သတင်း

ကရင်နီ မီးဘေးဒုက္ခသည်များ ပြန်လည် ထူထောင်ရေး အကူအညီ လိုအပ်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ခရိုင်ရှိ မီးလောင်ကျွမ်းခံခဲ့ရသော ကရင်နီဒုက္ခသည် စခန်းရှိ မီးဘေး ဒုက္ခသည်များအား ပြန်လည်နေရာချပေးရေးအတွက် နေအိမ်များဆောက်လုပ်ရန် အရေးပေါ် အကူအညီ များလိုအပ်နေကြောင်း သိရသည်။

ကရင်နီ မီးဘေးဒုက္ခသည်များကို လတ်တလော အခြေအနေအရ ရွက်ဖျင်တဲများဖြင့် နေချထားပေးပြီး ၎င်းတို့ ရေရှည် နေထိုင်ရေး အတွက် နေအိမ် အတည်တကျ ဆောက်လုပ်ပေးရန် အိမ်ဆောက် ပစ္စည်းများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

မတ်လ ၂၂ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်တွင် ကရင်နီဒုက္ခသည် စခန်းအမှတ် (၂) ရှိ ရပ်ကွက် (၁) နှင့် (၄) ရပ်ကွက်တို့ အား မီးလောင်ကျွမ်းရာ စုစုပေါင်း လူ ၃၆ ဦးသေဆုံးပြီး၊ နေအိမ် ၄၀၀ ဝန်းကျင်မီး လောင်ကျွမ်းသွားကြောင်း စခန်း တာဝန်ရှိသူများက ဧရာဝတီကို ပြောသည်။

“သေဆုံးသူတွေထဲမှာ အမျိုးသမီးက ၁၃ ဦး၊ ၁၈ နှစ်အောက် ကလေး ၁၅ ဦးလည်းပါတယ်။ တချို့ဆို ရင်မိသားစုလိုက် မီးထဲပါသွားတယ်၊ တချို့မိသားစုဆိုရင် တယောက်ပဲကျန်ခဲ့တဲ့ သူတွေလည်း ရှိတယ်” ဟု မီးဘေး ကယ်ဆယ်ရေး ယာယီကော်မတီမှ သတင်းနှင့် မှတ်တမ်း စုဆောင်းရေး တာဝန်ခံ ကိုစိုင်းစံက ပြောသည်။

ဒုက္ခသည်များအား ထိုင်း-မြန်မာနယ်စပ် ကယ်ဆယ်ရေး ညွန့် ပေါင်းအသင်း (TBBC) အပါအဝင် NGO အဖွဲ့များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့် ထိုင်းအာဏာပိုင်တို့က ကူညီ စောင့်ရှောက် ပေးထားကြောင်း၊ ဒုက္ခသည်များအား ပြန်လည်နေရာချထားရေး ကိစ္စများကိုမူ ထိုင်းအာဏာပိုင်များနှင့် ဆွေးနွေးနေဆဲ ဖြစ်ပြီး၊ အာဏာပိုင်တို့၏ ခွင့်ပြုပေးသည့် နေရာ၌သာ ပြန်လည် နေရာချထားပေးရမည် ဖြစ်ကြောင်းလည်း ကိုစိုင်းစံက ဆိုသည်။

ဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်ချက်များ ဖြစ်သော နေထိုင်စရာ ရွက်ဖျင်တဲများ၊ စောင်၊ အနွေးထည်များနှင့် စားသောက်ဖွယ်ရာ တချို့ကို UNHCR မှ ကူညီ ထောက်ပံ့ပေးနေကြောင်း၊ စခန်း အနီးရှိ ကွင်းပြင်များ၌ ရွက်ဖျင်တဲများ တည်ဆောက်၍ နေရာချထားပေးကြောင်း ဒုက္ခသည်များအား စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူ မအဲလီဇာက ပြောသည်။

