မိတီ္ထလာအရေး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းလိုက်ပြီး ရဲတပ်ဖွဲ့ကလည်း ရုန်းရင်းဆန်ခတ်မှုများကို အပြီးသတ် ထိန်းချုပ်နိုင်ရန် ကြိုးစားနေသော်လည်း အခြေအနေမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသေးကြောင်း သိရသည်။
“အခုအချိန်က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့အတွက် ရဲတွေအနေနဲ့ ဥပဒေစိုးမိုးဖို့ တိတိကျကျ ကိုင်တွယ်ဖို့ လိုတယ်။ နှောင့်နှေးကြန့်ကြာ မနေဖို့ ဒီမနက်ပဲ မန္တလေး အစိုးရအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားတယ်” ဟု မိတီ္ထလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဧရာဝတီကို ပြောဆိုသည်။
မိတီ္ထလာမြို့တွင် ဖြစ်ပျက်နေသော ရုန်းရင်းဆန်ခတ်မှုများကို လက်ရှိ အခြေအနေအထိ ထိန်းသိမ်းရန် ကြိုးစားနေရဆဲဖြစ် ကြောင်း မိတ္ထီလာခရိုင် ရဲတပ်ဖွဲ့ရုံးက ပြောဆိုသည်။ အခင်းဖြစ်ပွားရာ နေရာတော်တော်များများကို လုံခြုံရေးရဲတပ်ဖွဲ့များမှ သွားရောက်ထိန်းချုပ်သော်လည်း ရုန်းရင်းဆန်ခတ်မှုများ၊ ဖျက်ဆီးလုယက် မီးရှို့မှုများ ဖြစ်ပျက်နေသေးကြောင်းလည်း တာဝန်ကျ ရဲဝန်ထမ်းက ပြောသည်။
“ ကျနော်တို့လည်း အတတ်နိုင်ဆုံး ထိန်းသိမ်းနေပါတယ်။ ဒီနေ့တော့ အပြီးထိန်းချုပ်နိုင်လိမ့်မယ်လို့ ယူဆပါတယ်။ ကျနော်တို့က တနေရာကို ထိန်းနေတုန်း တခြားတနေရာက ပြန်ဖြစ်နေသေးတယ်။ အခုချိန်ထိ မီးလောင်တာတွေ ရှိ နေသေးတယ် ” ဟု ၎င်းက ဆိုသည်။
မျက်မြင်သက်သေများ၏အဆိုအရမူ မိတီ္ထလာမြို့တွင်း နေရာအတော်များများ ကျီးလန့်စာစားဖြစ်နေရပြီး အစ္စလမ်ဘာသာဝင်များ ပိုင်ဆိုင်သော အိမ်များ၊ဈေးဆိုင်များနှင့် အခြား ပိုင်ဆိုင်မှုပစ္စည်းကို ဖျက်ဆီး မီးရှို့ခံနေရသောကြောင့် အမျိုးသမီးနှင့် ကလေးငယ်များစွာ ခိုလှုံနေရသည့် အစ္စလမ်ရပ်ကွက်က မိတီ္ထလာ အခြေစိုက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် အခြားရပ်မိရပ်ဖများကို လုံခြုံရေးအတွက် အကူအညီ တောင်းခံကြကြောင်း သိရသည်။
မိတီ္ထလာမြို့ မင်္ဂလာဇေယျုံရပ်ကွက်အတွင်းရှိ ဗလီတစ်ခုတွင် ယမန်နေ့ညထဲက ပုန်းအောင်းနေသော အစ္စလမ်ဘာသာဝင်များကို လူအုပ်စုဖြင့် အကြမ်းဖက်ရန် လာသည့်အတွက် ရဲများအနေဖြင့် တားဆီးကယ်တင်ခဲ့ရာတွင် လူအုပ်စုကြီးကို ရ သောနည်းဖြင့် ထိုးဖောက်ကယ်တင်ခဲ့ရကြောင်း ခရိုင်ရဲတပ်ဖွဲ့ဝင်က ပြောသည်။
