဖို့လည်း လိုအပ်သေးတယ်” ဟု ဖြစ်သူ ဦးသီဟစောက ဆက်လက် ဆိုသည်။
မိမိ၏ အနုပညာပစ္စည်းအား ခွင့်ပြုချက် မတောင်းဘဲ စာစောင်၊ စာအုပ်များတွင် ထည့်သွင်းဖော်ပြခြင်းကို မကျေနပ်ပါက ကာယကံရှင်အနေဖြင့် လျစ်လျှူရှု၍ ခွင့်လွှတ်လိုက်ခြင်းထက် သက်ဆိုင်ရာ အဖွဲ့အစည်းများထံသို့ အသိပေး တိုင်ကြား သင့်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှာ ဦးမြင့်ကျော်က ပြောသည်။
သူတပါးပိုင် အနုပညာပစ္စည်းအား ခွင့်ပြုချက်မတောင်းဘဲ သုံးစွဲခြင်းကြောင့် လတ်တလောတွင် ပြည်သူ့ဆန္ဒ ဂျာနယ်တိုက်နှင့် ကဗျာဆရာတဦးတို့ ပြဿနာတက်လျှက်ရှိကြောင်း၊ အဆိုပါ ဂျာနယ်တိုက်သာမက တခြားသော ဂျာနယ်တချို့သည်လည်း ခွင့်ပြုချက် မယူခြင်း၊ နာမည်တပ်ပေးခြင်းမရှိဘဲ တပါးသူ၏ အနုပညာပစ္စည်းများအား ယူငင်သုံးစွဲခြင်းတို့ ရှိခဲ့ကြောင်း သိရသည်။
“ကိုယ့်အနုပညာပစ္စည်းကို မသုံးစေချင်လို့ သုံးခွင့်မပေးထားတာကို ရအောင်သုံးလိုက်တယ် ဆိုရင် တရားစွဲတာတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းကို တိုင်တာတွေ လုပ်သင့်တယ်။ ဒါမှသာ ဒီလိုဖြစ်ရပ်မျိုးကို ဒီလိုလူတွေက ထပ်မလုပ်ရဲတော့မှာ” ဟု ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။
စာနယ်ဇင်းသမားမှန်လျှင် စာနယ်ဇင်း ကျင့်ဝတ်ကို လေးစားလိုက်နာသင့်ပြီး သူတပါး၏ အနုပညာပစ္စည်းများအား ယူသုံးမည်ဆိုပါကလည်း ပိုင်ရှင်အား ဦးစွာ အသိပေးသင့်ကြောင်း၊ မည်သူ့ထံမှ ယူသုံးသည်ဆိုခြင်းကိုပါ ပြည့်စုံမှန်ကန်စွာ ဖော်ပြသင့်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်မှ အယ်ဒီတာချုပ် ဦးဖေမြင့်က ဆိုသည်။
“ပြောချင်တာက စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာသင့်တယ်။ ဒါက စာနယ်ဇင်းကျင့်ဝတ်ဖြစ်သလို လူ့ကျင့်ဝတ်လည်း ဖြစ်တယ်။ မလိုက်နာဘူးဆိုရင် သာမန်အားဖြင့် အပြစ်တင် ရှုတ်ချတာ၊ ပြောဆိုဝေဖန်တာကို ခံရမယ်။ သူတပါးပစ္စည်းကို ခွင့်ပြုချက် မတောင်းဘဲ ယူသုံးရင်တော့ အမှုအခင်းပါ ဖြစ်လာနိုင်တယ်” ဟု ဦးဖေမြင့်က ဆိုသည်။
စာနယ်ဇင်း သမားများသည် လွတ်လပ်ခွင့်များစွာကို တောင်းဆိုလာကြပြီးသည့်နောက် ယခင်ကထက် ပိုမို၍ လွတ်လပ်မှုများ ရရှိချိန်တွင် စာနယ်ဇင်းဆိုင်ရာ ကျင့်ဝတ်၊ စည်းကမ်းများအား မချိုးဖောက်ဘဲ လေးစားလိုက်နာသင့်ကြောင်း ၎င်းက ပြောသည်။
