Military

မိတီ္ထလာဒုက္ခသည်များ အတွက် ကူညီကယ်ဆယ်ရေး စတင်

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း၊ မိတီ္ထလာမြို့တွင် ၃ ရက်ကြာ ဘာသာရေးနှင့် လူမျိုးရေး အဓိကရုဏ်းများ ဖြစ်ပွားပြီးနောက် ယနေ့တွင် အခြေအနေများ အေးဆေး တည်ငြိမ်သွားပြီဖြစ်ပြီး အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေရသော ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်နေပြီဖြစ် ကြောင်း သိရှိရသည်။

သမ္မတ ဦးသိန်းစိန်က  မိတီ္ထလာ ခရိုင်တွင် ယမန် နေ့က အရေးပေါ် အခြေအနေ ထုတ်ပြန်ကြေညာပြီး စစ်တပ်၏ အကူအညီကိုပါ ရယူခြင်းတို့ ဆောင်ရွက်ပြီး နောက် မိတီ္ထလာတွင် အကြမ်းဖက်မှု၊ မီးရှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက် သတ်ဖြတ်မှုများ လုံး၀ မရှိတော့ဘဲ လုံး၀ အေးဆေးတည်ငြိမ်သွားကြောင်း၊ မိတီ္ထလာမြို့နယ် ခရိုင် အားကစားကွင်း၊ အမှတ် ၁ ရဲစခန်းဝင်းနှင့် နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေကြသော ဒုက္ခသည် ၄၅၀၀ ထက်မနည်း ကို ယနေ့တွင် စစ်တပ်နှင့်ရဲများက အစိုးရအခြေခံပညာ အထက်တန်းကျောင်းများသို့ ပြောင်းရွှေ့နေရာ ချထားပေးခြင်း စတင်လုပ်ဆောင်နေပြီဟု သိရှိရသည်။

အစိုးရက ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပြီး ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေး နှင့် လိုအပ်ချက်များ စီစဉ်ပေးနေကြောင်း၊  ရန်ကုန်မြို့မှ လေယာဉ်တစီးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ခဲ့ကြောင်း၊  မိမိနေအိမ်များသို့ ပြန်လိုသော ဒုက္ခသည်များကိုလည်း သက်ဆိုင်ရာ လုံခြုံရေး တာဝန်ယူလိုက်ပါ ပို့ဆောင်ပေးလျက်ရှိကြောင်း  တရားဝင် သတင်းထုတ်ပြန်သည်။

“ဒီနေ့တော့ အခြေအနေတွေ အားလုံး တည်တည်ငြိမ်ငြိမ်ပဲ။ တပ်ကလည်း တမြို့လုံးမှာ လုံခြုံရေးယူ ထားပေးတယ်။ ခရိုင်အားကစားကွင်းက ဒုက္ခသည်တွေကို စာသင်ကျောင်းတွေမှာ နေရာ ချထားပေးနေတယ်။ စားနပ်ရိက္ခာ၊ အကူအညီတွေလည်း ဝင်လာနေတာ တွေ့ရတယ်။ ခရိုင်အားကစားကွင်းကြီးက ဟင်းလင်း ပြင်ကြီးဆိုတော့ ဒုက္ခသည်တွေကို အရိပ်အကာရှိတဲ့ စာသင်ကျောင်းတွေဆီ အာဏာပိုင်တွေက ရွှေ့ပေး နေတယ်” ဟု မိတီ္ထလာမြို့တွင် ရောက်ရှိနေသော ဧရာဝတီ သတင်းထောက်က ပြောသည်။

မိတီ္ထလာ ဒုက္ခသည်များ အတွက် အရေးတကြီး လိုအပ်ချက်မှာ အစားအစာနှင့် သောက်ရေ ဖြစ်ပြီး စောင်၊ ခြင်ထောင်နှင့် ဖိနပ်များလည်း လိုအပ်နေကြောင်း၊ ဒုက္ခသည်များအတွက် အိမ်သာများလည်း လိုအပ်နေကြောင်း၊ ဒုက္ခသည်များသည် အိမ်သာလုံလောက်မှု မရှိသောကြောင့် ဝမ်းလျှော၊ ဝမ်းပျက်သူ အချို့ရှိလာကြောင်း ဒုက္ခသည်များကို ကူညီ ကယ်ဆယ်ရေးလုပ်နေသော  မေတ္တာ Campaign မှ မအမာနီက ပြောသည်။