“ အကုန်လုံးတော့ ကယ်တင်လိုက်နိုင်တယ်။ အဲဒီမှာ ရဲတွေပါ ပိတ်မိနေတယ်။ လူအုပ်ကြီးက အစ္စလမ်ဘာသာဝင်တွေကို သတ်မှာစိုးလို့ သူတို့ကို ကယ် တင်ရာမှာ လူအုပ်ကြီးကို ထိုးဖောက် ကယ်တင်ရတယ်။ အခုဖြစ်နေတာက တကယ်လုပ်တဲ့ လူတွေက လုပ်ပြီးထွက်ပြေးသွားတာ။ ပြီးတော့ ဟိုနားတစ်စ၊ ဒီနားတစ်စ လုပ်သွားတာ ” ဟု ၎င်းက ဆက်ပြောသည်။
လုံခြုံရေးရဲတပ်ဖွဲ့ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန်တို့မှ အင်အားများ ညတွင်းချင်း ခေါ်ယူ၍ တိုးချထားရာ တပ်ဖွဲ့ဝင် အင်အား ၆၀၀ ကျော်ရှိနေပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း အခြေအနေကို ထိန်းချုပ်မနိုင် ဖြစ်နေရကြောင်းသိရသည်။ ရန်ကုန်-မန္တလေး ကားလမ်းမပေါ်တွင်လည်း ဘုန်းတော်ကြီးများပါဝင်နေသည့် လူအုပ်က လာသမျှ ကားကို တားဆီးပြီး စစ်ဆေးနေကြောင်း၊ ဂျစ်ကားတစီး မီးရှို့ခံရကြောင်းလည်း သတင်းရရှိသည်။
မြို့တွင်းသို့ ရောက်နေသော ဧရာဝတီသတင်းထောက်၏ ပြောဆိုချက်အရ ဆူပူအကြမ်းဖက်နေသူများသည် သတင်းထောက်များကိုလည်း ဓာတ်ပုံရိုက်ခွင့် မပေးကြောင်းနှင့် အဝေးမှ ခိုးပြီး ဓာတ်ပုံရိုက်နေရကြောင်းသိရသည်။
“အခြေအနေက တော်တော်ဆိုးနေတယ်။ ရဲက ခရိုင်ရဲတပ်ဖွဲ့ရုံးရဲ့ ကိုက် ၁၀၀ အကွာမှာ ဖြစ်ပျက်နေတာ သွားမတားရဲဘူး။ သူတို့ပါ ပြန်ရန်ရှာခံထိမှာ စိုးရိမ်နေပုံပဲ” ဟု ဧရာဝတီ သတင်းထောက်က ပြောဆိုသည်။
သေဆုံးသူ အရေအတွက်ကိုမူ ယခုတိုင် အတိအကျ မသိရှိရသေးပေ။ မိတီ္ထလာမြို့သို့ ရောက်ရှိနေသော ဧရာဝတီသတင်းထောက်ကို ခရိုင်ရဲတပ်ဖွဲ့က ညနေ ၆ နာရီတွင် ပြောကြားချက်အရ လူ ၁၄ ဦး သေဆုံးသည်ကို မြင်တွေ့ခဲ့သည်ဟု ပြောဆိုသော်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်ကမူ ၁၀ ဦး သေဆုံးကြောင်း ပြောသည်။ သို့သော် မိတီ္ထလာဆေးရုံကမူ လူ ၅ ဦး သေဆုံးသည်ဟု ဆိုသည်။ ဆေးရုံသို့ လူ ၂၇ ယောက် (ကျား ၂၃+ မ ၄) ရောက်ရှိလာရာ ၃ ယောက်မှာ သေဆုံးနေပြီးဖြစ်ကြောင်း၊ ၂ ယောက်မှာ ဆေးရုံသို့ ရောက်အပြီး သေဆုံးသွားကြောင်း၊ ၅ ယောက်မှာ ပြန်ဆင်းသွားနိုင်ပြီဖြစ်၍ လတ်တလော ဆေးရုံတွင် ၁၇ ယောက် ဆေးကုသခံနေကြောင်း မိတီ္ထလာဆေးရုံက ဧရာဝတီသို့ ပြောဆိုသည်။
အဓိကရုဏ်း ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရက် မစ်ချယ်က မိတ္ထီလာတွင် ဖြစ်ပေါ်နေသည့် မတည်မငြိမ်မှုကို ယနေ့ မတ်လ ၂၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် အကြမ်းဖက်မှုများနှင့် အိုးအိမ်ပျက်ဆီးမှုများ အတွက် စိုးရိမ်ကြောင်း ပြောဆိုထားသည်။ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အသက်အိုးအိမ် စည်းစိမ် ပျက်ဆီးဆုံးရှုံးသွားသူများ၏ မိသားစုများအတွက် များစွာ ဝမ်းနည်း