မီးလောင်ကျွမ်းမှုသည် အမှတ် (၁) ရပ်ကွက်ရှိ နေအိမ်တခုမှ စတင်လောင်ကျွမ်းကာ ရပ်ကွက် (၄) သို့ပါ မီးကူးစက် လောင်ကျွမ်းသွားခြင်း ဖြစ်သည်။ ခြောက်သွေ့ချိန်ဖြစ်၍ မီးလောင်မှု မြန်ဆန်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူများသည် မီးလောင်မှုအတွင်း၌ လှောင်ပိတ်မိကာ သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။

“သေဆုံးသွားတဲ့ သူတွေက ဒယ်အိုးအဝိုင်းလို ကွင်းထဲ ရောက်နေတော့ ထွက်ပြေးကြပေမယ့် မီးတွေက ပတ်လည် ဝိုင်းနေတော့ ပိတ်မိပြီး သေသွားကြတယ်။ တချို့ဆိုလည်း တောင်ပေါ် တက်ပြေးကြပေမယ့် မလွတ်ဘဲ သေဆုံးသွားတွေလည်း ရှိတယ်” ဟု အမှတ် (၂) ရပ်ကွက်သူ မအဲလီဇာက ပြောသည်။

ကရင်နီ အမှတ် (၂) ဒုက္ခသည် စခန်း၌ လူဦးရေ စုစုပေါင်း ၃၄၅၈ ဦး ရှိကြောင်း TBBC ၏ စာရင်းအရ သိရသည်။ အမှတ် (၁) နှင့် အမှတ် (၄) ရပ်ကွက်တို့တွင် အိမ်ခြေစုစုပေါင်း ၄၁၀ ရှိပြီး ၃၉၂ အိမ် မီးလောင်ကျွမ်းသွားကြောင်း ကိုစိုင်းစံက ပြောသည်။ မီးလောင်ခံ ရပ်ကွက် နှစ်ခုပေါင်းမှ ဒုက္ခသည် ဦးရေ စုစုပေါင်း ၂၃၀၀ ကျော်ရှိကြောင်း သိရသည်။

ဒုက္ခသည်များအား ကူညီပေးလိုသည့် စေတနာရှင်များအတွက် အလှူခံဌာန တခုကို စခန်းအတွင်း၌ ဖွင့်လှစ်ထားသကဲ့သို့ ကရင်နီမီးဘေး ကယ်ဆယ်ရေးကော်မတီ (KNRC ) ဘဏ်အကောင့်ဖြင့်လည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ကိုစိုင်းစံက ပြောသည်။

မယ်ဟောင်ဆောင် ခရိုင်၌ အမှတ် (၁ ) ကရင်နီ ဒုက္ခသည်စခန်းနှင့် အမှတ် (၂) ဒုက္ခသည် ဟူ၍ စခန်း ၂ ခုရှိသည်။ မီးလောင်ကျွမ်းသွားသည့် အမှတ် (၂) စခန်းတွင် ရပ်ကွက် ၄ ခု ရှိပြီး စုစုပေါင်း လူဦး ရေ ၃ ထောင်ကျော် ရှိသည်။

အမှတ် (၁) ဒုက္ခသည် စခန်းတွင်မူ ရပ်ကွက် ၂၀ ခုနှင့် လူဦးရေ စုစုပေါင်း ၁ သောင်းကျော် (၁၃၀၀၀) ဝန်းကျင်ရှိကြောင်း စခန်း၏ ဒု ဥက္ကဋ္ဌ ဦးအောင်မောင်းက ဧရာဝတီကို ပြောသည်။

ထိုဒုက္ခသည်များသည် ကယားပြည်နယ် (ကရင်နီ) ဒေသမှ တိုင်းရင်းသားများဖြစ်ကာ ၁၉၈၈ ခုနှစ် အရေးအခင်းကြောင့် ထွက်ပြေးလာသူများနှင့် ၎င်းတို့ဒေသတွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေးလာကြကာ ထိုင်းအာဏာပိုင်တို့၏ ခွင့်ပြုချက်ဖြင့် ဒုက္ခသည် စခန်းတွင် အခြေချနေထိုင်နေကြခြင်း ဖြစ်သည်။

Loading