လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ရန်အတွက် ချင်းအမျိုးသားပါတီ (CNP) နှင့် ချင်းတိုးတက်ရေးပါတီ (CPP)တို့ ပူးပေါင်း၍ ပါတီတခုအဖြစ် ရပ်တည်သွားရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း (CNP) မှ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ဧရာဝတီသို့ ပြောသည်။
ချင်းပြည်နယ် အစိုးရဖွဲ့နိုင်ရန် ပါတီ ၂ ခု အင်အားပူးပေါင်း၍ ကြိုးစားသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရ ဖ့ွဲစည်းလိုခြင်းနှင့် ပတ်သတ်၍ ဆလိုင်းကျဲအိုဘိခ်ထောင်က “ချင်းပြည်နယ်အကြောင်းကို ချင်းတွေကပဲ ပိုသိမယ်။ အခုချင်းပြည်နယ်အစိုးရက ကြံ့ခိုင်ရေး ပါတီက ဖွဲ့ထားတာ။ ပြီးတော့ ပြည်နယ်အစိုးရ ပါတီက ပြည်ထောင်စုအစိုးရကို ဖွဲ့တဲ့ပါတီပဲ ဖြစ်နေတယ်။ တခုခုဆို ရင် နေပြည်တော် မျက်နှာပဲကြည့်နေတော့ အလုပ်တွေနှောင့်နှေးတယ်” ဟု ဆိုသည်။
ပြည်တွင်းနှင့်ပြည်ပရှိ ချင်းတိုင်းရင်းသား ပညာရှင်များက ချင်းပြည်နယ် အစိုးရကို အကူအညီပေးလိုသော်လည်း လက်ရှိ ပြည်နယ်အစိုးရသည် ယခင် နအဖ အစိုးရ၏ အမွေဟောင်း ဆက်ခံသော အဖွဲ့အစည်းဟု ထင်မြင်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ပါတီအမည်သစ်နှင့် ဥက္ကဋ္ဌ၊ ဗဟိုကော်မတီဝင်များ ရွေးချယ်ခြင်းကို လာမည့် ဧပြီလအတွင်း အစည်းအဝေးပြုလုပ်၍ ညှိနှိုင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသား ပါတီများအနေဖြင့် ပြည်နယ်အစိုးရဖွဲ့ရန် ကြိုးပမ်းခြင်းနှင့်ပတ်သတ်၍ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ပူးကျင့်ရှင်ထန်က “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အစိုးရဖွဲ့ဖို့ တော်တော် ခက်ပါတယ်။ ဒါကြောင့် ချင်းတိုင်းရင်းသား ပါတီတွေ အစိုးရဖွဲ့နိုင်ဖို့ ဆိုတာ သေချာပြောလို့ မရသေးပါဘူး။ ရွေး ကောက်ပွဲက ဝေးပါသေးတယ်” ဟု ပြောသည်။
လက်ရှိတွင် ချင်းတိုင်းရင်းသားပါတီ ၅ ခုရှိပြီး ချင်းအမျိုးသားပါတီ (CNP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ တိုင်းရင်း သားလူမျိုးများ ဖွံ့ဖြိုးရေးပါတီ (ENDP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)နှင့် အရှိုချင်းပါတီတို့ဖြစ်သည်။ CNP၊ CPP နှင့် ENDP တို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပါတီများ ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသား ပါတီများအနေဖြင့် ပြည်မအင်အားကြီး ပါတီကြီးများ ဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့နှင့် ယှဉ်ပြိုင်နိုင်ရန် တိုင်းရင်းသားပါတီ ၁၃ ခုပါဝင်သော ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကိုလည်း ဖွဲ့စည်းထားကြောင်း သိရသည်။