လွတ်လပ်မှု အထိုက်အလျောက် ရရှိလာချိန်တွင် စာနယ်ဇင်းသမား အနေဖြင့် ကျင့်ဝတ်၊ စည်းကမ်းများ လိုက်နာမှု မရှိခြင်းဖြင့် ရရှိထားသော လွတ်လပ်မှု အနည်းငယ်ပါ ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း၊ အပြည့်အဝ လွတ်လပ်သည့် မီဒီယာများ ဖြစ်လိုပါက တဘက်ကလည်း လိုအပ်သည့် လိုက်နာရန် စည်းကမ်းများကို အလေးထားသင့်ကြောင်း ဝါရင့် သတင်းစာဆရာများက သုံးသပ်သည်။
သူတပါး၏ အနုပညာပစ္စည်းအား ခွင့်ပြုချက်မတောင်းဘဲ သုံးခြင်း၊ အမည်နာမ ပြည့်စုံစွာ ဖော်ပြမှု မရှိခြင်းကို ပိုင်ရှင်များက တရားစွဲနိုင်ကြောင်း၊ ၎င်းသည် မူပိုင်ခွင့် ချိုးဖောက်ခြင်းဖြစ်ပြီး တရားမ နစ်နာကြေးအပြင် တရားမ နစ်နာမှုနှင့် တရားစွဲနိုင်၍ ၎င်းကို တရားမ နစ်နာမှု ဥပဒေဟု ခေါ်ဆိုနိုင်ကြောင်း ဥပဒေ တာဝန်ခံ ရှေ့နေ ကိုဖိုးဖြူက ဆိုသည်။
“မူပိုင်ခွင့် ပစ္စည်းကို ချိုးဖောက်ယူငင် သုံးစွဲတာကလည်း ပြစ်မှုကြောင်းအရ တရားစွဲမယ် ဆိုရင် ငြိစွန်းနိုင်စရာ ရှိပါတယ်။ ဒါတွေကတော့ တခုချင်းစီ အပေါ်မှာလည်း မူတည်ပါသေးတယ်” ဟု ကိုဖိုးဖြူက ပြောသည်။
မြန်မာပြည်တွင် မူပိုင်ခွင့်ဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေသည် ဥပဒေအဟောင်းသာ ဖြစ်ပြီး နိုင်ငံတကာ မူပိုင်ခွင့် အပိုင်းအား ကာကွယ်သည့် ဥပဒေ သီးသန့် ထွက်ပေါ်လာရန်လည်း လိုအပ်ကြောင်း၊ အဆိုပါ ဥပဒေ ပေါ်လာပါက မိမိတို့ နိုင်ငံအနေနှင့် အခက်အခဲများစွာနှင့် ကြုံတွေ့လာနိုင်စရာ ရှိကြောင်း သိရသည်။
“ဒီဥပဒေကို အလျင်စလို ပြဌာန်းရင်လည်း သူများတိုင်းပြည်က ပစ္စည်းတွေ၊ လိုဂိုတွေ၊ တံဆိပ်တွေကို ကိုယ့်တိုင်းပြည်မှာ ပြန်ယူ သုံးနေတာတွေက အများကြီးလေ။ အဲဒီလိုဆိုတော့လည်း သူများနိုင်ငံက ကုမ္ပဏီတွေရဲ့ တရားစွဲတာကို ခံလို့ကို ဆုံးမှာ မဟုတ်ဘူး” ဟု ကိုဖိုးဖြူက ပြောသည်။
လက်ရှိတွင် ပြည်သူ့ဆန္ဒဂျာနယ်မှ ကဗျာဆရာ ဟိန်း၏ အွန်လိုင်းပေါ်မှ ကဗျာအား အသိပေးခြင်းမရှိဘဲ သုံးစွဲခြင်းနှင့် ပတ်သက်သည့် ပြဿနာနှင့် ပတ်သက်၍ ဧရာဝတီက အဆိုပါ ဂျာနယ် အယ်ဒီတာချုပ် ဦးနေမျိုးအေးအား ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းဂျာနယ်တွင် အယ်ဒီတာချုပ်မှအပ တခြားအယ်ဒီတာများသည် လုပ်ငန်းအတွေ့အကြုံ မရှိသည့်အပြင်၊ ကွန်ပျူတာပိုင်း ဆိုင်ရာအခက်အခဲများ၊ အချိန်အခက်အခဲများကြောင့် ယခုကဲ့သို့ ဖြစ်ခဲ့ရကြောင်း ရှင်းပြသည်။