“ဝမ်းရောဂါ စပြီလို့ ပြောလို့ရတယ်။ တယောက်စ နှစ်ယောက်စ  ဖြစ်နေတာ တွေ့တယ်။ ကျမတို့ပါလာတဲ့ ဝမ်းပိတ်ဆေးနဲ့ ရေသန့်တွေကိုတော့ ဒုက္ခသည်တွေကို အကုန်ဝေလိုက်ပြီ” ဟု မအမာနီက ပြောသည်။

မိတီ္ထလာမြို့နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများကမူ ဒုက္ခသည်များအတွက် လုံလောက်သော ဆရာဝန်၊ ကြက်ခြေနီနှင့် ကျန်းမာစောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိနေပြီး ဝမ်းရောဂါ အကြီးအကျယ် ဖြစ်ပွားမှု မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဒုက္ခသည်များ အတွက် လိုအပ်သော ဆန်၊ ခေါက်ဆွဲခြောက်များ လာရောက်လှူဒါန်းပြီး မိတီ္ထလာမြို့ပေါ်မှ စေတနာရှင်များက စုပေါင်းပြီး ဒုက္ခသည်များ အတွက် စားနပ်ရိက္ခာများ လှူဒါန်းကြကြောင်း သိရှိရသည်။

မိတီ္ထလာမြို့ပေါ်တွင် စစ်တပ်က  စစ်ကား ၇ စီးဖြင့် မြို့တွင်းသို့ ၂ နာရီ ခြား တကြိမ် ကင်းလှည့် လျက်ရှိပြီး မြို့ အချက်အချာကျ နေရာများနှင့် တမြို့လုံးတွင် လက်နက်ကိုင် စစ်သားများ ဖြန့်ကျက်ချထားကြောင်း သိရှိရသည်။

မိတ္ထီလာမြို့တွင်  အခြအနေများ တည်ငြိမ် လာသော်လည်း ဒုက္ခသည် အများစုမှာ မိမိတို့နေထိုင်ရာ နေအိမ်များသို့ မပြန်ရဲကြသေးဘဲ စိုးရိမ်မှုများဖြင့် ထိန့်လန့်နေကြဆဲ ဖြစ်ကြောင်း မြို့ခံများနှင့် ဒုက္ခသည်များက ဧရာဝတီသို့ ပြောသည်။

“တချို့က အရမ်းကြောက်နေတော့ မပြန်ရဲကြသေးဘူး။ လူကို မီးရှို့တာတွေ သူတို့ရှေ့မှာတင် ဖြစ်သွားခဲ့တာ ဆိုတော့ ထိတ်လန့်နေကြတယ်” ဟု မိတ္ထီလာမြို့ခံ မကေဦးမေက ပြောသည်။

မိတီ္ထလာမြို့မှ မွတ်စလင် ဒုက္ခသည်တဦးဖြစ်သူ ကိုကျော်စွာက “ဒုက္ခတွေ ရောက်လှပါပြီ။ ကယ်ဆယ်ရေး စခန်းကို မနေ့က ရောက်တာ။ ဘုန်းကြီးတွေ နဲ့  ဒေသခံတွေ လိုက်ပို့တာ။ အကူအညီရပါတယ်။ ကျနော်တို့က ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး။ အခုလို ဖြစ်တာမျိုးလည်း မကြုံဖူးသေး ဘူး။ ခြေမ မကောင်း ခြေမ၊ လက်မ မကောင်း လက်မ အရေးယူပေးပါ။ ဗုဒ္ဓဘာသာဝင်တွေက ကူညီကြပါတယ်” ဟု ဆိုသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား သည် မတ်လ ၂၄ ရက်နေ့တွင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ ရန်ကုန်အခြေစိုက် အစ္စလမ်ဘာသာရေး အဖွဲ့အစည်း ခေါင်းဆောင်များနှင့်အတူ  မိတီ္ထလာမြို့သို့ သွား ရောက်ပြီး သံဃာတော်များ၊ ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒုက္ခသည်များကို သွားရောက် တွေ့ဆုံမည် ဖြစ်သည်။

မိတီ္ထလာတွင် ဖြစ်ပွားသော အကြမ်းဖက်မှုများကြောင့် လူ ၁၁ ဦးသေဆုံးပြီး လူနေအိမ်၊ ဘာသာရေး အဆောက်အအုံများ၊ ဈေးဆိုင်များ၊ ပညာရေးမှူးရုံးတရုံး၊ ဆိုင်ကယ်နှင့် မော်တော်ကားများ ဖျက်ဆီးခံခဲ့ရကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

Loading