အင်တာနက်လိုင်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုကောင်းမွန်လာမည် ဆိုပါက နိုင်ငံ၏ တရားဥပဒေ အင်အား ယခုထက် ကောင်းလာမည်ဖြစ်ပြီး ထိုအချက်သည် နိုင်ငံတိုးတက်မှုအတွက် အလွန်အရေးကြီးသည့် အခြေခံ အကြောင်းတရား တခု ဖြစ်ကြောင်း Google ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Eric Schmidt က ပြောသည်။
“မင်းတို့အစိုးရ ပြောင်းလဲလိုက်တဲ့ နိုင်ငံရေးဟာ မယုံနိုင်စရာပဲ။ ပြီးတော့ တခြား နိုင်ငံတကာမှာလိုမျိုး ကိုယ့်နိုင်ငံရဲ့ အင်တာနက် ဆက်သွယ်ရေးနဲ့ သတင်းစာတွေ ကောင်းလာအောင် လုပ်ပေးနေတာကလည်း အင်မတန် စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်” ဟု သူက ဆိုသည်။
Google ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ Eric Schmidt သည် မြန်မာနိုင်ငံသို့ လာရောက်ပြီး အနာဂတ် ခေါင်းဆောင်များ (လူငယ်များ) နှင့် တွေ့ဆုံပွဲ အခမ်းအနားတခုကို MICT ၌ ယနေ့ ကျင်းပပြုလုပ်ခဲ့ပြီး အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ Eric Schmidt လာရောက်သည့် ကာလသည် အလွန်တိုတောင်းသောကြောင့် ယခုထက် အချိန်ပိုရမည် ဆိုပါက အဆင်ပြေနိုင်မည် ဖြစ်ကြောင်း မြန်မာဘလော့ဂါတဦးဖြစ်သူ ကိုနေဘုန်းလတ်က ပြောသည်။
“သူလာရတာ အချိန်တော့နည်းတယ်။ အချိန် ပိုပေးပြီး လာတယ်ဆိုရင် နယ်ပယ်စုံက လူတွေနဲ့ တွေ့စေချင်တာ။ ဘာပဲပြောပြော အခုလိုလုပ်ပေးတာက ဘာမှမလုပ်ဖြစ်တာထက် စာရင် ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
Eric Schmidt မြန်မာနိုင်ငံသို့ လာရောက်ခြင်းကြောင့် နည်းပညာများနှင့် ပတ်သက်သည့် တိုးတက်မှုများကို မြင်တွေ့ လိုကြောင်း ကိုနေဘုန်းလတ်က ၎င်း၏ဆန္ဒကို ထပ်ပြောသည်။
“လူငယ်တွေနဲ့ လာတွေ့တယ်။ ဒီနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကိုလည်း သူက လေ့လာထားပုံရတယ်။ ဒါကို အခြေခံပြီး အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) နဲ့ သွားတွေ့တဲ့အခါမှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု ကိုနေဘုန်းလတ်က ဆက်လက်ပြောသည်။
ထိုသို့ မြန်မာနိုင်ငံနှင့် Google ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မှုများ ရှိလာမည်ဆိုပါက မိမိတို့ တိုင်းပြည်အနေဖြင့် နည်းပညာနှင့် ပတ်သက်သည့် တိုးတက်မှုများကို ယခုတနှစ်အတွင်း၌ပင် မြင်တွေ့လာရဖွယ် ရှိနိုင်ကြောင်း သူက ဆိုသည်။
MCF (Myanmar Computer Federation) ဥက္ကဋ္ဌ ဦးခွန်ဦးကလည်း မိမိတို့နိုင်ငံသို့ Google ကုမ္ပဏီ ဥက္ကဋ္ဌ လာရောက်ခြင်းကြောင့် နိုင်ငံအတွက် ကြီးမားသည့် တိုးတက်ပြောင်းလဲမှုများ ဖြစ်လာနိုင်မည်ဟု ထင်ကြောင်း ပြောသည်။
“လောလောဆယ် Eric Schmidt နဲ့ အတိအကျ ဆွေးနွေးထားတာ မရှိသေးဘူးဆိုတော့ ဘယ်လိုစလုပ်ကြမယ် ဘယ်လို ပူးပေါင်းမှုတွေ လုပ်ကြမယ်ဆိုတာကို ကျနော် ဖြေဖို့ ခက်ပါသေးတယ်” ဟု ၎င်းက ဆက်ပြောသည်။
Google ဥက္ကဋ္ဌ မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် အလည်အပတ်ခရီးစဉ် တခုဟု ပြောနိုင်သကဲ့သို့ ပြည်သူများ၏ လိုအပ်ချက်များ၊ စကားသံများကို နားထောင်လို၍ လာရောက်ခြင်းလည်း ဖြစ်သည်ဟု Google ကုမ္ပဏီ၏ အင်ဒိုချိုင်းနားဒေသ ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး တာဝန်ခံ Mrs. Amy Kunrojpanya က ရှင်းပြသည်။
“မြန်မာပြည်ကို ဘာတွေကူညီပေးမလဲဆိုတာ ပြောဖို့ အချိန်စောပါသေးတယ်။ အခုလာလည်တဲ့ ခရီးစဉ်က ပြည်သူတွေရဲ့ ပြောသံတွေ နားထောင်မယ်၊ လေ့လာမယ်။ အကောင်းဆုံးက ပြည်သူတွေကို ဘာတွေ ကူညီသင့်တာလဲ ဆိုတာ မေးမယ်” ဟု သူက ဆိုသည်။