သတင်း

ခေါင်းပုံဖြတ်ခံရသည့် ထိုင်းရောက် မြန်မာ အလုပ်သမားများ ပြည်တော်ပြန်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား ၃၀ ကျော်သည် လုပ်ငန်းခွင်တွင် ခေါင်းပုံဖြတ်ခံရပြီး အလုပ်ဆက်လက် လုပ်ကိုင်ရန် ဘေးကင်း လုံခြုံမှု မရှိသည့်အတွက် မြန်မာသံရုံး၏ အကူအညီဖြင့် ယမန်နေ့က မြန်မာနိုင်ငံသို့ ပြန်သွားကြကြောင်း သတင်း ရရှိသည်။

“ဒီညနေ (မတ်လ ၂၄ ရက်) မှန်လုံကားနဲ့ ကန်ချနပူရီကနေ မြန်မာပြည်ကို ဦးချိုထွန်းပါ လိုက်ပါပြီး အလုပ်သမား ၃၆ ဦးကို ပြန်ပို့မှာ ဖြစ်ပါတယ်” ဟု ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ  အလုပ်သမား သံအရာရှိ၏ အထူးကိုယ်စားလှယ် ဦးအံ့သူကျော်က ဧရာဝတီသို့ ပြောသည်။

ဦးချိုထွန်းဆိုသည်မှာ မြန်မာ အလုပ်သမားများကို ထိုင်းသို့ ပို့ဆောင်ပေးခဲ့သည့် ဟိန်းမြင့်မြတ် ကုမ္ပဏီမှ ဒါရိုက်တာ ဖြစ်သည်။

ထိုင်းတောင်ပိုင်း ကန်ချနပူရီရှိ အက်စ်အို စိုက်ပျိုးရေး ခြံရောက် မြန်မာ အလုပ်သမ မသိန်းမေနှင့် အလုပ်သမားများက စာချုပ်ပါအတိုင်း လုပ်အားခ တနေ့ ဘတ် ၃၀၀ အပြည့် မရခြင်း၊ စားသောက်နေထိုင်ရာတွင် အခက်အခဲများနှင့် လုံခြုံမှု မရှိခြင်းတို့ကြောင့် အလုပ်ရှင်အား တင်ပြခဲ့ကြောင်း၊ ထိုသို့ တင်ပြပြီးနောက် ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့ ညသန်းခေါင်ကျော်အချိန်တွင် အမည်မသိ လူတစုက မြန်မာအလုပ်သမားများ နေထိုင်ရာ တဲအတွင်းသို့ ဝင်ရောက်ကာ မသိန်းမေအား ဓားဖြင့်ထိုးခဲ့ကြောင်း သိရသည်။

“ကျမကို အဲဒီ ညက ဓားနဲ့ ဝင်ထိုးတာ။ မျက်နှာဖုံးတွေနဲ့ လာပြီးလုပ်တာ ၄၊ ၅ ယောက်။ ကျမကို ပွေ့ပြီး ကျမရဲ့ မောင်အရင်းက သူကွယ်ပြီး သူ့ကျောကို ပေးလိုက်တာ။ သူက ဓားဒဏ်ရာ ပြင်းပြင်းရသွားလို့ အခု ဆေးရုံပို့လိုက်ရတာ။  ကျမကိုလည်း ကိုင်ပေါက်ပြီး ရင်သားကိုလည်း ထိုးကြိတ်သွားတယ်” ဟု မသိန်းမေက ပြောသည်။

စာချုပ်ပါအတိုင်း လုပ်အားခ မရသည့်အပြင် လစဉ် လုပ်အားခ ထုတ်ယူရသည့်အခါတွင် ထိုင်းသူဌေး၏ လူယုံ ဦးသိန်းဇော် ထံမှ ထုတ်ယူရပြီး လစာထဲမှ စားစရိတ်အပါအဝင် အမည်မသိ ဖြတ်ငွေမှာ ပုံမှန် တလ ဘတ်ငွေ ၅၄၀၀ ရှိခဲ့ကြောင်း၊ အဆိုပါ ကိစ္စများကို ပြောဆိုတင်ပြခဲ့၍ ယခုကဲ့သို့ လုပ်ကြံခြင်း ခံရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ခရမ်းသီး ရေလုံပြုတ်နဲ့ပဲ ကျမတို့ကို ကျွေးတာ။ ထမင်းငတ်တဲ့ နေ့တွေလည်းရှိတယ်။ ခိုင်းတာလည်း နေပူကျဲကျဲမှာ နွားတွေလို ခိုင်းတာ၊ မတရားလို့ ပြောခဲ့တာပါ” ဟု မသိန်းမေက ဆိုသည်။

