မန္တလေးတိုင်း ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ် ရခိုင်ကြီးကျေးရွာတွင် ရဲစခန်းမှူး တဦးက ရွာခံ အိမ်ထောင်ရှင် အမျိုးသမီး တဦးအား အဓမ္မ ပြုကျင့်မှုဖြင့် စွပ်စွဲ တိုင်ကြားမှုတခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ခင်ပွန်းသည် မရှိခိုက် မြစ်သား ရဲစခန်းမှူး ဦးကြည်လှ ဆိုသူက အဓမ္မ ပြုကျင့်ခဲ့သည်ဟု တရားလို တိုင်ကြားသူ အသက် ၃၉ နှစ် အရွယ် ကလေး ၄ ယောက် မိခင် ဒေါ်သန်းခင်က ဧရာဝတီကို ပြောသည်။
လွန်ခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ ညက အခင်းဖြစ်ပြီးနောက် မြစ်သားရဲစခန်းသို့ သွားရောက်တိုင်ကြား ခဲ့သော် လည်း အမှုဖွင့်ပေးခြင်း မပြုခဲ့ကြောင်း၊ ကျောက်ဆည်ခရိုင် တရားရုံးအား တိုင်ကြားရာ ၇ ရက်ကြာ သွားခဲ့ကြောင်း၊ စခန်းမှူး ရဲအုပ် ဦးကြည်လှ (လ-၁၄၃၈၃၁)ကို တပတ်ကြာပြီးမှ ရှေ့နေကွန်ရက် အဖွဲ့ အကူအညီဖြင့် အမှုဖွင့်နိုင်ခဲ့ ခြင်းဖြစ်ကြောင်း ဒေါ်သန်းခင်က ဆိုသည်။
ဒေါ်သန်းခင်၏ အမှုလိုက် တရားလို ရှေ့နေ ဦးစန်းညွှန့်ဝေက ရဲစခန်းမှူး ဦးကြည်လှကို အဓမ္မ ပြုကျင့်မှု ပုဒ်မ ၃၇၆ ဖြင့် မြစ်သားမြို့နယ် တရားရုံးတွင် တရားစွဲဆို အမှုဖွင့်ခဲ့ကြောင်း၊ ကျောက်ဆည်နှင့် မြစ်သား တရားရုံးတို့ တွင် အမှုမှန်မပေါ်မည် စိုးရိမ်၍ မန္တလေး တိုင်းတရားရုံးသို့ ပြောင်းလဲ စစ်ဆေးရန် ရုံးပြောင်း လျှောက်ထား ခဲ့ကြောင်း ဧရာဝတီကို ပြောသည်။
“စခန်းမှူး ဦးကြည်လှကို ပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုခဲ့တယ်။ အခု တရားရုံးမှာဆို သူကလည်း ရဲ ဆိုတော့ အမှုမှန် မပေါ်မှာစိုးလို့ ရုံးပြောင်းလျှောက်ထားတာပါ”ဟု သူက ဆိုသည်။
ထို့ကြောင့် ဦးကြည်လှအား ယခုနှစ် မတ်လဆန်းက ဖမ်းဆီး ချုပ်နှောင်ထားခဲ့ကြောင်း ဦးစန်းညွှန့်ဝေ က ဆက်ပြောသည်။ ကျောက်ဆည်ခရိုင် ရဲစခန်းမှ ဒုရဲအုပ် ချမ်းငြိမ်းနိုင်ကလည်း ဦးကြည်လှကို ဖမ်းဆီးထိန်းသိမ်းထားသည်မှာ မှန်ကန်ကြောင်း၊ သို့သော် အမှုကိစ္စနှင့်ပတ်သက်၍ မသိကြောင်း၊ မိသားစုဝင်များ လာရောက် တွေ့ဆုံခွင့်ကိုလည်း စခန်းမှူးခွင့်ပြုချက် ဖြင့် တွေ့ဆုံခွင့် ပေးထားကြောင်း ဧရာဝတီကို ပြောသည်။
“ဖမ်းထားတာ ဆိုပေမယ့် ချုပ်ထားတာ။ ဒီမှာ အချုပ်ခန်းမှာ ချုပ်ထားတာ။ သူ့အမှုအခြေအနေက ကျနော်တို့ မသိဘူးလေ၊ သူ့ ကျန်းမာရေးကတော့ ကောင်းပါတယ်။ သူတို့ မိသားစု လာတွေ့တဲ့ဟာတော့ တွေ့ကြပါတယ်”ဟု ဒုရဲအုပ် ချမ်းငြိမ်းနိုင်က ဆိုသည်။
အမှုမဖွင့်နိုင်ခင်က ဦးကြည်လှသည် ရခိုင်ကြီးကျေးရွာ ရပ်မိရပ်ဘ တဦးဖြစ်သူ ဦးထွန်းထွန်းဝင်း နေအိမ်တွင် ကျပ် သိန်း ၁၀၀ ပေးမည် ကမ်းလှမ်း၍ ကျေအေးပေးရန် ဒေါ်သန်းခင်အား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း၊ ထိုစဉ်က ဒေါ်သန်းခင်က ကျပ် သိန်း ၅၀ ကို လက်ခံယူသွားခဲ့သည်ဟု ဦးထွန်းထွန်းဝင်းက တဖန် ဒေါ်သန်းခင် တို့ ဇနီးမောင်နှံအား လိမ်လည်မှုဖြင့် ကျောက်ဆည်မြို့နယ် တရားရုံးတွင် ပြန်လည် တရား စွဲဆိုခဲ့ကြောင်း ဦးစန်းညွှန့်ဝေက ပြောဆိုသည်။
ရဲစခန်းမှူး ရဲအုပ် ဦးကြည်လှသည် ဒေါ်သန်းခင်တို့ မိသားစုနှင့် ရင်းနှီးကြပြီး ရံဖန်ရံခါ အိမ်သို့ လာတတ်ပြီး အခင်းဖြစ်ချိန်တွင် ခင်ပွန်းဖြစ်သူ မရှိဟု သိရသည်။ ဒေါ်သန်းခင်၏ ခင်ပွန်း အသက် ၄၂ နှစ်ရှိ ဦးအောင်မင်းကြည်ကလည်း အမှန်တရားပေါ်ပေါက်ရေးအတွက် ကြိုးစားနေကြောင်း ပြောသည်။
ဒေါ်သန်းခင်တို့ ဇနီးမောင်နှံအား စွဲဆိုထားသည့် လိမ်လည်ငွေယူမှု ပုဒ်မ ၄၂၀ နှင့် ပတ်သက်သည့် ကျောက်ဆည်မြို့ ရုံးချိန်းကို မတ် ၁၉ ရက်တွင် ချိန်းဆိုခဲ့ကြောင်း၊ မတ်လ ၂၁ ရက်နေ့တွင် ဦးကြည်လှအား ဒေါ်သန်းခင်က တရားလိုဖြင့် စွဲဆို ထား သည့် ပုဒ်မ ၃၇၆ ဆိုင်ရာ အမှုကို မြစ်သားမြို့၌ ရုံးချိန်း ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်သတင်းကို အချိန်နှင့် တပြေးညီ သတင်းများ ထုတ်ပြန်နေသော မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့ အင်တာနက် စာမျက်နှာတွင်မူ ယနေ့အထိ ဖော်ပြထားခြင်း မရှိသေးပေ။