ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်အတွင်းရှိ မြန်မာပိုင် ရေလယ်ကျွန်းကို ကရင်လူငယ် လက်နက်ကိုင် အဖွဲ့တဖွဲ့က ယနေ့နံနက်ပိုင်းတွင် ဝင်ရောက် ထိန်းချုပ်လိုက်သည်။
ကော့မူးရာ ကရင်လူငယ် အစည်းအရုံး(KYO)က မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားအောက်ရှိ ရေလယ်ကျွန်းကို မူးယစ် ဆေးဝါး ဖြန့်ချိသည်ဟု ဆိုကာ လက်နက်ကိုင်အင်အား ၂၅ ဦးနှင့်အတူ ယနေ့နံနက် ၆ နာရီက စတင်ကာ ဝင်ရောက် ထိန်းချုပ် လိုက်ခြင်း ဖြစ်သည်။ KYO သည် ကရင်အမျိုးသား အစည်းအရုံး(KNU) ဘားအံခရိုင် လက်အောက်ခံ အဖွဲ့ ဖြစ်သည်။
၎င်းအဖွဲ့ကိုဦးဆောင်သည့် KYO ဥက္ကဌ စောမိုရှေးက“ဒီကျွန်းကနေ ထွက်တဲ့ မူးယစ်ဆေးဝါးတွေ ကရင်လူငယ်ထု အပါအဝင် လူ သား အားလုံးကို လူညွန့်တုံးစေတဲ့ အတွက် အခုလို ဝင်ရောက် ထိန်းသိမ်း ရှင်းလင်းရတာဖြစ်တယ်၊ အခုဒီကျွန်းက ဒုစရိုက်ခေါင်း ဆောင်တချို့ရယ် လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းထားတယ်”ဟု ဧရာဝတီကို ပြောသည်။
ဆယ်စုနှစ် ၂ ခုနီးပါး မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ချိနေသည့် ရေလယ်ကျွန်းကို လူငယ်များ၏ အနာဂတ်ကောင်းမွန်ရန်အတွက် ယခုကဲ့သို့ဝင်ရောက် ထိန်းသိမ်းရခြင်းဖြစ်သည်ဟုလည်း စောမိုရှေး က ပြောကြားသည်။ ရေလယ်ကျွန်းကို ထိန်းချုပ်လိုက်သည့် ကော့မူးရာ KYO အဖွဲ့တွင် အင်အား ၂၅ ဦးခန့်နှင့် လက်နက်များ ပါရှိသည်။
KYO အဖွဲ့သည် ရေလယ်ကျွန်းကို ဆက်လက်ထိန်းချုပ်ထားပြီး ဒု စရိုက်သမားများ ကျွန်းအတွင်း ဝှက်ထားသည့် မူးယစ်ဆေးဝါး များနှင့် လက်နက်ခဲယမ်းများကို လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း သိရသည်။
မြန်မာဘက်က မြဝတီခရိုင် အာဏာပိုင်များနှင့် ထိုင်းနိုင်ငံဘက်မှ အာဏာပိုင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းရံထားပြီး ရေ လယ်ကျွန်း အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိသည်။
KYO အဖွဲ့သည် ရေလယ်ကျွန်းမှ ပြန်လည်ထွက်ခွာရေး အတွက် မြဝတီ ခရိုင်အာဏာပိုင်များနှင့် KNU မှ တာဝန်ရှိသူများကို ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း အခြေအနေတိုးတက်လာခြင်း မရှိသေးကြောင်းလည်း သိရသည်။
၂ ဧက ခန့် ရှိသည့် ရေလယ်ကျွန်းတွင် ယခင်ကလည်း ဒုစရိုက်သမားများ၊ မူးယစ်ဆေးဝါးများနှင့် လက်နက်ခဲယမ်းများကို ထိုင်း နှင့် မြန်မာ နှစ်နိုင်ငံအာဏာပိုင်များက မကြာခဏ ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။
ယနေ့တွင် ရေလယ်ကျွန်းမှ ဆေးခြောက် ထုပ်ကြီး တထုပ်၊ စိတ်ကြွဆေးပြား(ရာဘ) ၁ သောင်း၊ M ၁၆ အပါအဝင် လက်နက်ငယ် ၃ လက်နှင့် ဆက်စပ် လက်နက် ခဲယမ်းများကို ဖမ်းဆီးရမိထားသည်ဟု စောမိုရှေးကပြောသည်။