အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် နှင့် ပြဿနာတက်ခဲ့သော ယဉ်ထိန်းရဲ တပ်သား စံသိန်းထွေးကို နေပြည်တော်ရှိ အကြီးအကဲတဦးက ခေါ်ယူထားကြောင်း ကမာရွတ်မြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စုရုံး အမှတ် ၂၅ မှ တာဝန်ကျ အရာရှိက ဧရာဝတီသို့ ပြောသည်။
“အကြီးအကဲက ခေါ်လို့ နေပြည်တော်ကို ပို့လိုက်ပြီ။ ဟို Case ဖြစ်ကတည်းက ပို့လိုက်တာ” ဟု သူက ဆိုသည်။
နေပြည်တော်မှ အကြီးအကဲဟု ဆိုသော်လည်း ၎င်းတို့အနေဖြင့် သေချာမသိရှိဘဲ နေပြည်တော် ယဉ်ထိန်းတပ်ဖွဲ့မှူးမှ တဆင့် ခေါ်ယူထားခြင်း ဖြစ်ကြောင်း၊ ရန်ကုန်ရုံးတွင် ခွင့်ယူထားကြောင်း၊ နေပြည်တော်မှ ခေါ်ဆိုရခြင်း အကြောင်းကို ၎င်းတို့ အဆင့်ဖြင့် မသိရှိနိုင်ကြောင်း ယင်းယာဉ်ထိန်းရုံးမှ တခြား အရာရှိတဦးကလည်း ပြောသည်။
ယခုလ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖိုးလပြည့်သည် ၉ ဂ/ ၉၉၁၄ ကို မောင်းနှင်လာပြီး တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်း မီးပွိုင့်တွင် ကားလမ်းရှင်းပေးရန် တောင်းဆိုသောကြောင့် ယဉ်ထိန်းရဲက လမ်းရှင်းပေးရာ မီးနီနေစဉ် မီးစိမ်းပေးခဲ့သော်လည်း ပွိုင့်ဖြတ်စဉ် မီးဝါသွားသဖြင့် ကားပြန်လှည့်လာပြီး တာဝန်ကျရဲကို လက်သီးဖြင့် ဆင်းထိုးခဲ့ကြောင်း၊ ညနေ ၃ နာရီခန့်တွင် ဗိုလ်မှူးဆိုသူတဦး ထပ်မံရောက်ရှိလာပြီး ယဉ်ထိန်းရဲ တပ်သား စံထွေးအောင်ကို ခေါ်ယူကာ ၎င်း၏ အိမ်တွင် ရေခဲရေဖြင့်ပက်ခြင်း၊ ပါးရိုက်ခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း လူမှုကွန်ရက် အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်။
၎င်းဖြစ်စဉ်ကို မှန်ကန်ကြောင်း ယဉ်ထိန်းရဲတပ်သား စံသိန်းထွေးက ပြည်တွင်း အပတ်စဉ်ထုတ် လူထုပုံရိပ်ဂျာနယ်သို့ အတည်ပြုခဲ့ပြီး ၎င်းအန္တရာယ်ကင်းရန်အတွက် အထက်တာဝန်ရှိသူများကို တိုင်ကြားမှု ပြုလုပ်တော့မည် မဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
အစိုးရ ယူနီဖောင်းဝတ် ဝန်ထမ်းတဦးကို တာဝန်ချိန်တွင် လက်ရောက်မှုပြုပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၃ အရ အရေးယူနိုင်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တနှစ် (သို့မဟုတ်) ငွေဒဏ် ကျပ် တထောင်ချမှတ်နိုင်ကြောင်း၊ တာဝန်ဝတ္ထရား နှောင့်ယှက်မှုတွင် နှစ်ပိုင်းရှိပြီး ပုဒ်မ ၁၈၆ အရ ပြည်သူ့ဝန်ထမ်းကို ဟန့်တားနှောက်ယှက်သည်ဟု ယူဆပါက ထောင်ဒဏ် ၃ လ (သို့မဟုတ်) ငွေဒဏ် ကျပ်ငါးရာ၊ ပုဒ်မ ၁၈၉ အရ ပြည်သူ့ ဝန်ထမ်းကို နစ်နာစေမည့် ခြိမ်းခြောက်မှုဟု ယူဆပါက ထောင်ဒဏ် နှင့်ငွေဒဏ်များ ပြစ်ဒဏ်ခံရနိုင်ကြောင်း ရန်ကုန်ရှေ့နေကွန်ရက်မှ ဦးကြီးမြင့်က ပြောသည်။