သတင်း

မိတီ္ထလာခရိုင်တွင် အရေးပေါ် အခြေအနေ ကြေညာ

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်က  ပဋိပက္ခများဖြစ်ပွားလျက်ရှိသော မိတ္ထီလာခရိုင်အတွင်းရှိ ၄ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီး အခြေအနေများထိန်းသိမ်းနိုင်ရန် တပ်မတော်၏ အကူအညီကိုပါ ရယူဆောင်ရွက်မည်ဖြစ်ကြောင်း အမိန့်ညွှန်ကြားချက်တရပ်ထုတ်ပြန်လိုက်သည်။

မိတီ္ထလာခရိုင် အတွင်းရှိ မိတီ္ထလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ် များတွင် ဆူပူအကြမ်းဖက် မှုများ ပိုမို များပြား ကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက် ရုံဖြင့် အုပ်ချုပ်ရေး ဆိုင်ရာ လုပ်ငန်း များ ထိရောင်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း၊ ပြည်သူများ၏ လုံခြုံရေး၊ တည်ငြိမ် အေးချမ်း စွာနေနိုင်ရေးတို့အတွက် အရေးပေါ်အခြေအနေ ကြေညာရခြင်းဖြစ်ပြီး တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက် ရမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်၏ အမိန့်ညွှန်ကြားချက်တွင် ဖော်ပြထားသည်။

မိတ္ထီလာမြို့ပေါ်တွင် ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားအောင် လုပ်ဆောင်သူများ၊ လှုံ့ဆော်သူ များကို ပစ်ခတ်နှိမ်နင်းသည် အထိ ထိန်းသိမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခပုံစံဖြစ်အောင် ဖန်တီးမှုကို အစိုးရက လုံးဝလက်မခံနိုင်ကြောင်း၊ ထို့ကြောင့် ပဋိပက္ခဖြစ်အောင်လှုံ့ဆော်သူများ၊ လုပ်ဆောင်သူ များ အားလုံးကို တားဆီးအရေးယူသွားမည် သမ္မတဦးသိန်းစိန်၏ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ် ပြန်ကြားရေး ဒုတိယဝန်ကြီး လည်းဖြစ်သူ ဦးရဲထွဋ်က ဧရာဝတီသို့ ပြောသည်။

“တတ်နိုင်သမျှလုံခြုံရေးအင်အားတိုးချနေတယ်၊ လိုအပ်ရင် ပုဒ်မ ၁၄၄ထုတ်ပြန်ထားတဲ့အပေါ် အဆင့်အတိုင်း လုပ်သွား မှာပါ၊ နောက်ဆုံးအဆင့်အနေနဲ့ဆိုရင်တော့ ပစ်ခတ်ရတဲ့ အထိကို ထိန်းသိမ်းပြီးလုပ်မှာပါ”ဟု ဦးရဲထွဋ်က ဆိုသည်။

လက်ရှိတွင် မြို့ပေါ်ရှိ အစ္စလမ်ဘာသာဝင် များကို ရဲတပ်ဖွဲ့ဝင်များ အပါအဝင် သံဃာတော်များ၊ လူငယ်များက လုံခြုံစိတ်ချ ရသည့် နေရာများသို့ ပို့ဆောင်နေကြောင်း၊ အခြေအနေများ အေးဆေးတည်ငြိမ်ရေး ပြည်သူများပါ ဝိုင်းဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

“၁၄၄ ကို ထိထိရောက်ရောက် မလုပ်ကောင်းလားဆိုပြီး အပြစ်တင်တယ်၊ ရဲတပ်ဖွဲ့က နှိမ်နင်းတော့လည်း သံဃာတော်ကို တွေ ပစ်လို့ လူတွေကိုပစ်လို့ ဆိုပြီး အပြစ်တင်ကြတယ်၊ လုံခြုံရေးအင်အားနဲ့ တင်မရပါဘူး ပြည်သူတွေကပါ ကူညီမှ ရမယ်”ဟု ဦးရဲထွဋ်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးဝင်းတင်က လက်ရှိအခြေအနေသည် စိုးရိမ်စရာကောင်းနေပြီး ထိန်းသိမ်းမရ ပါက နိုင်ငံအတွက် အရေးပေါ်အခြေအနေဖြစ်သွားနိုင်ကြောင်း၊ ယင်းကဲ့သို့ဖြစ်ပါက စစ်တပ်က ဝင်ရောက်လာမည်ဖြစ် ကြောင်း၊ ဘာသာရေးကိုအခြေခံကာ အဓိကရုဏ်းများဖန်တီးနေသည့်အတွက် ဆိုးကျိုးများစွာရှိလာနိုင်ကြောင်း၊ နိုင်ငံတကာတွင်  မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းနိုင်ကြောင်း ပြောသည်။

“ဘာသာရေး အခြေခံဖြစ်တာမကောင်းပါဘူး၊ သူ့ဘာသာ ကိုယ့်ဘာသာ အားလုံးက ယုံကြည်ချက်ရှိကြတာပဲ၊ ဘာသာရေး ဇောင်းပေးနေရင် ပြဿနာတွေ ပိုကြီးထွားလာနိုင်တယ်”ဟု ဦးဝင်းတင်က ဆိုသည်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ချုပ်က လက်ရှိ မိတီ္ထလာပဋိပက္ခတွင် ဝင်ရောက် စွတ်ဖက် မည်မဟုတ်ကြောင်း၊ သံဃာတော်များပါဝင်သော အဓိကရုဏ်းကြီးတခုဖြစ်သွားမည်ကို အလွန်စိုးရိမ်မိကြောင်း၊  သံဃာ မဟာနာယက အဖွဲ့အနေဖြင့် မှတ်ချက်တစုံတရာ မပေးလိုကြောင်း သံဃာ မဟာနာယက အဖွဲ့ဝင် ဆရာတော် ဦးဝါယမက ဧရာဝတီသို့ ပြောသည်။

မိတီ္ထလာမြို့ပေါ်ရှိ အဆောက်အအုံ၊ဈေးဆိုင်နှင့်  ဗလီများ ပျက်စီးနေပြီး လူအသွားအလာကင်းမဲ့ ပြီး ခြောက်ကပ် တိတ်ဆိတ် လျက်ရှိနေကြောင်း မိတီ္ထလာဒေသခံများက ပြောသည်။

Loading