မြန်မာနိုင်ငံတွင်းတွင် နေထိုင်သော အစ္စလမ်ဘာသာဝင်များ၏ အသက်အိုးအိမ် လုံခြုံမှုနှင့် စိုးရိမ်သောကများ ကင်းဝေးစေရန် အတွက် တရားဥပဒေ၏ အကာအကွယ် ပြည့်ဝစွာ ဖြည့်စည်းပေးစေ လိုကြောင်း မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလမ် ဘာသာရေးအဖွဲ့က မတ်လ ၂၁ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော် သမ္မတထံ တိုင်ကြားစာ ပေးပို့ထားခဲ့သည်ဟု သိရသည်။
“အဓိကကတော့ နိုင်ငံတော် အေးချမ်းသာယာရေးကို လိုချင်တယ်။ ကျနော်တို့ လူနည်းစုတွေအပေါ်မှာ ဥပဒေရဲ့ အကာအကွယ် ထိထိရောက်ရောက် ရယူချင်တယ်။ ဘာတွေ ဖြစ်ပျက်ခဲ့တယ်ဆိုတာ နိုင်ငံတော် သမ္မတနဲ့ တကွ တာဝန်ရှိသူတွေကို သိစေချင်လို့ စာတင်ရတာပါ” ဟု မြန်မာ မွတ်စလင် အမျိုးသားရေးရာ အဖွဲ့ချုပ်မှ တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးတင်မောင်မောင်က ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလမ်ဘာသာရေး အဖွဲ့ကြီး၏ နိုင်ငံတော်သမ္မတထံ တင်ပြစာတွင် သာကေတ မြို့နယ်၌ ဖြစ်ပွားခဲ့သော ဖြစ်ရပ်များ၊ လှိုင်သာယာ၊ ရွှေပြည်သာနှင့် ဘီးလင်းမြို့နယ်များတွင် ဖျက်ဆီးခံခဲ့ရသော အစ္စလမ် ဘုရားကျောင်းများနှင့် ဗလီများအကြောင်းကို ထည့်သွင်း ဖော်ပြထားသည်ဟု သိရသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လည်းကောင်း၊ တည်ဆဲ ဥပဒေများအရ လည်းကောင်း၊ နိုင်ငံတကာ ကျင့်ထုံးများအရ လည်းကောင်း လူနည်းစုများအား ဥပဒေနှင့် အညီ ပြည့်ဝသည့် အကာအကွယ်များပြုပေးမည်ဟု ယုံကြည်မိပါကြောင်း ဖော်ပြထားသည်။
“အခု ကိစ္စတွေက စဉ်းစားရခက်တယ်။ ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်နေသလားလို့ သံသယဖြစ်မိတယ်။ ကျနော်တို့ အနေနဲ့ အားကိုးရာမဲ့ အခြေအနေကြုံတွေ့နေရတယ်။ ဘာသာရေး လူမှုရေးကို ခုတုံးလုပ်ပြီးတော့ ပဋိပက္ခဖြစ်အောင် ဖန်တီး လုပ်ဆောင်နေတာကို၊ နေရာတော်တော်များများမှာ ဥပဒေမဲ့ လုပ်နေတာကို ကျနော်တို့ တွေ့နေရတယ်။ ဒီလို ဖြစ်ရပ်တွေဟာ နိုင်ငံတော်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လာမှာကိုလည်း ကျနော်တို့ ကြောက်ရွံ့နေပါတယ်” ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လဝီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးကျော်စိုးက ဧရာဝတီကို ပြောသည်။
မတ်လ ၂၀ ရက်နေ့တွင် မိတ္ထီလာ မြို့မဈေးကြီးအတွင်း ရွှေအရောင်းအဝယ် ကိစ္စနှင့် ပတ်သတ်ပြီး ပဋိပက္ခစတင် ဖြစ်ပွားခဲ့ရာမှ ယနေ့ ၂၂ ရက်နေ့ ညနေပိုင်းအထိ ရရှိသော စာရင်းများအရ လူ ၉ ဦးအထိ သေဆုံးခဲ့ကာ အစ္စလမ် ဘာသာရေးဆိုင်ရာ အဆောက်အဦးများနှင့် လူနေရပ်ကွက်များ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
မိတ္ထီလာ အကြမ်းဖက်မှုများနှင့် ပတ်သတ်ပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ၊ ရွှေဝါရောင် သံဃာတော်များ ကွန်ယက်၊ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်တို့ကလည်း လူမျိုးရေး ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခများနှင့် အကြမ်းဖက်မှုများအတွက် ထိရောက်စွာ အရေးယူပေးရန် ကြေငြာချက်များ ထုတ်ပြန်ထားသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံး ထိန်းသိမ်းရန် မတ်လ ၂၀ ရက် နေ့က တိုက်တွန်း ပြောကြားထားသည်။
ယနေ့ ညနေပိုင်းတွင် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်၊ သာစည် မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၃ ပုဒ်မခွဲ က အရ တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီ ရယူရမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းထုတ်ပြန်ထားသည်။
ယင်းအရေးပေါ် အခြေအနေ ကြေညာပြီးနောက်တွင် မိတ္ထီလာ အနီးအနားရှိ တောထဲသို့ ထွက်ပြေးနေကြသော အစ္စလမ် ဘာသာဝင် ၁၅၀၀ ကျော်ကို လုံခြုံရေးများက ပြန်လည်ခေါ်ယူလာပြီး မိတ္ထီလာ ခရိုင် အားကစားကွင်းသို့ ပြောင်းရွှေ့ နေရာချထားကာ ကယ်ဆယ်ရေး စခန်း ဖွင့်ပေးထားမည် ဖြစ်ကြောင်း မိတ္ထီလာသို့ ရောက်ရှိနေသည့် ဧရာဝတီ သတင်းထောက်က ပြောသည်။