သတင်း

မြန်မာနိုင်ငံသား ၂၉ ဦး ရောင်းစားခံရ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ တောင်ပိုင်း တရန်း(Trang)မြို့နယ်ရှိ ကန်တန် (Kantang) လှေဆိပ်တွင် ရေလုပ်သားအဖြစ် ရောင်းစားခံထားရသည့် မြန်မာ နိုင်ငံသား ၂၉ ဦးကို ထိုင်း အာဏာပိုင်းများက မကြာသေးခင်ရက်ပိုင်းက သွားရောက်ကယ်ခဲ့သည်။

ရောင်းစားခံထားရသူများ တိုင်ကြားချက်အရ မတ် ၁၀ ရက်၊ ၂၂ ၊ ၂၃ ရက်နေ့များတွင် ထိုင်းနိုင်ငံ အထူးစုံစမ်း စစ်ဆေး ရေးဌာန (DSI)၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT)၊ မြန်မာ အစိုးရ အလုပ် သမားဝန် ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးနိုင်ထွန်း၊ ထိုင်းနိုင်ငံ တောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေး ရှင်း (FED)တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့ကြောင်း MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်းက ဧရာဝတီသို့ ပြောသည်။

မတ်လ ၁၀ ရက်နေ့တွင် ၁၅ဦး၊ ၂၂ ရက်နေ့တွင် ၁၁ ဦးနှင့် ၂၃ ရက်နေ့ တွင် ၃ ဦး စုစုပေါင်း ၂၉ ဦးတို့ကို ကယ်တင်ခဲ့ပြီး ယင်း မြန်မာ နိုင်ငံသား ၂၉ ဦးနှင့် ဆက်စပ်၍ လူကုန်ကူးမှုနှင့် ပတ်သက်သူ မြန်မာနိုင်ငံသား ၁ဦးကိုလည်း ထိုင်း အာဏာပိုင်များက ဖမ်းဆီးထားပြီး ပြန်လည် လွတ်မြောက်လာသူများကို လတ်တလော ကန်တန် ရဲစခန်းတွင် ထိန်းသိမ်း စောင့်ရှောက်ထားကာ မြန်မာ နိုင်ငံသို့ ပြန်လည်ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုင်း အာဏာပိုင်များ အနေနှင့် ပြန်လည် လွတ်မြောက် လာသူ တချို့တို့ကို ထိုင်း-မြန်မာနယ်စပ်သို့ ပြန်ပို့မည့် နေရက်ကို မသိရှိရ သေးသော်လည်း မကြာမီ ပြန်ပို့မည်ဟု ယူဆရကြောင်း ဦးကျော်သောင်းက ဆက်ပြောသည်။

ယင်း မြန်မာနိုင်ငံသား တချို့မှာ ထိုင်းနိုင်ငံရှိ ကြက်သား အလုပ်ရုံတခုတွင် အလုပ်ရမည် ဆိုသောကြောင့် မကွေးတိုင်း မင်းဘူးမြို့ နယ်မှ ပွဲစားများနှင့် ဆက်သွယ် ရောက်ရှိလာကြပြီး ယင်းသို့ ရောင်းစားခံရခြင်း ဖြစ်ကြောင်း သိရသည်။

“ကြက်သားအလုပ်ရုံမှာ တစ်လ ဘတ်ငွေ ၁၀၀၀၀ ရမယ်ဆိုပြီးတော့ ခေါ်လာတာ နောက်ဆုံးတော့ လှေဆိပ်မှာ သွားရောင်းစားခံရ တာ”ဟု ပြန်လည် လွတ်မြောက်လာသူများ၏ ပြောကြားချက်ကို ကိုးကား၍ ဦးကျော်သောင်းက ဆိုသည်။

ရောင်းစားခံရသူများထဲတွင် အသက် ၁၆ နှစ်နှင့် ၁၈ နှစ် အရွယ် ၃ ဦး အပါအဝင် အသက် ၂၀ ကျော် အရွယ်များ ဖြစ်ပြီး မကွေး တိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များမှ လာရောက်ကြသူများလည်း ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာ လဆန်းပိုင်းက ထိုင်းနိုင်ငံ တောင်ပိုင်း ချွန်ဘူရီမြို့နယ်ရှိ အချောင် လှေဆိပ်တွင် ရေလုပ်သား အဖြစ် ရောင်းစား ခံထားရသည့် မြန်မာ နိုင်ငံသား ၂၂ ဦးကိုလည်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ Anti-Human Traffic king Division (AHTD)နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ Myanmar Association Thailand (MAT)တို့ ပူးပေါင်း၍ သွားရောက် ကယ်တင်ခဲ့သေးသည်။

၂၀၁၂ ခု နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလ အတွင်း လူကုန်ကူးခံရသူ လူ ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးမှုနှင့် ပတ်သက်သူ ဟု ယူဆရသူ ၈ ဦးတို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ယခုလအထိ လူ ၅၀ ခန့်ကို ကယ်တင် ထားကြောင်း MAT အဖွဲ့က ပြောသည်။

ထိုင်းနိုင်ငံအတွင်း မြန်မာပြည်သား အချင်းချင်း ထိုင်း အလုပ်ရှင်များထံသို့ ရောင်းစားမှုများလည်း ရှိကြောင်း သတင်းများ အရ သိရ သည်။ သို့သော် မြန်မာပြည်သားအများစုက ပွဲစားများ အပါအဝင် နည်းလမ်း အမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းသို့ အဖမ်းအဆီးအစစ် အဆေးများကြားမှ နေ့စဉ်ကဲ့သို့ လာရောက် အလုပ်အကိုင် ရှာဖွေနေကြဆဲ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် မတ်လမှ စတင်၍ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေးဆိုင်ရာ ဆက်ဆံရေး ရုံးများကိုလည်း ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့နှင့် တာချီလိတ် မြို့တို့တွင် ဖွင့်လှစ်ထားပြီး တတိယမြောက်ရုံးကို ကရင်ပြည်နယ် မြဝတီ မြို့၌ ယခုနှစ် မကုန်ခင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း သိရသည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ အစိုးရ၏ ၂၀၁၁-၂၀၁၄ လုပ်ငန်းစီမံချက် သဘောတူညီချက်အရ ထိုရုံးများ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြခဲ့သည်။ ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေသော ရွှေ့ပြောင်း မြန်မာအလုပ် သမား ၂ သန်းခွဲမှ ၄ သန်း ဝန်းကျင်ရှိနိုင်ကြောင်း အလုပ်သမား အဖွဲ့အစည်းများက ခန့်မှန်းထားသည်။

Loading