ဖက်ဒရယ် ပြည်ထောင်စုစနစ် ပေါ်ပေါက်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် လာရှိုးမြို့တွင် ကျင်းပသော “ငြိမ်းချမ်းရေးအတွက် ယုံကြည်တည်ဆောက်မှု ဆွေးနွေးပွဲ (ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်)” တွင် ထည့်သွင်းဆွေးနွေးကြကြောင်း သိရသည်။
မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသော ယင်းအစည်းအဝေးသို့ တက်ရောက်သည့် အပစ်အခတ် ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် တိုင်းရင်းသားပါတီများက ၂၀၀၈ ဖွဲ့စည်းပုံ အခြေံ ဥပဒေကို ပြင်ဆင်ရေးဆွဲရန်နှင့် ပင်လုံစိတ်ဓာတ်ကို အခြေခံသည့် ညီလာခံ တရပ်ဖြစ်လာစေရန် ကြိုးစားသွားကြမည်ဟု ပြောဆိုကြသည်။
ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မလား၊ အားလုံးဖျက်ပစ်ပြီး အသစ်ပြန်ရေးဆွဲမလား ဆိုတာ ပြည်သူထူထု တရပ်လုံးရဲ့ သဘောတူ ထောက်ခံမှုနဲ့ ဆောင်ရွက်ရမှာပါ။ ပြင်ဆင်မလား၊ အသစ်ပြန်ဆွဲမလား၊ ပြင်ဆင်စရာတွေက များလွန်းတော့ စာအုပ်အဖုံးက စပြီး ပြင်ရမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ကိုးကန့် ဒီမိုကရက်တစ်ပါတီမှ တက်ရောက်သည့် ကိုယ်စားလှယ် ဦးအန်တိုနီစူကလည်း “တိုင်းရင်းသားတွေအတွက် အခြေခံအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အဓိက ပြင်ဆင်ပေးသင့်ပါတယ်။ ပြင်နေရင် ကြာနေဦးမယ်။ အသစ်သာ ပြင်ရေးဖို့၊ တိုင်းရင်းသားတွေ လက်ခံနိုင်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်ပေါ့” ဟု ပြောသည်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်က မိန့်ခွန်းပြောကြားရာ၌ တိုင်းရင်းသားများ တန်းတူ အခွင့်အရေးရရန် ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း၊ သို့မှသာ တိုင်းရင်းသား အားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်ကို ရရှိမည်ဖြစ်ကြောင်း၊ တပ်မတော်ကိုလည်း အစိုးရလက်အောက်တွင် ထားရန်လိုပြီး တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုသည့် ပြည်ထောင်စု တပ်မတော်ကို ပြောင်းလဲဖွဲ့စည်းရန်လိုကြောင်း၊ သို့မှသာ ဗိုလ်ကျစိုးမိုးမှု မရှိတော့ဘဲ တဦးကိုတဦး အပြန်အလှန် လေးစားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။
တရားဥပဒေ စိုးမိုးမှု မရှိလျှင် ငြိမ်းချမ်းရေး ယုံကြည်မှုကို တည်ဆောက်ရန် မဖြစ်နိုင်ကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး ကိစ္စ၊ ဖက်ဒရယ် ပြည်ထောင်စု ကိစ္စများတွင် အတုအယောင် မဖြစ်ရန် အရေးကြီးကြောင်း ယင်းဆွေးနွေးပွဲသို့ တက်ရောက်သည့် တိုင်းရင်းသားများက ပြောသည်။
ယုံကြည်မှု တည်ဆောက်ခြင်း ပထမအဆင့်ကို ၂၀၁၂ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှမ်း နိုင်ငံရေးပါတီများ၊ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၊ လှုမှုအဖွဲ့အစည်းများကို ဖိတ်ကြားခဲ့သည်။ ယခု ဒုတိယ အဆင့်တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့ ၂၁ ဖွဲ့ နှင့် လေ့လာသူအနေဖြင့် အဖွဲ့ ၁၈ ဖွဲ့ကို ဖိတ်ကြားခဲ့ကြောင်း၊ ဖိတ်ကြားထားသည့်အနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဗဟိုအဖွဲ့ချုပ်နှင့် “ဝ” ဒီမိုကရက်တစ်ပါတီတို့ မတက်ရောက်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ထောင်စုအတွင်းရှိ တခြား တိုင်းရင်းသား နိုင်ငံရေး အင်အားစုများကို ဖိတ်ခေါ်ကာ မြန်မာနိုင်ငံတွင် ထာဝရ ငြိမ်းချမ်းရေး အမှန်တကယ် ရရှိရန် ဆောက်ရွက်မည်ဟုလည်း သိရှိရသည်။
ဦးခွန်ထွန်းဦးက “ကျနော်ထင်တာကတော့ အခုဆိုရင် ရှမ်း၊ ကယားပြည်နယ် ပြီးရင် မွန်ပြည်နယ်တို့ အခြား တိုင်းရင်းသားတွေ ပါလာမယ်လို့တော့ ထင်ပါတယ်။ မိုးတွင်း မတိုင်ခင်တော့ ထပ်လုပ်ဖြစ်ဖို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။
တန်းတူ ရည်တူရှိပြီး ကိုယ်ပိုင်ပြဌာန်း ခွင့်ရှိသော ပြည်ထောင်စု စစ်စစ် (ဖက်ဒရယ်ပြည်ထောင်စု) တည်ဆောက်ရေး၊ တိုင်းရင်းသား လူမျိုးစု နယ်မြေဒေသများအတွင်း အစိုးရဖက်မှ စစ်အင်အား တိုးချဲ့မှုများနှင့် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းသည် အပစ်အခတ် ရပ်စဲထားသော အခြေအနေများကို ထိခိုက်စေမည် ဖြစ်သောကြောင့် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းလမ်းအားဖြင့်သာ တွေ့ဆုံဆွေးနွေး အဖြေရှာသင့်ကြောင်း၊ ပြည်သူလူထု တရပ်လုံး၏ ဆန္ဒနှင့်အညီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တရပ် ရေးဆွဲရန် ပင်လုံစိတ်ဓာတ် အခြေခံသော ညီလာခံကြီး တရပ် ကျင်းပသွားရမည်ဖြစ်ကြောင်း “ငြိမ်းချမ်းရေးအတွက် ယုံကြည်တည်ဆောက်မှု ဆွေးနွေးပွဲ (ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်)” ဖြစ်မြောက်ရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက် ပျက်ပြားစေသော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပွားစေရန် ဖန်တီး လှုံ့ဆော်သော မည်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမဆို ပြင်းထန်းစွာ ရှုတ်ချကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းထားသည်။