ထို့နောက်ပိုင်း မြန်မာပြည်ပြန်မည်ဟု အလုပ်ရှင်ထံ ပြောဆိုခဲ့ရာ စာချုပ်ပါအတိုင်း ၃ လ မပြည့်သေး၍ ဗီဇာကြေး ဘတ် ၂ သောင်း ပြန်လျော်ရမည်ဟု ထိုင်း အလုပ်ရှင်က တုံ့ပြန်ခဲ့ကြောင်း သိရသည်။

မြန်မာသံရုံးနှင့် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူ ဆရာတော် ဦးဇောတိက၊ ဦးကျော်သောင်းတို့၏ ကူညီမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဗိုလ်မှူး ကျော်ကျော်လွင်နှင့် ၎င်း၏ အထူးကိုယ်စားလှယ် ဦးအံ့သူကျော်၊ ကချနပူရီရှိ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ ရဲမှူး ဦးအေးလွင်၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးအရာရှိ ဦးကိုကိုကျော်၊ အလုပ်သမား ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းလင်းတို့က ထိုင်းနိုင်ငံ သက်ဆိုင်ရာ အလုပ်သမားရေးဌာနမှ တာဝန်ရှိသူများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

“သူတို့ကို ပို့တဲ့ ဟိန်းမြင့်မြတ် ကုမ္ပဏီ ဒါရိုက်တာ ဦးချိုထွန်းကလည်း အလုပ်သမားတွေအတွက် အားလုံး ဘတ် ၂ သိန်း ၆ သောင်းလောက်ကို ထိုင်းအလုပ်ရှင်ဘက်ကို ပြန်အမ်းပြီး ပြေလည်သွားတာ” ဟု ဦးအံ့သူကျော်က ပြောသည်။

မြန်မာ – ထိုင်း ၂ နိုင်ငံ အလုပ်သမား အပြန်အလှန်ပို့ခြင်း MoU လုပ်ငန်းစဉ်ဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ကန်ချနပူရီ ခနုံစဝမ်ရှိ အက်စ်အို ယူကလစ် စိုက်ပျိုးရေး လုပ်ငန်းခွင်သို့ မြန်မာ အလုပ်သမား ၄၄ ဦးကို ဟိန်းမြင့်မြတ် ကုမ္ပဏီက ပို့ခဲ့ကြောင်း၊ ပြဿနာ ဖြစ်ပွားပြီးနောက် ၈ ဦးမှာ ဆက်လက် အလုပ်လုပ်၍ အဆင်ပြေကြောင်း လက်မှတ်ရေးထိုးပြီး ကျန်ရစ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

ဓားဒဏ်ရာရသွားသူ မသိန်းမေ၏ မောင်ဖြစ်သူအတွက် နစ်နာကြေး ရရှိရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။

MoU လုပ်ငန်းစဉ်ဖြင့် နိုင်ငံခြား တိုင်းပြည်များတွင် အလုပ်လုပ်ကြသူများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံရှိ အလုပ်သမား အရေး ကူညီ လုပ်ဆောင်ပေးနေသော ဦးကျော်သောင်းက အဆိုပါ စနစ်သည် တရားဝင် လူကုန်ကူးမှု တမျိုးဖြစ်နေကြောင်း ပြောသည်။

“MoU ဆိုတာကြီးကြောင့် ဒီမှာ ရောက်လာတဲ့ မြန်မာအလုပ်သမားတွေ ဒုက္ခရောက်နေတယ်” ဟု သူက ဆိုသည်။

အဆိုပါ MoU ဖြင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ လုပ်ငန်းခွင်ထဲတွင် မျက်လုံးကန်းသူ၊ လက်ကျိုးသူများ ရှိကြောင်း၊ စာချုပ်အရ လူတဦးလျှင် ဗီဇာကြေး ဘတ် ၁ သောင်း သတ်မှတ်ထားသော်လည်း ဘတ် ၂ သောင်း ပေးကြရကြောင်း၊ ထို့အပြင် နားမလည်သည့် ခေါင်းစဉ်များဖြင့်လည်း တလ ၄ထောင်၊ ၆ ထောင်စီ အမည် အမျိုးမျိုးပြ၍ ဖြတ်ယူနေသေးကြောင်း၊ တနေ့ လုပ်အားခ ဘတ် ၃၀၀ ပေးမည်ဆိုသော်လည်း လက်တွေ့တွင် ဘတ် ၆၀ သာပေး၍ လုပ်အားခ ခေါင်းပုံဖြတ်ခြင်းကို ဦးဆောင်ပြောခဲ့သူ အလုပ်သမား ၆ ဦးလည်း မကြာသေးမီက မြဝတီမြို့သို့ ပြန်လည် ပို့ဆောင်ခံရကြောင်း ဦးကျော်သောင်းက ပြောသည်။

Loading