“ခွင့်ပြုချက်မယူဘဲ သုံးကတည်းက ကျင့်ဝတ်ကို ဖောက်တာပဲ၊ ဒါကို လက်ခံတယ်။ အခုက မသိလို့ မဟုတ်ဘူး။ သိပေမယ့် ကျနော့်အောက်က အယ်ဒီတာက မသိဘူး။ နောက်ပြီး ကွန်ပျူတာပိုင်းဆိုင်ရာ အခက်အခဲအပြင် အချိန်မရတဲ့အတွက် ဒီလိုဖြစ်သွားရတာပါ။ အမှန်တကယ် ဆိုရင်တော့ ခွင့်ပြုချက် တောင်းကို တောင်းသင့်တယ်ဆိုတာ ကျနော် လက်ခံပါတယ်” ဟု ဦးနေမျိုးအေးက ပြောသည်။
အဆိုပါ ပြဿနာကြောင့် ယခုတပတ်ထုတ် ပြည်သူ့ဆန္ဒဂျာနယ်တွင် တောင်းပန်စာ ထည့်သွင်း ခဲ့ကြောင်း၊ ကဗျာဆရာ ဟိန်း နှင့်လည်း ပြေလည်သွားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ပြည်သူ့ဆန္ဒဂျာနယ်နှင့် ကဗျာဆရာဟိန်းတို့ ပြန်လည်အဆင်ပြေသွားပြီ ဖြစ်ကြောင်း ဦးနေမျိုးအေးက ပြောသော်လည်း ကာယကံရှင်ဖြစ်သူ ကဗျာဆရာ ဟိန်း ကမူ မိမိအနေဖြင့် ထိုပြဿနာရပ်အား မကျေအေးနိုင်သေးကြောင်း၊ ၎င်းတို့ ဖော်ပြပေးသော တောင်းပန်စာသည် မိမိ ဖြစ်စေချင်သကဲ့သို့ မဟုတ်ကြောင်း ၎င်း ကဗျာဆရာက ဧရာဝတီကို ပြောသည်။
“ဘာတွေ ဆက်လုပ်ရမယ်ဆိုတာ မသိသေးဘူး။ အခုထိတော့ ဘာမှ မလုပ်ရသေးဘူး။ သူတို့က တောင်းပန်တယ် သာဆိုတယ် နာမည်ထည့်ပြီး တောင်းပန်တာလည်း မရှိသလို၊ အထက်စည်းကနေ တောင်းပန်ထားတယ်။ ဒါကြောင့် ကျနော် မကျေနပ်နိုင်ဘူး” ဟု ဟိန်းက ဆိုသည်။
ဆက်လက်၍ အဆိုပါ ကဗျာဆရာက ထိုသူများသည် မီဒီယာသမား အစစ်အမှန် မဟုတ်သကဲ့သို့ ခေတ်ကောင်းမှ အခွင့်အရေးယူပြီး ငွေရှာသည့် သဘောဖြစ်ကြောင်း၊ ၎င်းတို့သည် မီဒီယာကျင့်ဝတ်များအား နားလည်ပုံ မပေါ်ကြောင်း၊ ထိုသို့သော သူများ ဆက်လက် ရှိနေမည်ဆိုပါက မီဒီယာလောက အရှေ့ရောက်နိုင်ရန် လွယ်ကူမည် မဟုတ်ကြောင်း ပြောသည်။
“ကျနော်လိုချင်တာ ပိုက်ဆံမဟုတ်ဘူး။ facebook စာမျက်နှာနဲ့ ဂျာနယ်မှာ ကဗျာဆရာရဲ့ နာမည်ကို မှားယွင်း ဖော်ပြမိတယ် ဆိုတာရယ်၊ ကလောင်နာမည် အမှန်အပြင် ကဗျာကိုလည်း ခွင့်ပြုချက် မတောင်းမိဘဲ ကိုယ့်သဘောနဲ့ကိုယ် ဖော်ပြမိပါတယ် ဆိုတဲ့ တောင်းပန်စာရယ်ကိုပဲ လိုချင်တာပါ” ဟု ဟိန်းက ဆိုသည်။
ထိုပြဿနာရပ်နှင့် ပတ်သက်သည့် တောင်းပန်စာအား ကဗျာဆရာက မကျေနပ်သဖြင့် ဦးနေမျိုးအေးထံ ဖုန်းဖြင့် ဆက်သွယ်သော်လည်း လက်ခံစကားပြောခြင်း မရှိတော့ကြောင်း သိရသည်။
မူပိုင်ခွင့် ချိုးဖောက်သည့် ပြဿနာရပ်များ ဖြစ်လာခဲ့ပါက စာနယ်ဇင်းကောင်စီသို့ စာနှင့်ဖြစ်စေ၊ လူကိုယ်တိုင် လာ၍ဖြစ်စေ တိုင်ကြားလျှင် ယူသုံးသည့် ဂျာနယ်တိုက်၊ အဖွဲ့အစည်းအား အကြောင်းကြား၊ အသိပေး၍ နှစ်ဦးနှစ်ဘက် အဆင်ပြေစေရန် ညှိနှိုင်းမှုများ ပြုလုပ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီမှ ဦးမြင့်ကျော်က ပြောသည်။