စာနာမိကြောင်းနှင့် အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိဖြစ်စဉ်များအရ မိတ္ထီလာမြို့ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားများသည် ရက်ပိုင်းအတွင်း ပြေငြိမ်းနိုင်သော် လည်း ယခုလို လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများဖြစ်လာစေရန် လှုံဆော်မှုများ ဖြစ်နိုင်ခြေ ကို ယခင်ကတည်းက မြင်တွေ့ခဲ့ရကြောင်း၊ ယခုမှ အချိန်တန်သောကြောင့် ထုတ်ဖော်ပြောကြားရခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ၎င်းအဖွဲ့၏ ရုံးခန်းတွင် ယမန်နေ့ညက ပြုလုပ်သော အရေးပေါ် သတင်းစာရှင်း လင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် တရားဥပဒေစိုးမိုးရေးအတွက် မည်သည့် ရာဇဝတ်မှုများကိုမဆို ရာဇဝတ်မှုရှုထောင့်မှ သုံးသပ်ပြီး တာဝန်ရှိ သူများအနေဖြင့် ပွင့်ပွင့်လင်းလင်း ကိုင်တွယ်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်များအတွက် ကာကွယ်ရန် တာဝန်ယူရမည်ဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဆက်ပြောသည်။
“ အားလုံးက စွမ်းသမျှတော့ လုပ်ကြပါတယ်။ အသက်တွေ ကယ်တင်နိုင်ခဲ့တာလည်း ရှိခဲ့ပါတယ်။ အကြမ်းဖက်တဲ့ အထဲမှာ အဖိတ်အစဉ်တွေလည်း ရှိခဲ့ပါတယ်။ နောက်ထပ်မဖြစ်အောင်၊ နောက်ထပ် မပြန့်ပွားအောင် အားလုံး အတတ်နိုင်ဆုံး ဝိုင်းဝန်းထိန်းသိမ်းကြပါ ” ဟု ယနေ့ ရွှေညဝါဆရာတော်၊ ဦးဝီရသူတို့နှင့် အတူ မိတ္ထီလာသို့ သွားရောက်နေစဉ် ဧရာဝတီကို ပြန်လည်ဖြေကြားခဲ့သည်။ “တပြည်လုံးမှာ မပြန့်ပွားအောင် ဆက်ပြီးတော့ ထိန်းကြရမယ်။ ရန်ကုန်ရောက်ရင် သက်ဆိုင်ရာ သံရုံးတွေကိုရော၊ အသိ ပေးရမယ့် လှုပ်ရှားတက်ကြွတဲ့သူတွေရော၊ သြဇာတိက္ကမ ရှိတဲ့သူတွေရော မေတ္တာရပ်ခံမယ်။ ဒီကိစ္စကို အဆက်မပြတ် နိုးနိုးကြားကြားနဲ့ ထိန်းသိမ်းရမှာပေါ့ ” ဟုလည်း ဆိုသည်။
ထိုဖြစ်ပျက်မှုများ၏ အဖြစ်မှန်ကို စုံစမ်းပြီး တစ်ပတ်အတွင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ပြန်လည် အစီရင်ခံစာ တင်သွင်းရန် မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးကို ဥက္ကဌခန့်ကာ စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့ စည်းလိုက်ကြောင်း အမိန့်အမှတ် ၁၉/ ၂၀၁၃ ဖြင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းလိုက်သည်။
ယနေ့ညနေ အခြေအနေများအရ မိတီ္ထလာမြို့အတွင်းသို့ GSM၊ CDMA ဖုန်းများကို ခေါ်ဆို၍မရတော့ကြောင်း၊ ဒေသခံများ အနေက မိမိတို့၏ လုံခြုံရေးအတွက် စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။