ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့်မိုးကောင်းမြို့နယ်အနီးက ရွှေမှော်များတွင် တရားမဝင် ဝင်ရောက်၍ ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၆၀ ကျော်ကို ဒေသခံ အစိုးရ စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်း အစိုးရအဖွဲ့များ ကပြော သည်။
စစ်တပ်အနေဖြင့် တရားမဝင်နိုင်ငံခြားသားများကို ထိုသို့ဖမ်းမိသော်လည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန(လဝက) သို့ အပ်နှံခြင်းမရှိကြောင်း ယင်း အဖွဲ့များက ပြောဆိုသည်။
ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှုရုံး ရဲအရာရှိ တဦးက“၆၄ ဦးလို့တော့ တပ်ကလှမ်းပြောတယ်၊ တပ်မတော်စစ်ကြောင်းက လှုပ်ရှား သွားလာရင်းနဲ့ မိတာ၊ တပ်က တို့ကို ကြေးနန်းနဲ့ပဲ လှမ်းပို့တာ၊ ပြန်လွှတ်လိုက်ပါသည်၊ သိရှိနိုင်ပါရန် အကြောင်းကြားပါသည် ဆိုတဲ့ စာနဲ့ ပို့လိုက်တာ၊ မအပ်ဘူး၊ မလွှဲဘူး”ဟု သူက ဧရာဝတီသို့ ပြောသည်။
ထို တရုတ်နိုင်ငံသားများကို ယခုလ ဒုတိယပတ်က ဒေသခံ ခလရ ၂၉၇ တပ်ရင်းမှ ဖမ်းဆီးခဲ့ပြီး အဆိုပါ တပ်ရင်းမှပင် နှင်ထုတ် ခဲ့ သည်ဟု တနိုင်းမြို့နယ် လဝက ရုံးအနေဖြင့် သိရှိရကြောင်း၊ သို့သော်လည်း ၎င်းတို့ထံ တိုက်ရိုက် အကြောင်း ကြားခြင်းမရှိကြောင်း တနိုင်းမြို့နယ် လဝက ရုံးအရာရှိတဦးကလည်း ပြောပြသည်။
“ကျနော်တို့ကတော့ သတင်းပဲကြားလိုက်တာ၊ အဲဒီနေရာက လဝက တွေ၊ ရဲတွေနဲ့ရော အလှမ်းဝေးနေတော့ တပ်ကနေ သူ့နည်း၊ သူ့ဟန်နဲ့ ပြန်လွှတ်လိုက်တာလို့ထင်တယ်၊ ကျနော်တို့ဆီကိုတော့ အကြောင်းကြားလာတာ မရှိပါဘူး”ဟု သူက ဧရာဝတီသို့ ပြောသည်။
တရုတ်နိုင်ငံသားများ လုပ်ကိုင်နေသည့် ရွှေမှော်များသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေများ အတွင်း၌ ရှိကြောင်း၊ အစိုးရ စစ်ကြောင်းက နှင်ထုတ်လိုက်ပြီးနောက် တရုတ်နိုင်ငံဘက်သို့ ပြန်သွားခြင်း ရှိမရှိကိုမူ တနိုင်းမြို့နယ် ရဲတပ်ဖွဲ့များ အနေဖြင့် စုံစမ်းနေဆဲဖြစ်ကြောင်း တနိုင်းမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောဆိုသည်။
နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသားများ ကိစ္စ အရေးယူဆောင်ရွက်နိုင်ရေး လဝက အဖွဲ့တွင် တာဝန်ရှိသော်လည်း ၎င်းတို့ထံ အကြောင်းကြားခြင်း မရှိသည့်အတွက် အရေးယူဆောင်ရွက်နိုင်ရန် ခက်ခဲနေကြောင်း ကချင်ပြည်နယ် လဝက ရုံးအရာရှိတဦးကလည်း ပြောသည်။
“ကျနော်တို့ သိသလောက်တော့ တပ်ကနေပြန်လွှတ်လိုက်တယ်လို့ပဲ သိထားတာ၊ ကျနော်တို့လည်း အဲဒီကွင်းဆက်ကို လိုက်နေ တာ၊ ကျနော်တို့ဆီအပ်ရင်တော့ လဝက ဥပဒေနဲ့ အရေးယူမှာပေါ့”ဟု သူက ဆိုသည်။
တချိန်တည်းမှာပင် ရှမ်းပြည်နယ် တာချီလိတ်ခရိုင် တာလေမြို့ရှိ တိမ်ကောလာသည့် နမ့်လင်းချောင်းအတွင်း သဲတူးဖော်မှုကို ဗန်းပြပြီး တရုတ်လူမျိုးများ တရားမဝင် ရွှေတူးဖော်မှုများရှိနေကြောင်း သိရသည်။
မိုင်းလားဒေသ အခြေစိုက် လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီက တိမ်ကောလာသည့် နမ့်လင်းချောင်း တူးဖော်ရန် အဆိုပါ တရုတ် လူမျိုးများကို ခေါ်ယူလာခြင်းဖြစ်ပြီး ရက်သတ္တနှစ်ပတ် နေထိုင်ခွင့်ရှိသည့် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ရောက်လာသူများ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
နမ့်လင်းချောင်းသည် တာလေဒေသကို ဖြတ်ကာ မဲခေါင်မြစ်အတွင်း စီးဝင်သည့် ချောင်းတခုဖြစ်ပြီး ယခုအခါ တိမ်ကောလာသည့် အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ အကူအညီနှင့် တာလေဒေသ အာဏာပိုင်များ၊ မြို့မိမြိုဘများ ပူးပေါင်းကာ လွိုင်လုံ သတ္တုတူးဖော်ရေး ကုမ္ပဏီအား ကျပ် သိန်း ၃၀ ဖြင့် ငှားရမ်း လုပ်ဆောင်စေခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၀ ရက်ခန့်က လုပ်ငန်းစတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။